ရိုနယ်ဒို ရဲ့ စံချိန်ကို ဒိုင်ဘားလား က ၁ ရက်တည်းနဲ့ ရိုက်ချိုးပစ်လိုက်ပြီလား

ရိုးမား အသင်းရဲ့ တိုက်စစ်မှူးသစ် ပေါ်လို ဒိုင်ဘားလား ဟာ ခရစ္စတီယာနို ရိုနယ်ဒို တင်ရှိ ထားတဲ့ ဂျာစီ အရောင်းရဆုံး စံချိန်ကို ရောမကလပ် ကို ရောက်ရှိ အပြီး ၁ ရက် အကြာမှာပဲ ရိုက်ချိုး သွားခဲ့တယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။

အီတလီ အခြေစိုက် အားကစား သတင်းစာ တခုဖြစ်တဲ့ Corriere dello Sport ရဲ့ ဖော်ပြမှု အရ အာဂျင်တိုင်းသား ဟာ လက်ရှိ စီးရီးအေ ရဲ့ ဂျာစီရောင်းအား အကောင်းဆုံး ဘောလုံးသမား ဖြစ်လာခဲ့တယ်လို့ သိရ ပါတယ် ။

၇ နှစ်ကျော်ကြာအောင် ကစားခဲ့တဲ့ ယူဗင်တပ် အသင်းကနေ စာချုပ်ပြည့်လို့ လမ်းခွဲ ထွက်ခွာ လာခဲ့တဲ့ ဒိုင်ဘားလား ဟာ ကနဦးက အင်တာမီလန် အသင်းနဲ့ သတင်းထွက်ခဲ့ ပါတယ် ။

ဒါပေမယ့် လူကာကူ ကို ခေါ်ယူ အပြီးမှာတော့ အင်တာ ဟာ ဒိုင်ဘားလား ကို မကြိုးစားတော့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခြား အသင်းတွေ အတွက် လမ်းစပွင့်လာ ခဲ့ပါတယ် ။

နောက်ဆုံးမှာတော့ မော်ရင်ဟို ရဲ့ ရိုးမား အသင်းဟာ ဒိုင်ဘားလား ကို ၃ နှစ် စာချုပ်နဲ့ ခေါ်ယူ သွားခဲ့ ပါတော့တယ် ။

ဒိုင်ဘားလား ရောက်ရှိလာမှု ဟာ ရောမကလပ် ပရိသတ်တွေ အတွက် အလွန်ဝမ်းမြောက်စရာ သတင်းကောင်း တခု ဖြစ်ခဲ့ပြီး အဆိုပါ ဝမ်းမြောက်မှုဟာ ဂျာစီ အမှာတွေ လက်မလည်အောင် ဖြစ်တဲ့ အထိ အကျိုး သက်ရောက်စေခဲ့ ပါတယ် ။

Corriere dello Sport ရဲ့ ဖော်ပြချက် အရ ဒိုင်ဘားလား ရဲ့ နံပါတ် ၂၁ ဂျာစီ ကို မှာယူမှု ဟာ ၂၀၁၈ တုန်းက ခရစ္စတီယာနို ရိုနယ်ဒို ယူဗင်တပ် အသင်းကို ရောက်ရှိ လာချိန်တုန်းက မှာယူတဲ့ ဂျာစီအရေ အတွက်ကို ကျော်လွန် သွားခဲ့တယ်လို့ ဖော်ပြလာခဲ့ ပါတယ် ။

ဒါပေမယ့် အခုချိန်ထိ တရားဝင် အချက်အလက်တွေ မထွက်ပေါ်လာ သေးတာကြောင့် တိတိကျကျ သိရဖို့ ကိုတော့ ရက်အနည်းငယ် စောင့်ဆိုင်းရဖွယ် ရှိနေပါတယ် ။

ဒိုင်ဘားလား ရောက်လာမှုဟာ ရိုးမား အသင်းအတွက် ဂုဏ်ယူစရာ ကိစ္စ တခု ဖြစ်စေခဲ့ပြီး အသင်းရဲ့ ဂန္ထဝင် ကစားသမားကြီး တော့တီ တောင်မှ သူ့ရဲ့ ကျောနံပါတ် ၁၀ ကို ကမ်းလှမ်းခဲ့ ပါတယ် ။

ဒါပေမယ့် ဒိုင်ဘားလား ကတော့ နံပါတ် ၁၀ ကို ငြင်းခဲ့ပြီး နံပါတ် ၂၁ ကိုသာ ရွေးချယ် သွားခဲ့သလို ဘာကြောင့် ဒီနံပါတ် ကို ရွေးချယ်ခဲ့တာလဲ ဆိုတာကိုပါ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

“ရိုးမား အထွေထွေ မန်နေဂျာနဲ့ စကားပြောတုန်းက ကျောနံပါတ် ၁၀ ကို ကျွန်တော် ဆန္ဒ ရှိရင် ဝတ်လို့ ရနိုင်ကြောင်း သူက ပြောခဲ့ပါတယ် ။ ဒီနံပါတ် ဟာ ဒီမှာ အရမ်းထူးခြားတဲ့ နံပါတ် တခုပါ ။ ဒီအသင်းနဲ့ ဖရန်စစ္စကို ( တော့တီ ) စွမ်းဆောင်ပေးခဲ့ တာတွေကြောင့်ပေါ့”

“သူ ဒီ ကလပ် အတွက် လုပ်ပေးခဲ့တာတွေ ၊ ဒီမြို့ကြီး အတွက် ကိုယ်စားပြုပေးခဲ့တာတွေ အတွက် ဒီနံပါတ် ဟာ သူနဲ့ပဲ ဆက်ပြီး သက်ဆိုင် နေသင့်တယ်လို့ ကျွန်တော် တွေးခဲ့ပါတယ် ။ ဒီလို နံပါတ်မျိုးကို ကမ်းလှမ်းခဲ့တာ က ကျွန်တော့ အပေါ် ဘယ်လောက် လေးစားမှု ရှိလဲဆိုတာ ပြသနေတာပါပဲ ။ ကျွန်တော့ ဘက်ကလည်း အများကြီး တာဝန်ယူဖို့ လိုအပ်မှာပါ”

“ကျွန်တော် ကတော့ နံပါတ် ၁၀ ဟာ ဖရန်စစ္စကို ရဲ့ ဂျာစီလိုပဲ မှတ်ယူထားဆဲ ပါပဲ ။ တနေ့နေ့ တော့ ဒီနံပါတ် ကို ကျွန်တော် ဝတ်ချင် ဝတ်ဖြစ်မှာပါ ။ ဒါပေမယ့် အခုလောလောဆယ်တော့ နံပါတ် ၂၁ ကိုပဲ ပျော်ပျော်ကြီး ဝတ်ပါဦးမယ် ။ ဒီနံပါတ် ဟာ ကျွန်တော့ရဲ့ အောင်မြင်မှုတွေ အစပြုချိန်မှာ အတူ ရှိနေခဲ့တဲ့ နံပါတ်ပါ” လို့ ဒိုင်ဘားလား က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး တိုရီနို နဲ့ ယူဗင်တပ် တိုက်စစ်မှူးဟောင်းက မော်ရင်ဟို ဟာ ရိုးမား ကို သူရွေးချယ် ခဲ့ရတဲ့ အဓိက အကြောင်းအရင်း တခု ဖြစ်ပြီး မော်ရင်ဟို လို ထိပ်တန်း နည်းပြမျိုးနဲ့ အတူ လက်တွဲ အလုပ်လုပ်ရမယ့် အခွင့်အရေး အပေါ် စိတ်ဝင်စားမိ ပါတယ်လို့လည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR