ရာသီ အကြို ပြင်ဆင်မှုတွေကို ဒီကနေ့မှာ စတင်လုပ်ဆောင်မယ့် လီဗာပူး

လီဗာပူး ဟာ ရာသီ အကြိုပြင်ဆင်မှုတွေ ကို ဒီကနေ့မှာပဲ AXA လေ့ကျင့်ရေး စင်တာမှာ စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ သို့သော် ကနဦး အနေနဲ့ ကစားသမားပေါင်း 19 ယောက်ပဲ ရောက်ရှိလာမှာ ဖြစ်ပြီး ၊ နိုင်ငံ့ လက်ရွေးစင် အသင်းတွေမှာ ဆက်ပြီး ကစားပေးခဲ့ရတဲ့ စီနီယာ ကစားသမား 11 ယောက် ကတော့ ဒီကနေ့မှာ ပူးပေါင်းနိုင်ခြင်း ရှိမှာ မဟုတ်ပါဘူး။

အဲဒီ ကစားသမားတွေဟာ ကလပ် ဘောလုံးရာသီ ကုန်ဆုံးသွားသည့်တိုင်အောင် လက်ရွေးစင် အသင်းတွေ အတွက် ဆက်လက် ကစားပေးရတာ ဖြစ်လို့ ၊ လီဗာပူး က နောက်ထပ် တစ်ပတ် ပိုပြီး အားလပ်ရက် ခွင့်ပြု ပေးထားပါတယ်။

အသင်းကို ရောက်ရှိလာမယ့် ကစားသမားတွေထဲမှာတော့ အသစ် ခေါ်ယူထားတဲ့ ဖေဘီယို ကာဗယ်ဟို ၊ ကယ်ဗင် ရမ်ဆေး တို့လို ချာတိတ်တွေလဲ ပါဝင်နေပါတယ်။

ဒီနေ့မှာ ရောက်ရှိလာမယ့် ကစားသမား စာရင်း အပြည့်အစုံ – အန်ဒရီယန် ၊ ဘန် ဒေးဗီးလ် ၊ လူးဝစ် ဒီယက်ဇ် ၊ ဟာဗေး အယ်လီယော့ ၊ ဖာမီနို ၊ ဂိုးမက်ဇ် ၊ ဟန်ဒါဆင် ၊ ကယ်လာဟာ ၊ ကိုနာတေး ၊ မာတစ် ၊ မေလ်နာ ၊ ချန်ဘာလိန် ၊ ဖီးဖစ် ၊ တီယာဂို ၊ နီကိုး ဝီလီယံ ၊ ရီးစ် ဝီလီယံ နဲ့ ဗန်ဒန်ဘာ့ချ် တို့ ဖြစ်ပါတယ်။

လက်ထောက် နည်းပြကြီး ပက် လင်ဒါဟာ ဟာ ပြီးခဲ့တဲ့ အပတ် ကတည်းက အသင်းကို ကြိုတင် ရောက်ရှိလာခဲ့ပြီး ၊ ရာသီ အကြို ပြင်ဆင်မှုတွေမှာ ပူးပေါင်း ပါဝင်ရမယ့် လူငယ် ကစားသမား စာရင်းကို ပြုစုနေတယ်လို့ နားလည်ရပါတယ်။ ကနဦး ထွက်ပေါ် ထားတဲ့ သတင်းတွေ အရ စပိန် လူငယ် ခံစစ်မှုးလေး စတက်ဖန် ဘာစီတစ်ဂျ် ၊ နယူးကာဆယ် က ပြောင်းရွှေ့ လာတဲ့ ကွင်းလယ် ချာတိတ်လေး ဘော်ဘီ ကလပ်ခ် တို့ဟာ ရာသီအကြို ခြေစမ်းပွဲ ခရီးစဉ် ကို လိုက်ပါခွင့် ရရှိဖို့ သေချာနေတယ်လို့ သိရပါတယ်။

နောက်ထပ် ဘယ်ချာတိတ်တွေကို ထပ်ပြီး ခေါ်ယူသွားဦးမလဲ ဆိုတာတော့ မသိရသေးပါဘူး။

စီနီယာ ကစားသမားတွေထဲက လက်ရှိမှာ အားလပ်ရက် ခရီး ထွက်နေတဲ့ အရေအတွက် စုစုပေါင်း က 11 ယောက် ရှိနေဆဲပါ။ အဲဒီ ကစားသမားတွေ ကတော့ အလီဆွန် ၊ ဗန်ဒိုက် ၊ အန်ဒီ ရော်ဘတ်ဆန် ၊ အာနိုး ၊ စီမီကတ် ၊ ဖာဘင်ဟို ၊ ကီတာ ၊ ကာတစ် ဂျုံး ၊ ဆာလာ ၊ ဂျော်တာ နဲ့ ဒါဝင် နူညက် တို့ ဖြစ်ပါတယ်။

သူတို့ဟာ လာမယ့် သောကြာနေ့ ဇူလိုင် 9 ရက်နေ့ အထိ အသင်းဆီ ရောက်ရှိလာမှာ မဟုတ်ပဲ ၊ တနင်္လာနေ့ ရောက်မှသာ စုံစုံလင်လင် မြင်တွေ့ရဖွယ် ရှိနေပါတယ်။

လီဗာပူး ဟာ မဟာပြိုင်ဘက်ကြီး ယူနိုက်တက် နဲ့ ဘန်ကောက် က ရာဇမင်္ဂလာ ကွင်းကြီးထဲမှာ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားတာက ဇူလိုင်လ 12 ရက်နေ့ ဖြစ်နေတာမို့ ၊ နောက်မှ လာရောက် ပူးပေါင်းကြမယ့် စီနီယာ ကစားသမားကြီးတွေဟာ အဲဒီပွဲစဉ်ကို လွဲချော်ဖို့ သေချာနေပါတယ်။

ဒါကြောင့်မို့ ဇူလိုင်လ 15 ရက် ၊ စင်္ကာပူ မှာ ကစားမယ့် ပဲလေ့ နဲ့ ပွဲစဉ် ရောက်မှပဲ လူစုံ တက်စုံ ပါဝင် ကစားပေးနိုင်မှာပါ။

အဲဒီပွဲစဉ်ပြီးတာ နဲ့ လီဗာပူး ဟာ ဂျာမဏီ နဲ့ သြစတီးယား နိုင်ငံတွေ ကို ခရီးဆက်မှာ ဖြစ်ပြီး Red Bull ပိုင် ကလပ်တွေ ဖြစ်တဲ့ လိုက်ပ်ဇစ် ၊ ဆဲလ်ဘု အသင်းတွေ နဲ့ ခြေစမ်းပွဲ ကစားဖို့ အသီးသီး စီစဉ်ထားပါတယ်။

SM