ရာဖင်ဟာ ၊ ကွန်းဒေး အပြောင်းအရွှေ့တွေမှာ အကြီးအကျယ် အနှောင့်အယှက် ပြုထားတဲ့ ဘာစီလိုနာကို ပညာပြန်ပေးဖို့ စဉ်းစားနေတဲ့ တူချယ်

မနေ့ညပိုင်းက The Telegraph သတင်းဌာနမှ ဂျာနယ်လစ် မတ်လောရဲ့ အဆို အရ ချဲလ်ဆီး အသင်းဟာ ဆီဗီးလား အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ဗဟို ခံစစ်မှူး ဂျူးလ်စ်ကွန်းဒေးကို ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်းနဲ့ ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ် ။

ချဲလ်ဆီးဟာ ကွန်းဒေးကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာကတည်းက ချိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့် ၊ တနှစ်ကြာမှ ကစားသမား အတွက် ကလပ် ၂သင်း အကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး ဟာ ဘရာဇီး တောင်ပံ ကစားသမား ရာဖင်ဟာရဲ့ အပြောင်းအရွှေ့ကဲ့သို့ပင် ယခုတကြိမ်မှာလည်း ဘာစီလိုနာ အသင်းနဲ့ အပြိုင် လွန်ဆွဲခဲ့ရပြီး ၊ ပြောင်းရွှေ့ကြေး ၊ လစာ ပမာဏတွေကို ယင်းကတ်တလန်ကလပ်ဖက်မှ မလိုက်လျောနိုင်ခဲ့တာကြောင့် ၊ ချဲလ်ဆီးတို့ ကွန်းဒေးကို ခေါ်ယူဖို့ လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။

တဖက်မှာ ဒီအပြောင်းအရွှေ့ရဲ့ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ စပိန် လက်ရွေးစင် ဝါရင့် နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာရဲ့ အနာဂတ် က ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ် ။ ဘာစီလိုနာ ဟာ ယင်းချဲလ်ဆီး ဂန္တဝင်ကို ပြောင်းရွှေ့ကြေး တပြားတချပ်မှ မပေးလိုပဲ အချောင်နှိုက်ဖို့ စဉ်းစားနေတာကို ယခင်က အင်္ဂလိပ် မီဒီယာများက ဖော်ပြခဲ့ကြဖူးပါတယ် ။

ဒီအတွက်ကြောင့် ရာဖင်ဟာ ၊ ကွန်းဒေး ကိစ္စတွေမှာ ၂ကြိမ်တိုင်တိုင် ဒုက္ခပေးခံခဲ့ရတဲ့ ချဲလ်ဆီး အသင်းနဲ့ နည်းပြ သောမတ်စ် တူချယ်တို့ဟာ ဘာစီလိုနာကို ပညာ ပြန်ပေးချင်နေပြီး ၊ ၄င်းတို့ အသည်းအသန် အလိုရှိနေတဲ့ အက်ဇ်ပီလီကွီတာကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး မရပဲ အလကား လက်လွှတ်မှာ မဟုတ်ဘူးလို့ နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ၄င်းရဲ့ ကိုယ်ပိုင် YouTube ချန်နယ်မှ တဆင့် အတည်ပြုခဲ့ပါတယ် ။

မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာလည်း တူချယ် က ကွန်းဒေး ကိစ္စမှာပါ ဝင်ရှုပ်ခဲ့တဲ့ ဘာစီလိုနာကို နည်းနည်း အမြင်ကတ်ခဲ့ကြောင်း ဝန်ခံရင်း ၊ အက်ဇ်ပီလီကွီတာကိုလည်း လွယ်လွယ်နဲ့ ရမှာ မဟုတ်တဲ့အကြောင်း အခုလိုပဲ သတိပေးစကား ဆိုခဲ့ပါတယ် ။

တူချယ် က ” ဒီမေးခွန်းက ဖြေရခက်ပါတယ် ။ ဘာလို့လဲဆိုတော့ အက်ဇ်ပီ ဖြစ်ချင်တဲ့အတိုင်း ကျွန်တော့ဖက်က လိုက်လျောပေးဖို့ မသေချာလို့ပါ ။ တချို့သော အချိုးအကွေ့မှာ ကျွန်တော်တို့ဟာ ကိုယ်ဖြစ်ချင်တာကို အဓိက ဦးစားပေးတတ်ကြပါတယ် ။ ကျွန်တော်တို့ဟာ အက်ဇ်ပီနဲ့ သက်တူရွယ်တူလောက် ဖြစ်နေတဲ့ ကာလီဒူ ( ကူလီဘာလီ ) ကို ခေါ်ယူနိုင်ဖို့ ဘယ်လောက်အထိ ကြိုးစား တိုက်ပွဲဝင်ခဲ့ရတယ် ဆိုတာကို နှိုင်းယှဉ်ပြနေတာပါ ။ ”

” သူဟာ နာပိုလီ အတွက် အမှန်တကယ် အရေးကြီးတဲ့ ကစားသမား တယောက် ဖြစ်ခဲ့ပြီး ၊ လောလောဆယ် ကျွန်တော်တို့မှာ အတွေ့အကြုံ ရင့်ကျက်တဲ့ ၊ စပိန် လက်ရွေးစင် အဆင့် ဖြစ်တဲ့ ကလပ် အသင်းခေါင်းဆောင် ရှိနေပါတယ် ။ ကျွန်တော်ဟာ သူတို့ ၂ဦးလုံးရဲ့ အရေးပါမှုကို တတန်းတည်းထားပေမယ့် ၊ ဘာစီလိုနာကတော့ ဒီလို မမြင်နေပါဘူး ။ ”

” အက်ဇ်ပီ ဟာ ကျွန်တော်တို့ အတွက် ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်တာကြောင့် ၊ ကျွန်တော့ အနေနဲ့ သူ လိုချင်တာ ဖြည့်ဆည်းပေးဖို့ မသေချာဘူးလို့ ပြောရတာပါ ။ ကျွန်တော်တို့ဟာ တခြား ကလပ်တွေ အကြောင်း အများကြီး မစဉ်းစားတတ်ပါဘူး ။ ”

” ကျွန်တော်တို့ဟာ ကိုယ့်အသင်း အပေါ်မှာသာ အာရုံအပြည့် စိုက်ထားပြီး ၊ ကိုယ်ဘာကို အလိုရှိလဲဆိုတာပဲ ကြည့်တတ်ပါတယ် ။ ဒီအတိုင်း ကျွန်တော် အက်ဇ်ပီကို ပြောခဲ့တာ ဖြစ်ပြီး ၊ အကြောင်းအရာ တထပ်တည်းကို ကျွန်တော် ခင်ဗျားတို့ကို ထပ်ပြီး ပြောပြနေတာပါ ။ သူ့ကို ကျွန်တော် ကစားသမား ဘဝ ၊ ပုဂ္ဂိုလ်ရေး ရှုထောင့် အရ ဘယ်လို နားလည်ထားလဲ ဆိုတာကိုပေါ့ ။ ”

” သူ ဒါကို မနှစ်သက်ပေမယ့် ၊ ကျွန်တော့ဖက်က နားလည်ပေးပါတယ် ။ သူ့အတွက်လည်း လက်ရှိ အခြေအနေ က ခက်ခဲပါတယ် ။ ဘာလို့လဲဆိုတော့ တခြား ကလပ် တသင်းက သူ့ကို အရိပ်တကြည့်ကြည့်နဲ့ လာပြီး ချိတ်ဆက်နေတာကြောင့်ပါ ။ စက်တင်ဘာ ၁ရက်နေ့ အရာရာ အားလုံး အတည်တကျ ဖြစ်သွားတဲ့အခါ ၊ သူလည်း အမြင့်ဆုံး ခြေစွမ်းနဲ့ ကစားနိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR