ယာဂန်ကလော့ထံကနေ သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်နေဂျာရဲ့ အမည်ကို ထုတ်ဖော်လိုက်တဲ့ ပက်လင်ဒါ

လီဗာပူး လက်ထောက်နည်းပြ ဖြစ်တဲ့ ပက်လင်ဒါက အာဆင်နယ် မန်နေဂျာ မီခေးအာတီတာဟာ သူ့ကို ယာဂန်ကလော့ ထံကနေ ဆွဲထုတ်ကာ အာဆင်နယ်ကို ပြောင်းရွေ့လာအောင် စည်းရုံးမှု လုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ ပါတယ်။ အာတီတာဟာ သူ့ရဲ့ မန်နေဂျာ ခရီးလမ်းကို မန်ချက်စတာစီးတီးမှာ ပက်ဂွာဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ် ကနေ စတင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက် အာတီတာဟာ အာဆင်၀င်းဂါးရဲ့ နောက်ပိုင်းနှစ်တွေမှာ သူ အသင်းခေါင်းဆောင် အဖြစ် တာ၀န်ယူခဲ့တဲ့ အာဆင်နယ် အသင်းကို ၂၀၁၉ ခုနှစ်မှာ ပြောင်းရွေ့ကာ နည်းပြချုပ် အဖြစ် ပထမဦးဆုံး ခြေလှမ်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အူနိုင်းအမ်မရီရဲ့ နေရာကို ဆက်ခံခဲ့တဲ့ အချိန်မှာ အာတီတာဟာ သူ့ရဲ့ backroom team ကို စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်မှာ ပက်လင်ဒါကို သူနဲ့ အတူ လက်တွဲရန် စည်းရုံးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

အာတီတာ နဲ့ လင်ဒါ တို့ဟာ UEFA ရဲ့ နည်းပြလိုင်စင် သင်တန်းကို တက်ရောက်ရင်းနဲ့ သိကျွမ်းခဲ့တာ ဖြစ်ပါတယ်။

လင်ဒါက “မီခေးအာတီတာဟာ အာဆင်နယ်မှာ သူ့ရဲ့ ပထမဦးဆုံး management ကို စတင်သွားဖို့ အတွက် ပြင်ဆင်မှုတွေ လုပ်နေတဲ့ အချိန်မှာ သူ့ရဲ့ လက်ထောက် မန်နေဂျာ လုပ်ပေးနိုင်မလား ဆိုပြီး ကျွန်တော့်ကို မေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ယူအီးအက်အေရဲ့ Pro Licence course ကို တက်ရောက်ခဲ့တဲ့ အချိန်တုန်းက သိကျွမ်းမှု ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ တောင်းဆိုမှုက တအားကို ရုတ်တရက်ဆန်ခဲ့ပါတယ်။

မီခေးက ‘ခင်ဗျား မလာခင်က လီဗာပူး နဲ့ ခင်ဗျား ရောက်လာပြီးနောက် လီဗာပူးကြား ခြားနားမှုတွေ ရှိခဲ့တယ်’ လို့ သူခံစားမိကြောင်း ပြောခဲ့ပါတယ်။ ဒါဟာ တစ်စုံတစ်ယောက် ဆီက ကျွန်တော် ရရှိခဲ့တဲ့ အကြီးမားဆုံး ချီးကျူးမှု တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော် သူ့ကို ယဉ်ကျေးစွာနဲ့ပဲ no လို့ ပြန်ပြောခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လင်ဒါဟာ ပေါ်တိုမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးနောက် ၂၀၁၄ မှာ ဘရန်ဒန်ရော်ဂျာ ကိုင်တွယ်နေတဲ့ လီဗာပူးကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာတုန်းက first-team coach အဖြစ် တာ၀န်ယူခဲ့ရပေမယ့်လည်း ကလော့ရဲ့ လက်ထောက် ဖြစ်တဲ့ ဘူဗက် ထွက်သွားခဲ့တဲ့ အချိန်မှာ ပီတာခရာဝီရက် နဲ့ အတူ လီဗာပူးရဲ့ လက်ထောက် မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ နယ်သာလန် နည်းပြဟာ ၂၀၁၈ ဇန်နဝါရီမှာ သူ့မွေးရပ်မြေရဲ့ ဒုတိယတန်းကလပ် NEC နီမီဂျမ်ရဲ့ မန်နေဂျာ ရာထူးအတွက် လီဗာပူးကနေ ထွက်ခွာခဲ့ပေမယ့် ပထမတန်းကို တန်းမတက်နိုင်ခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အန်ဖီးကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် လင်ဒါဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အထူး အရေးပါတဲ့ ကဏ္ဍကနေ ပါ၀င်ပေးခဲ့ပြီး ကလော့ အန်ဖီးကနေ ထွက်ခွာသွားတဲ့ အချိန်မှာ ဒီရာထူးကို ဆက်ခံသွားဖို့ ရေပန်းစားနေတဲ့ သူတွေထဲမှာ ပါ၀င်နေတဲ့သူ ဖြစ်ပါတယ်။

SM