ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

ဂျူးလ် ကွန်ဒေး ရဲ့ အပြောင်းအရွှေ့ ကတော့ ဘာစီလိုနာ နဲ့ ချဲလ်ဆီး တို့ အကြားမှာသာမက စပိန် ၊ အီတလီ နဲ့ အင်္ဂလန် က ဂျာနယ်လစ်တွေရဲ့ အကြားမှာပါ ပြိုင်ဆိုင် ငြင်းခုန်မှုတွေ ဖြစ်ပေါ်လို့ နေပါပြီ ။

ဘာစီလိုနာ ဘက်မှာ ကတ်တလန် အခြေစိုက် Sport နဲ့ Mundo သတင်းဌာန ၊ နာမည်ကျော် ဂျာနယ်လစ် ဂျရတ် ရိုမီရို တို့ ရှိနေကြပြီး အခြားတဘက်မှာတော့ မက်ဒရစ်အခြေစိုက် စပိန်သတင်းဌာနတွေ ၊ အီတလီ သတင်းထောက်တွေ နဲ့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဂျာနယ်လစ်တွေက အားပြိုင်လို့ နေကြပါတယ် ။

 

သူတို့တွေ နောက်ဆုံးဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ –

 

“ဒါမျိုးတွေ ကျွန်တော်တို့ အသားကျနေပါပြီ ။ လီဝန်ဒေါ့စကီး တုန်းကရော ရာဖင်ညာ တုန်းကပါ အားလုံးက ဒါတွေ မမှန်ဘူးဆိုပြီး ပြောခဲ့ကြတာပါ ။ ပြီးတော့လည်း ဟတ်ချလောင်း ဆိုဖြစ်သွားတာပါပဲ ။

ဆီဗီးလား ဘက်က အားလုံးကို ငြင်းနေပေမယ့် ဘာစီလိုနာ က အရေးပါတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာဆာ-ဆီဗီးလား သဘောတူညီမှု ဟာ အရမ်းကို အပြီးသတ်လုနီးနေပြီ ဆိုတာကို ကျွန်တော့ဆီ စာတိုတွေ ဆက်တိုက်ပို့ပေး နေပါတယ် ။ ဆီဗီးလား ဥက္ကဌ က မီဒီယာတွေကို ငြင်းတယ်ဆိုတာက သူတို့ လုပ်ထုံးလုပ်နည်း အတိုင်းမျှပါပဲ”

– Gearard Romero

 

“ဘာစီလိုနာ ဟာ ကွန်ဒေး ကို ကြားဖြတ်ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုကို ပြင်ဆင်နေပါပြီ ။ ချဲလ်ဆီး ကတော့ ဆီဗီးလား ဆီက မီးစိမ်းပြမှုကို စောင့်နေခဲ့တာ ၃ ရက်ရှိနေပါပြီ”

 

“ကွန်ဒေး ဟာ သူ့ရဲ့ Instagram မှာ ‘achieving your dreams’ နဲ့ ‘dreams without goals are just dreams’ ဆိုတဲ့ ပိုစ့် ၂ ခုကို ချဲလ်ဆီး နဲ့ ဘာစိလိုနာ တို့ သူ့အတွက် အားပြိုင်နေချိန်မှာ တင်သွားခဲ့ပါတယ်”

– Fabrizio Romano

 

“ဘာစီလိုနာ က ကွန်ဒေး ကို လာမယ့် နာရီအနည်းငယ် အတွင်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ ။ ဆီဗီးလား ဟာ ချဲလ်ဆီး နဲ့ နှုတ်အားဖြင့်သာ သဘောတူထားပြီး တရားဝင် စာရွက်စာတမ်းတွေ မရရှိသေးပါဘူး ။

ဘာစီလိုနာ က ကွန်ဒေး အတွက် ယူရို ၄၅ သန်း ကို ပြင်ဆင်နေပါပြီ ။ လာမယ့် နာရီအနည်းငယ် အတွင်းမှာ ကမ်းလှမ်းမှု ပြုလုပ်ပြီး အပြောင်းအရွှေ့ အဆုံးသတ်နိုင်ချေ ရှိပါတယ်”

– SPORT

“ဆီဗီးလ် က သတင်းအရင်းအမြစ်တွေ ကတော့ ဘာစီလိုနာ ဟာ အခုထိ ကွန်ဒေး အတွက် တရားဝင် ကမ်းလှမ်းထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်”

– Marca

 

“ဂျူးလ် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့် ကြတာပေါ့ ။ သေချာတာကတော့ ကလပ်က ( ဆီဗီးလား ) လုပ်တာတွေ တကယ်ကောင်းတယ်ဆိုတာ ပါပဲ ။ ပရီးမီးယားလိဂ် အသင်းတွေရဲ့ အင်အား ( ဓနအင်အား ကို ဆိုလိုပုံရသည် ) ကို မယှဉ်နိုင်တာက ပုံမှန်ပါပဲ ။ ဒါကို နားလည်ထားဖို့လိုပါတယ်”

– Ivan Rakitic ( ဆီဗီးလား ကွင်းလယ်လူ )

 

“ဘာဆာ က ကြားဖြတ်လာမယ်ဆိုတဲ့ သတင်းကို အရင်ဆုံး တင်ခဲ့တဲ့ ရိုမီရို ကို လေးစားပါတယ် ။ ဒါပေမယ့် အခုချိန်ထိ ဆီဗီးလား က ဘာစီလိုနာ နဲ့ ဘာသဘောတူညီမှုမှ မရသေးပါဘူး ။ အားလုံးလည်း ဒီသတင်းတွေ ကို နားထောင်နေရတာ ပင်ပန်းနေလောက်ပါပြီ ။ ဒါပေမယ့် လာမယ့် ၂၄ နာရီကတော့ တကယ့် ပွဲကြီး ပွဲကောင်းပါပဲ ။ အခုနောက်ဆုံး အခြေအနေကတော့ ဒါပါပဲ”

 

“ဂျူးလ် ကွန်ဒေး ရဲ့ ကိစ္စ ဟာ နောက်ဆုံး နာရီအနည်းငယ် အတွင်းက ဘာစီလိုနာ ရဲ့ ကြားဖြတ်ဝင်လာမှု ကစပြီး အပြောင်းအလဲတွေ ဖြစ်လာခဲ့တာပါ ။ မနေ့က အထိ ချဲလ်ဆီး က သူတို့ ကွန်ဒေး ကို ရလိုက်ပြီလို့ ထင်ထားခဲ့တာပါ ။ သူတို့ က ဆီဗီးလား နဲ့ သဘောတူထားပြီးပါပြီ ။ ဘာစီလိုနာ ကတော့ ဒါမျိုး မလုပ်နိုင်သေးပါဘူး”

– Ben Jacobs

 

မန်ချက်စတာ ယူနိုက်တက် ဟာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ မန်ချက်စတာ ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ် ဟာ တနင်္လာနေ့ အထိ ကစားသမားတွေကို နားရက် ပေးသွားမယ်လို့ သိရှိရ ပါတယ် ။

 

ရိုးမား အသင်းဟာ မန်ယူနိုက်တက် ခံစစ်မှူး အဲရစ်ဘိုင်ယီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ယူနိုက်တက် ဘက်ကတော့ ပေါင် ၁၀ သန်းထက် လျော့နည်းတဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ သိရှိရ ပါတယ် ။

 

ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ဟာ လူငယ်လေး ဂါနာချို ကို စာချုပ်သက်တမ်းတိုးဖို့ အသင်းကို မီးစိမ်းပြ ထားတယ်လို့ ကြားသိရ ပါတယ် ။

 

ယူနိုက်တက် လူငယ် ကစားသမား ဟန်နီဘယ် ကတော့ ပွဲကစားခွင့် ပိုမို ရရှိနိုင်မယ့် ချန်ပီယံရှစ် ကို အငှားသွား ကစားဖို့ စိတ်ကူးထားပြီး ဘာမင်ဂမ် ၊ ဝက်စ်ဘရွန်း ၊ မီဝေါ နဲ့ မစ်ဒယ်ဘရော့ အသင်းတွေက ဟန်နီဘယ် ကို စိတ်ဝင်စားနေတယ်လို့ သိရှိရ ပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ ဂီရိုနာ အသင်း ရဲ့ လူငယ် ကစားသမားလေး အူနိုင်း ဟာနန်ဒက်စ် ကို ခေါ်ယူမှု ပြီးမြောက် ခဲ့ပြီလို့ ကြေညာ သွားခဲ့ ပါတယ် ။ ဘာဆာ ဟာ လူငယ်ကွင်းလယ် ကစားသမားလေးကို မနေ့ ကတည်းက စာချုပ် နိုင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာမှ အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ် ။

 

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ ဖရန့်ဖွတ် တောင်ပံ ကစားသမား ဖိလစ် ကော့စ်တစ် နဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ဆွေးနွေး နေပြီလို့ သိရပါတယ် ။

 

ရီးရဲမက်ဒရစ် နောက်ခံလူ ဒါနီ ကာဗာရယ် ဟာ ဒဏ်ရာ ကနေ မသက်သာလာ သေးတာကြောင့် မနက်ဖြန် နံနက် ( မြန်မာ့အချိန် ) မှာ ကစားမယ့် ဘာစီလိုနာ နဲ့ ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရှိရ ပါတယ် ။

 

နယူးကာဆယ် ဟာ ပြင်သစ် ကလပ် ရင်းနစ် အသင်းရဲ့ တောင်ပံ ကစားသမား ကာမယ်ဒန် ဆူလီမာနာ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

နယူးကာဆယ် ရှေ့တန်းလူ အလန်စိန့် မက်ဆီမင် ကိုတော့ တော့တင်ဟမ် ဟော့စပါး နဲ့ ချဲလ်ဆီး တို့အပါအဝင် ဥရောပ ကလပ် အချို့ က စောင့်ကြည့် စုံစမ်း နေတယ်လို့ ကြားသိရ ပါတယ် ။

 

ယူဗင်တပ် ဟာ ကွင်းလယ်လူတွေ ဖြစ်တဲ့ ရမ်ဆေး ၊ ရာဘီယော့ နဲ့ အာသာ မယ်လို တို့ ၃ ယောက်ကို အခု နွေရာသီမှာ အပြီးရှင်းထုတ်ဖို့ စိတ်ကူးထားပြီး အဆိုပါ ကစားသမား ၃ ယောက် မရှိခြင်းဟာ အသင်းကို တနှစ် ပေါင် ၁၈ သန်း ကုန်ကျမှု သက်သာစေမယ်လို့ သိရပါတယ် ။

 

စီးရီးအေ ကလပ် အတ္တလန်တာ အသင်းကတော့ လိုက်ပ်ဇစ် အသင်းရဲ့ ၂၅ နှစ် အရွယ် ကစားသမား အဒီမိုလာ လွတ်မန်း ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR