မန်စီးတီး ၊ လီဗာပူးတို့ရဲ့ ရာသီကြို ပြင်ဆင်မှုတွေကို စောင့်ကြည့်ဖြစ်လား ဆိုတဲ့ အမေး အပေါ် တုန့်ပြန် ဖြေကြားခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ကပဲ အမေရိကန် ရာသီကြို ခြေစမ်း ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် ၊ အီတလီမှာ ကစားမယ့် အူးဒီးနိစ် အသင်းနဲ့ နောက်ဆုံး ခြေစမ်းပွဲ ပြီးတာနဲ့ ဘောလုံးရာသီသစ်ကို အဲဗာတန်နဲ့ အဝေးကွင်း ပရီးမီးယားလိဂ်ပွဲနဲ့ စတင်မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ချဲလ်ဆီး ဟာ အဆင့် ၃ နေရာမှာ ဒုတိယ ဘောလုံးရာသီ တဝက်အထိ ရပ်တည်ခဲ့တယ် ဆိုပေမယ့် ၊ ချန်ပီယံဆု အတွက် အပြိုင် ဖြစ်ခဲ့ကြတဲ့ မန်စီးတီး ၊ လီဗာပူးတို့ကို ထိုကာလ အတောအတွင်း ဖိအား မပေးနိုင်ခဲ့ပါဘူး ။

တဖက်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ကစားသမားသစ် ဖြည့်တင်းမှုတွေ စောစောစီးစီး ပြုလုပ်ထားသလို ၊ ခြေစမ်းပွဲတွေမှာလည်း ကြံ့ခိုင်မှု ပုံစံကောင်းတွေ ၊ ရလဒ်ကောင်းတွေ ပြသနိုင်ခဲ့ကြပါတယ် ။ ဒါဟာ ရာသီကြို ပြင်ဆင်မှု အခြေအနေ သိပ်မဟန်တဲ့ ချဲလ်ဆီး အဖို့ လာမယ့် ရာသီသစ်မှာလည်း အများကြီး မျှော်လင့်လို့ မရသေးဘူး ဆိုတာ သက်သေထူနေခြင်း ဖြစ်ပါတယ် ။

အာဆင်နယ်နဲ့ နောက်ဆုံး ခြေစမ်းပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦးက ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ထံ မန်စီးတီး ၊ လီဗာပူးတို့ရဲ့ ရာသီကြို ပွဲစဉ်တွေ စောင့်ကြည့်ဖြစ်သလား ဆိုတဲ့ အမေး အပေါ် တစုံတရာ မှတ်ချက် မပေးခဲ့ပေမယ့် ၊ ထို၂သင်းဟာ ချဲလ်ဆီးထက် အများကြီး ရှေ့ရောက်နေကြောင်းတော့ ဝန်ခံသွားခဲ့ပါတယ် ။

တူချယ် က ” ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ပတ်က အနေအထားတွေ အပြင် ဒီနေ့ ခြေစမ်းပွဲ ရလဒ်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် ၊ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ထက် အများကြီး ရှေ့ရောက်နေတဲ့ မန်စီးတီး ၊ လီဗာပူးတို့ရဲ့ အကြောင်းကို လောလောဆယ် စဉ်းတောင် မစဉ်းစားသင့်ပါဘူး ။ ”

” ဒီနေ့မှာ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရတဲ့ အသင်း ၊ ကိုယ့်ထက် အဆင့် ရပ်တည်မှု နိမ့်ကျတဲ့ အသင်းကို ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့တာပါ ။ လက်ရှိ အခိုက်အတန့်မှာ မန်စီးတီး ၊ လီဗာပူးတို့ဟာ ကျွန်တော့ထက် အများကြီး သာလွန်နေတဲ့ပုံ ပေါ်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ အမေရိကန် ခရီးစဉ်မှာ ခြေစမ်းပွဲ ၃ပွဲ ကစားခဲ့ပြီး ၊ တပွဲနိုင် ၊ တပွဲသရေ ( ပင်နယ်တီမှာရှုံး ) ၊ တပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပြီး ၊ သွင်းဂိုး ၃ဂိုးသာ ရခဲ့ကာ ၊ ပေးဂိုး ၇ဂိုး အထိ ရှိခဲ့ပါတယ် ။ အားထားရတဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ ထွက်ခွာသွားခြင်းကြောင့် ၊ ခံစစ်ပိုင်း လိုအပ်ချက် ရှိနေတာ မှန်ပေမယ့် ၊ အဖျက်အမှောင့် လူကာကူ ထွက်သွားတဲ့ အချိန်မှာ အသင်းရဲ့ တိုက်စစ် ကစားပုံ က ထူးထူးခြားခြား မတိုးတက်လာတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း တူချယ် က ” အသင်းရဲ့ ဂိုးသွင်း စွမ်းရည် အပေါ် စိုးရိမ်နေလား ? သေချာတာပေါ့ ။ ဒီနေ့ပွဲရဲ့ ပထမပိုင်းကို ကြည့်ရင် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ကွင်းဖက်ခြမ်းကနေ ကျော်လွန်ဖို့တောင် အတော်လေး ရုန်းကန်ခဲ့ရပြီး ၊ ပြိုင်ဖက်ရဲ့ ခံစစ်ကြောင်းမှာ အပေါင်း လက္ခဏာ ဆောင်တဲ့ တိုက်စစ်ဆင်ပုံမျိုး ပြသဖို့က ပိုပြီးတော့တောင် ခက်ခဲခဲ့ပါတယ် ။ ”

” ဒီနေ့မှာ ကျွန်တော်တို့ ဂိုးရဖို့ အနီးစပ်ဆုံး အခြေအနေ က မေဆင်ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တဲ့ အလုံးပဲ ရှိပါတယ် ။ ဒုတိယပိုင်း ပြန်အစ ၂၂မိနစ် အတွင်း အခိုက်အတန့် ကာလမှာတော့ ကျွန်တော်တို့ဟာ အန္တရာယ်ရှိတဲ့ တိုက်စစ်ဆင်မှု ၊ one v one အခြေအနေ ၊ တိုက်စစ် အရှိန်အား ပမာဏ ပိုပြီး တင်ကစားနိုင်ခဲ့ပါတယ် ။ ”

” အဲဒီနောက် ပြိုင်ဖက်က တတိယဂိုး ရသွားတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ကစားအား ပြန်ပြီး ကျဆင်းသွားခဲ့ပါတယ် ။ နားထောင် ၊ ဒါဟာ ပြီးခဲ့တဲ့ ရာသီက ကစားသမား အများစု ပါဝင်တဲ့ အသင်း ဖြစ်ပါတယ် ။ ဒါကြောင့် ဘာလို့ အရာရာ ပြောင်းလဲသင့်လဲ ? လာမယ့် ၂ပတ် အတွင်း တိုးတက်မှုတွေ မြင်တွေ့ရဖို့ မျှော်လင့်ပေမယ့် ၊ လောလောဆယ်မှာ ကျွန်တော်တို့ဟာ မနှစ်က ကစားသမားတွေကြောင့် တူညီတဲ့ ပြဿနာတွေ မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR