မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို သေချာပေါက် လွဲချော်သွားမယ့် လီဗာပူးရဲ့ အဓိက ကစားသမား ၂ ဦး နဲ့ ဖာမီနိုရဲ့ လီဗာပူး အနာဂတ်ကို ရှင်းလင်းလိုက်တဲ့ ကလော့

ယာဂန်ကလော့က အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်သူ အလီဆွန်ဟာ ဒဏ်ရာ ပြသနာကြောင့် မန်ချက်စတာစီးတီးနဲ့ ကစားသွားရမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်ကို လွဲချော်သွားမှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ဘရာဇီး ဂိုးသမားဟာ ယခုလ အစပိုင်းက မန်ချက်စတာယူနိုက်တက် နဲ့ ဘန်ကောက်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ် နောက်ပိုင်း ကလပ်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါ၀င် ကစားခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

အလီဆွန်ဟာ လက်ရှိ အချိန်မှာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပေမယ့် ကလော့က ဘရာဇီး လက်ရွေးစင်ဟာ ယခု တစ်ပတ် စနေနေ့ ကင်းပါဝါမှာ မန်စီးတီးနဲ့ ကစားသွားရမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပေမယ့် သြဂုတ်လ ၆ ရက်နေ့ ဖူဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အမှီ ပြန်ကစားနိုင်မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှုး ဖြစ်တဲ့ ဒီယိုဂိုဂျိုတာ ကလည်း ပေါ်တူဂီလက်ရွေးစင် အသင်း အတွက် ကစားနေစဉ် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကြို ကာလ တစ်လျှောက်လုံး ပါ၀င်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကလော့က “မန်စီးတီး နဲ့ ပွဲစဉ်မှာ အလီဆွန် နဲ့ ဒီယေဂို တို့ ပါ၀င်ကစားနိုင်ဖို့ လုံး၀ အခွင့်အရေး မရှိပါဘူး။ အလီဟာ မနေ့ထက်စာရင် ဒီနေ့မှာ ပိုမို လေ့ကျင့်မှုတွေ လုပ်နိုင်ခဲ့တာကြောင့် ဖူဟမ် နဲ့ ပွဲစဉ်မှာတော့ သူ သေချာပေါက် available ဖြစ်မှာပါ။ ဒါပေမယ့် ဒီရက်သတ္တပတ်ကုန်တော့ မဟုတ်ပါဘူး။ ဒီယိုဂို လည်း ဒီအတိုင်းပါပဲ။ သူဟာ အသင်းနဲ့ အတူ ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးတာကြောင့် သူ ဘယ်လိုလုပ်ပြီး ပွဲကစားနိုင်မှာလဲ? ကံမကောင်းစွာနဲ့ သူ့ရဲ့ ဒဏ်ရာဟာ အချိန်တစ်ခု ယူသွားရမှာပါ။ ဒါပါပဲ။”

လီဗာပူးဟာ ဒီပွဲစဉ်မှာ အလီဆွန် အပြင် အရန် ဂိုးသမား ကယ်လီဟာ ၊ အောက်စလိတ်ချိန်ဘာလိန် နဲ့ ကော့စတပ်ဆီမီကတ်စ် တို့ကိုလည်း လက်လွှတ်သွားရမှာ ဖြစ်ပါတယ်။

ယခုတစ်ပတ်မှာ ဂျူဗင်တပ် အသင်းဟာ ပေါ်လိုဒီဘာလာရဲ့ နေရာမှာ အစားထိုးသွားဖို့ အတွက် ရော်ဘတ်တိုဖာမီနိုကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေတယ် ဆိုပြီး အီတလီ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဖာမီနိုဟာ ဂျိုတာ ဒီယက် တို့ ရောက်လာပြီးနောက်ပိုင်း ကလော့ရဲ့ တိုက်စစ်ပိုင်း ရွေးချယ်မှုမှာ နောက်ကို ရောက်သွားခဲ့သူ ဖြစ်ပြီး ဒီနွေရာသီမှာ ဒါ၀င်နူးနက် ရောက်လာခဲ့တာကြောင့် လာမည့် ရာသီ ပွဲကစားချိန် ပိုမို နည်းပါးသွားဖို့ ရှိနေပါတယ်။

ဖာမီနိုနဲ့ လီဗာပူးတို့ရဲ့ စာချုပ်ဟာ နောက်ဆုံး ၁၂ လ ထဲကို ၀င်လာခဲ့ပြီ ဖြစ်ကာ စာချုပ်သစ် အတွက် ဆွေးနွေးမှုလည်း မရှိသေးပါဘူး။ ဒီနွေရာသီဟာ ဖာမီနိုကို လီဗာပူးတို့ ထိုက်သင့်တဲ့ ပြောင်းရွေ့ကြေးနဲ့ ရောင်းထုတ်နိုင်ဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်နေပြီး ဂျူဗီဟာ ဘရာဇီး ကစားသမား အတွက် ပေါင် ၁၉ သန်း ထိ အသုံးပြုသွားဖို့ ဆန္ဒ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ကလော့က ဖာမီနိုဟာ လီဗာပူးရဲ့ အသက်ဝိညာဉ် ဖြစ်တယ်လို့ ဆိုလိုက်ပြီး အပြောင်းအရွေ့ ကောလဟာလ သတင်းတွေကို မှေးမှိန်စေခဲ့ပါတယ်။

ကလော့က “ဘော်ဘီ (ဖာမီနို) ဟာ ကျွန်တော်တို့ အတွက် အရေးပါတဲ့သူပါ။ သူဟာ ဒီအသင်းရဲ့ အသက်ဝိညာဉ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော်တို့ဟာ ဘော်ဘီကြောင့် ဒီလို ပုံစံမျိုး ကစားနိ်ုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိ pre-season ရဲ့ ကာလအများစုကို သူ အသင်းနဲ့ အတူ လေ့ကျင့်နိုင်ခဲ့တဲ့ အတွက် ကျွန်တော် ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ အရာအားလုံး တကယ့်ကို ကောင်းနေပါတယ်။

ကျွန်တော်ကတော့ သူနဲ့ပက်သက်ပြီး လုံး၀ အိုကေပါတယ်။ သူ့ရဲ့ အရည်အသွေး ကတော့ လုံး၀ကို သံသယ ဖြစ်စရာ မရှိပါဘူး။ ကျန်တာအားလုံးကတော့ ဒီနှစ် ဘယ်လို ပုံစံ ဖြစ်လာမလဲ ဆိုတာကိုပဲ ကြည့်ရမှာပါ။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ အတွက် မရှိ မဖြစ် ကစားသမား ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

SM