မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရာသီကြို ပွဲစဥ် 4 ပွဲကနေ တန်ဟတ် သိလိုက်ရတဲ့ အချက် 3 ခု

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ လက်အောက် မှာတော့ ဘန်ကောက် ၊ မဲလ်ဘုန်း ၊ ပါ့သ် တို့ကို သွားရောက်ပြီး ရာသီကြို ပွဲစဥ် 4 ပွဲ ကစားခဲ့ရာမှာ 3 ပွဲ နိုင် ၊ 1 ပွဲ သရေ ရလဒ်တွေ ပိုင်ဆိုင်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက်တို့ရဲ့ အာရှ ခြေစမ်းပွဲ ခရီးစဥ်က ပြီးဆုံးသွားခဲ့ရပါပြီ ။ လီဗာပူး ၊ မဲလ်ဘုန်း ဗစ်ထရီ ၊ ခရစ္စတယ် ပဲလေ့စ် ၊ အက်စတွန် ဗီလာ အသင်းတို့နဲ့ ကစားခဲ့ရတဲ့ အဆိုပါ ပွဲစဥ်တွေမှာ ယူနိုက်တက်တို့ဟာ 4 – 0 ၊ 4 – 1 ၊ 3 – 1 ၊ 2 – 2 ဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ရပါတယ် ။

အချုပ်အားဖြင့် ဆိုရရင် ရော်နယ်ဒို မပါတဲ့ ယူနိုက်တက် တိုက်စစ်ဟာ 4 ပွဲမှာ 13 ဂိုး သွင်းယူနိုင်ခဲ့ပြီး 4 ဂိုး ပေးခဲ့ရပါတယ် ။ ယူနိုက်တက် တို့ရဲ့ အာရှ ခြေစမ်းပွဲ ခရီးစဥ် 4 ပွဲမှ နည်းပြသစ် အဲရစ် တန်ဟတ် သိခဲ့ရတဲ့ အချက် 3 ခုကို ဖော်ပြပေးလိုက် ပါတယ် ။

(1) အပြည့်အဝ ယုံကြည်လို့ မရနိုင်သေးတဲ့ ဗာရန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေဟာ နည်းပြသစ် လက်အောက်မှာ လတ်ဆတ်တဲ့ စတင်မှုတွေ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ရာဖေးလ် ဗာရန်း ကတော့ အများထင်မှတ်ထားကြသလို လုံလောက်တဲ့ ပွဲကစားချိန် မိနစ်တွေ မပိုင်ဆိုင်ခဲ့ရပါဘူး ။

ဗာရန်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းကလည်း ဒဏ််ရာ ပြသနာတွေအကြား ရုန်းကန်ခဲ့ရသလို ရာသီကြိုပွဲစဥ်မှာလည်း ဒဏ်ရာပြသနာ ကြုံခဲ့ရပြန်ပါတယ် ။ ဒါ့ကြောင့် သူ့ရဲ့ အနေအထားက စိတ်ချလက်ချ ယုံကြည်လို့ မရနိုင်သေးတာ သိသာထင်ရှားနေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ အဲရစ် တန်ဟတ်က မက်ဂွားယားကို အသင်း ခေါင်းဆောင်အဖြစ် ဆက်လက်ထားမယ်လို့ အတည်ပြုခဲ့တဲ့နောက် အင်္ဂလန်သားဟာ သေချာပေါက် ကစားခွင့်တွေရပါတော့မယ် ။ ဒါ့အပြင် ယူနိုက်တက်တို့ဟာ မာတီနက်ဇ် ကိုလည်း ရရှိဖို့ နီးစပ်နေပါပြီ ။

ဒါ့အပြင် လင်ဒီလော့ဖ် ကလည်း ပုံစံကောင်း ပြသနိုင်ခဲ့သလို အဲရစ် ဘိုင်လီ ကလည်း တိုးတက် ကောင်းမွန်လာခဲ့တဲ့ မာမာထန်ထန် ကစားဟန် နဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် ဗာရန်း နဲ့ ပတ်သက်လို့ အဲရစ် တန်ဟတ် ဖက်မှ ဆုံးဖြတ်ချက် ချမှတ်ရပါလိမ့်မယ် ။

(2) ရော်နယ်ဒို ရဲ့ သွင်းဂိုးတွေအပေါ်ချည်း မှီခိုဖို့ မလိုအပ်တော့တဲ့ ယူနိုက်တက်

ရာသီကြို ပွဲစဥ်တွေထဲမှ အားတက်စရာဖြစ်ခဲ့ရတာ တစ်ခုက တိုက်စစ်ပိုင်း ကစားသမားတွေအားလုံး ဂိုးတွေသွင်းယူခဲ့ကြတာပါပဲ ။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ပွဲစုံ 24 ဂိုး သွင်းယူခဲ့တဲ့ ရော်နယ်ဒို အပေါ် အရမ်းကို မှီခိုခဲ့ရပါတယ် ။

ဒါပေမဲ့ ရာသီကြို ပွဲစဥ်တွေမှာတော့ ယူနိုက်တက်ရဲ့ သွင််းဂိုး 13 ဂိုးထဲ မာရှယ် 3 ဂိုး ၊ ဆန်ချို 3 ဂိုး ၊ ရပ်ရှ်ဖို့ 2 ဂိုး တို့ ပါဝင်ခဲ့ပါတယ် ။ ဒါ့အပြင် ကွင်းလယ် ကစားသမားတွေလည်း ဂိုးသွင်းနိုင်ခဲ့ကြပါသေးတယ် ။ အခုတော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း နေရာစုံမှ ဂိုးသွင်းယူနိုင်တဲ့ အသင်းမျိုး ဖြစ်လာခဲ့ပါပြီ ။

(3) တန်ဟတ် နဲ့ ဗန်ဒီ ဘိခ် ရဲ့ ပြန်ပေါင်းထုတ်မှု အဆင်မပြေခြင်း

ဒွန်နီ ဗန်ဒီ ဘိခ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ရောက်လာခဲ့တဲ့နောက် 2 ရာသီဆက်တိုက် ပုံစံကောင််းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ရာသီတုန်းက သူဟာ အဲဗာတန် အသင်းဆီ အငှားထွက် ကစားခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ နည်းပြဟောင်း အဲရစ် တန်ဟတ် ရောက်လာခဲ့ခြင်းက သူ့ကို ပြန်ကောင်းစေနိုင်မယ်လို့ ထင်ကြေးအပေးခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဗန်ဒီ ဘိခ် ရဲ့ စွမ်းဆောင်ရည်ဟာ ထူးကဲမှု မရှိပဲ ညံ့မြဲညံ့ဆဲ ဖြစ်ခဲ့ရပါတယ် ။

ယူနိုက်တက်တို့ ခရစ္စတယ် ပဲလေ့စ် အသင်းကို အနိုင်ယူ ခဲ့တဲ့ ပွဲစဥ်မှာ သူဟာ တစ်ဂိုး ဖန်တီးနိုင်ခဲ့ပြီးနောက် အက်စတွန် ဗီလာ နဲ့ ပွဲမှာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာပဲ ဖြစ်ခဲ့ရပါတယ်် ။ ယူနိုက်တက်တို့ ကွင်းလယ်လူ သေချာပေါက် ခေါ်ရပါလိမ့်ဦးမယ် ။

#Sports_Myanmar