မက်ဆီ ကို အကြွေးတင်နေတယ်ဆိုတဲ့ လာပေါ်တာ ၊ ခံစစ်မှူးလုပ်ရနိုင်တဲ့ ဒီယွန် ၊ ချဲလ်ဆီး စိတ်ဝင်စားနေတဲ့ နောက်ခံလူ ၊ အမေရိကမှာ ဂိုးသွင်းစာရင်း စဖွင့်လိုက်တဲ့ ဘေးလ် တို့နဲ့ . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

ဘာစီလိုနာ အသင်း ဥက္ကဌ လာပေါ်တာ က မက်ဆီ ရဲ့ ဘာစီလိုနာ ဇာတ်လမ်းတွေဟာ အဆုံးသတ် မသွားသေးဘဲ သူ့အနေနဲ့ မက်ဆီ အပေါ် အကြွေးတင်ရှိ နေသေးတယ်လို့ ထုတ်ဖော် ပြောဆိုပြီး ပရိသတ်တွေ ကို ရင်ခုန် စိတ်လှုပ်ရှား စေခဲ့ပါတယ် ။

ဒါ့အပြင် လာပေါ်တာ က ဖရန်ကီ ဒီယွန် ဟာ သူတို့ ကစားသမား ဖြစ်ပြီး သူတို့ ဘက်ကလည်း ဒီယွန် ကို အလွန် နှစ်သက် သဘောကျကြောင်း ၊ ဖရန်ကီ အတွက် ကမ်းလှမ်းမှု အချို့ ရှိခဲ့ပေမယ့် အခုချိန်ထိ ဘာကိုမှ မလက်ခံ ထားရသေးကြောင်း နဲ့ သူ့ဘက်က ဘာကို ဆန္ဒ ရှိတယ်ဆိုတာ ကိုယ်တိုင် တွေ့ဆုံ စကားပြောသွားမှာ ဖြစ်ကြောင်းတို့ကို ဖြေကြား သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ သူဟာ ဖရန်ကီ ဒီယွန် နဲ့ စကားပြောဆို ထားပြီး ဖြစ်သလို နယ်သာလန်သား ကိုလည်း တန်ဖိုးထားကြောင်း ၊ ဒီယွန် ဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်ပေမယ့် အသင်းမှာလည်း ဘဏ္ဍာရေး နဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စတွေ ရှိနေကြောင်း ပြောဆိုသွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဇာဗီ က ဖရန်ကီ ဒီယွန် ဟာ ခံစစ်မှူး အဖြစ် နဲ့လည်း အသင်းကို ကူညီနိုင်ကြောင်း နဲ့ ဒီယွန် ကို ခံစစ်မှူး အဖြစ် အသုံးပြုရတာကို နှစ်သက်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

ဇာဗီ ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ဒီယွန် ကို ခံစစ်မှာ အသုံးပြုနေ တာကြောင့် အသင်းမှာ ဆက်ရှိနေပါက ကွင်းလယ်မှာထက် ခံစစ်မှာသာ ကစားရဖို့ အလားအလာများနေပြီလို့ သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

မေဂျာလိဂ် ကို ပြောင်းရွှေ့ သွားတဲ့ ဂါရတ်ဘေးလ် ကတော့ သူ့ရဲ့ ပထမဆုံး ပွဲမှာတင် အမေရိက မြေပေါ်မှာ ဂိုးသွင်း စာရင်း ဖွင့်လှစ် ခဲ့ပါတယ် ။

LAFC က ကန်းဆပ် စီးတီး အသင်း ကို ၂-၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲမှာ ဘေးလ် ဟာ အသင်းသစ် အတွက် ၁ ဂိုး သွင်းယူ ပေးသွားခဲ့ ပါတယ် ။

တိုရွန်တို အသင်းကို ပြောင်းလာတဲ့ အင်ဆစ်ညာ နဲ့ ဘာနာဒက်စ်ချီ တို့ဟာလည်း အသင်းသစ် အတွက် စတင် ပါဝင် ကစားခဲ့ကြပြီး ဘာနာဒက်စ်ချီ ကတော့ ထောင့်ကန်ဘော ကနေ ဖန်တီးမှု ၁ ကြိမ် ပြုလုပ် ပေးသွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ မမ်းဖစ် ဒီပိုင်း ကို ရောင်းချသွားဖို့ စိတ်ကူးထားပြီး ဖြစ်တယ်လို့ ကာယကံရှင် ကစားသမားကို အသိပေးထား ပေမယ့် ဒီပိုင်း ကတော့ ရောင်းထုတ်မယ့် အစား သူ့ရဲ့ စာချုပ်ကို ၂ ဦး သဘောတူ ဖျက်သိမ်းဖို့ ( ခေါ်ယူမယ့် အသင်းဟာ ပြောင်းရွှေ့ကြေး ပေးချေရတော့မှာ မဟုတ် ) လိုလား နေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ကတော့ ဒီပိုင်း အတွက် ယူရို သန်း ၂၀ နဲ့ အထက် ကမ်းလှမ်းလာမှုတွေ ကို နားထောင်ပေး သွားဖို့ အဆင်သင့် ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

ဆာဆိူအိုလို ဟာ တိုက်စစ်မှူး ဂီယန်လူကာ စကာမာကာ ကို ဝက်စ်ဟမ်း အသင်းထံ ယူရို ၃၆ သန်း + အပိုဆုကြေး ၆ သန်း ၊ တဆင့်ရောင်းချမှုကနေ ၁၀% အကျိုးခံစားခွင့် တို့နဲ့ သဘောတူညီထား ခဲ့ပြီလို့ အသင်း ဥက္ကဌ က အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

ဒဏ်ရာကြောင့် ဒီကနေ့ မနက်က El Clasico ကို လွဲချော် ခဲ့တဲ့ ရီးရဲ တိုက်စစ်မှူးကြီး ဘန်ဇီးမား ဟာ နောက် ကစားမယ့် ပွဲကိုတော့ ပါဝင်လာ လိမ့်မယ်လို့ နည်းပြကြီး အန်ဆယ်လော့တီ က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် နည်းပြကြီး က ရီးရဲ မက်ဒရစ် ရဲ့ လူသစ် ခေါ်ယူမှုဟာ ( အခုနွေရာသီ အတွက် ) ပိတ်သိမ်း သွားပါပြီ လို့ ပြောဆိုခဲ့ပြီး လက်ရှိ အသင်းရဲ့ အင်အားဟာ မနှစ်ကထက် ပိုမို တောင့်တင်း နေပါတယ်လို့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အစီအစဉ် ရှိမရှိ ဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားသွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ ညာနောက်ခံလူ အာရွန်ဝမ် ဘစ်ဆာကာ ကို ရောင်းထုတ် ဖြစ်ခဲ့ပါက ဘာစီလိုနာ မှာ ကစားနေတဲ့ တပည့်ဟောင်း ဆာဂျီနို ဒက်စ် ကို ခေါ်ယူဖို့ ကြိုးစား လာနိုင်တယ်လို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က သုံးသပ် သွားခဲ့ ပါတယ် ။

အင်ဆစ်ညာ ကို ဆုံးရှုံးထားခဲ့သလို ဒရိုင်းမာတင် ကိုလည်း စာချုပ် ဆက်မတိုးတော့တဲ့ နာပိုလီ ဟာ တိုက်စစ်ပိုင်း ကို အင်အားဖြည့်ဖို့ အတွက် ဆာဆူအိုလို ရဲ့ ရက်စ်ပါဒိုရီ ကို ချိတ်ဆက်နေသလို ဟဲလက်စ် ဗီရိုနာ အသင်း ရဲ့ ဂျီယိုဗင်နီ ဆီးမြွန်းနီ ကိုလည်း ကြိုးစား နေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ သတင်းတွေကို တင်ဆက်ပေးနေတဲ့ ဂျာနယ်လစ် ဂျရတ် ရိုမီရို ရဲ့ ဖော်ပြမှု အရ ဘာစီလိုနာ ဟာ ဆီဗီးလား ခံစစ်မှူး ဂျူးလ် ကွန်ဒေး ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် ချုပ်ဆိုဖို့ ကစားသမား နဲ့ သဘောတူညီမှု ရရှိ ခဲ့ပြီး ဖြစ်ကာ ဆီဗီးလား အသင်းထံ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်တော့မယ်လို့ သိရပါတယ် ။

စီးရီးအေ တန်းတက် အသင်းသစ် လက်ချီ ဟာ CSKA Moscow အသင်းရဲ့ ကွင်းလယ်လူ ကရစ်စတီဂျန် ဘရစ်စတိုဗစ် ကို အငှား + အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူ လိုက်တယ်လို့ အသိပေး ကြေညာ သွားခဲ့ပါတယ် ။

နောက်တန်းကို အားဖြည့်ဖို့ စီစဉ် နေတဲ့ ချဲလ်ဆီး ဟာ အင်တာမီလန် ရဲ့ နယ်သာလန် နောက်ခံလူ ဒမ်ဇယ် ဒမ်ဖရိုင်းစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

အေစီမီလန် ဟာ ချားစ် ဒီ ကိတ်လယ်ရီ အတွက် ကလပ် ဘရုဂျ် နဲ့ အဆုံးသတ် ညှိနှိုင်းမှုမှာ ကြန့်ကြာမှု အချို့ ရှိနေတယ်လို့ သိရပါတယ် ။

ကစားသမား ဘက်ကတော့ အေစီကို ကျိန်းသေ ပြောင်းရွှေ့ရမယ်လို့ ယူဆထားပြီး ကိတ်လယ်ရီ ရဲ့ မိခင် ဖြစ်သူဟာ မီလန် မှာနေဖို့ အိမ်ရှာဖွေ နေပြီလို့ ကြားသိရ ပါတယ် ။

ယူဗင်တပ် ကနေ ရောင်းထုတ်ဖို့ ဆန္ဒ ပြင်းပြ နေတဲ့ ကွင်းလယ်လူ ရာဘီယော့ ဟာ အသင်းဟောင်း PSG ကို ပြန်သွား ကစားဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

ဖူလ်ဟမ် အသင်းဟာ ဘွန်ဒစ်လီဂါ ကလပ် ဝုဖ်ဘတ် ရဲ့ ညာနောက်ခံလူ ကီဗင် အမ်ဘာဘူ ကို ခေါ်ယူ နိုင်တော့မှာ ဖြစ်ပြီး ကစားသမားဟာ လန်ဒန် ကလပ် နဲ့ ဒုတိယ အကြိမ် ဆေးစစ်မှု အထိ ပြုလုပ် ပြီးစီး သွားပြီလို့ သိရှိရ ပါတယ် ။

ဆီဗီးလား အသင်းဟာ လတ်ဒ်ဝင်း သြဂတ်စတင်ဆွန် အက်စတွန် ဗီလာ အသင်းထံ အငှားနဲ့ ထွက်ခွာ သွားအပြီးမှာ ဘယ်နောက်ခံလူ နေရာ အတွက် အင်အား လျော့နည်း သွားတာကြောင့် အခု အပြောင်းအရွှေ့ အတွင်းမှာ ဘယ်နောက်ခံလူသစ် ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။
ဥရောပ စူပါလိဂ် အစီအစဉ်ကို မစွန့်လွှတ် သေးတဲ့ ကလပ် အသင်းကြီး ၃ သင်း ( ရီးရဲ ၊ ဘာစီလိုနာ ၊ ယူဗင်တပ် ) က အကြီးအကဲတွေ ဖြစ်ကြတဲ့ ဖလော်ရန်တို ပီရက်ဇ် ၊ လာပေါ်တာ နဲ့ အက်ဂါနယ်လီ တို့ဟာ သူတို့ အသင်းတွေရဲ့ အမေရိက ခရီးစဉ် အတွင်းမှာ တွေ့ဆုံ ခဲ့ကြပြီး နေ့လယ်စာ အတူ စားသောက် ခဲ့ကြတယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR