ပြိုင်ဘက်တွေကို ယှဉ်သွားဖို့အတွက်ဆိုရင် အဲရစ်ဆင်ဟာ ယူနိုက်တက်တို့ ပြုလုပ်သင့်တဲ့ ကစားသမား ခေါ်ယူမှုမျိုး မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ မာဖီ

 

ဒန်နီမာဖီက မန်ယူနိုက်တက် ပရိတ်သတ်တွေဟာ ခရစ်ရှန်အဲရစ်ဆင်ကို ခေါ်ယူတာကို သိပ်ပြီး အားရကျေနပ်နေကြမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး ဒိန်းမတ်စတားဟာ အဲရစ်တန်းဟတ်ရဲ့လက်အောက်မှာ ပွဲထွက်ခွင့် ရဖို့ မရှိဘူးလို့ ယုံကြည်နေပါတယ်။

ဒိန်းမတ်ကွင်းလယ်လူဟာ မနေ့က အိုးထရပ်ဖို့ဒ်ကို ပြောင်းလာရန် အကြို သဘောတူညီမှု ပေးခဲ့တယ်လို့ သိရပြီး ဆေးစစ်မှုတွေ အောင်မြင်ပြီးပါက မန်ယူနိုက်တက်နဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုသွားတော့မှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ် နဲ့ တော့တင်ဟမ် တို့ကလည်း အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်၀င်စားနေကြပေမယ့်လည်း နောက်ဆုံးမှာတော့ အသက် ၃၀ အရွယ် ကစားသမားဟာ ယူနိုက်တက်ကို ပြောင်းကာ နည်းပြသစ် အဲရစ်တန်းဟတ်ကို သဘောကျအောင် လုပ်သွားဖို့ ကြိုးစား သွားမှာ ဖြစ်ပါတယ်။

အဲရစ်ဆင်ရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံတွေဟာ လာမည့် ရာသီ ယူနိုက်တက်ကို အကူအညီ ဖြစ်စေမှာ ဖြစ်ပေမယ့်လည်း လီဗာပူး ကစားသမားဟောင်း ဖြစ်တဲ့ ဒန်နီမာဖီ ကတော့ ပရိတ်သတ်တွေ အနေနဲ့ ဒီအပြောင်းအရွေ့ အပေါ် သိပ်ပြီး ပျော်ရွှင်နေမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

မာဖီက “ကျွန်တော်ဟာ အဲရစ်ဆင်ကို နှစ်သက် သဘောကျတဲ့သူပါ။ ကျွန်တော်ဟာ သူ့ရဲ့ ဖန်တီးမှု စွမ်းရည် နဲ့ သူ့ရဲ့ ဘောလုံး ကိုင်ကစားပုံတွေဟာ အမြဲတမ်း လေးစားနေတဲ့သူပါ။ အကယ်လို့များ ကျွန်တော်သာ မန်ယူနိုက်တက် ပရိတ်သတ် တစ်ဦး ဖြစ်နေခဲ့မယ် ဆိုရင် အဲရစ်ဆင်ကို ခေါ်ယူခဲ့တဲ့ အပေါ် စိတ်လှုပ်ရှားနေမှာလား? No ပါ။ သူ့အနေနဲ့ ယူနိုက်တက်ကို ပြောင်းခဲ့မယ် ဆိုရင်လည်း squad player တစ်ဦး အဖြစ်သာ ရှိနေမှာပါ။ သူဟာ ဖာနန်ဒက်စ်ကို ကျော်ကာ ပွဲထွက်ခွင့် ရသွားဖို့ မရှိပါဘူး။

သူဟာ ဘယ်အသင်း မဆို အတွက် ကောင်းမွန်တဲ့ အားဖြည့်မှုတော့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အတွေ့အကြုံ နဲ့ သူ့ရဲ့ အရည်အသွေးတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လာမည့် ရာသီ ယူနိုက်တက်တို့ လီဗာပူး မန်စီးတီး ချဲလ်ဆီး တို့နဲ့ ပွဲကြီးပွဲကောင်းတွေ ကစားသွားရတော့မယ် ဆိုရင် အဲရစ်ဆင်ဟာ သူတို့ရဲ့ ပွဲထွက် ကစားသမား ၁၁ ယောက် စာရင်းမှာ ပါ၀င် ကစားခွင့် ရမှာလား? အဖြေကတော့ no ပါ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး မာဖီက “သူနဲ့ ဖာနန်ဒက် တို့ကို အတူတွဲဖက် ကစားခိုင်းလို့ မရပါဘူး။ သူဟာ နံပါတ် ၁၀ နဲ့ နံပါတ် ၈ နေရာတွေမှာ ကစားတဲ့သူပါ။ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ် တို့ဟာ ပွဲစဉ်တစ်ချို့မှာ တွဲဖက် ကစားခဲ့ကြပေမယ့် အဲဒီပွဲစဉ်တွေမှာ ယူနိုက်တက်ဟာ ပြိုင်ဘက်တွေအတွက် ကစားရတာ တအား လွယ်ကူနေခဲ့ပါတယ်။ အကယ်လို့များ သူတို့မှာ holding midfielder ၂ ဦး ဒါမှမဟုတ် ဖရန်ကီဒီဂျောင်းကို ရခဲ့မယ်ဆိုရင် အဲရစ်ဆင်ဟာ အဲဒီနေရာမှာ holding midfielder အဖြစ် ယာယီကစားပေးနိုင်ပါတယ်။

သူဟာ ဒီဂျောင်း အစား ခေါ်ယူတဲ့သူ ဖြစ်လာမှာ မဟုတ်ပါဘူး။ ယူနိုက်တက် အနေနဲ့ ဒီဂျောင်းကို မရခဲ့ဘူးဆိုရင် သူ့လို ကစားသမားမျိုးကို လိုက်ရှာပြီး ခေါ်သွားမှာပါ။

အဲရစ်ဆင် အတွက် ကတော့ ခက်ခဲတဲ့ ကာလတွေ ဖြတ်ကျော်အပြီးမှာ ဒီလို ကြီးကြယ်တဲ့ ကလပ်ကို ပြောင်းရွေ့ခွင့် ရတဲ့အတွက် အရမ်းကို ကောင်းတဲ့ အခွင့်အရေး ဖြစ်လာမှာပါ။ သူဘာကြောင့် အဲဒီကို သွားချင်သလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ်။ မန်ယူနိုက်တက်က ဘာကြောင့် သူ့ကို ဆွဲဆောင်မှုပိုရှိစေသလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။

ဒါပေမယ့် ယူနိုက်တက် အနေနဲ့ လီဗာပူး စီးတီး ချဲလ်ဆီး တို့နဲ့ ယှဉ်ပြိုင်သွားချင်တယ်ဆိုရင်တော့ ဒါဟာ သူတို့ ပြုလုပ်သင့်တဲ့ ကစားသမား ခေါ်ယူမှုတော့ မဟုတ်ပါဘူး။” လို့ ပြောလိုက်ပါတယ်။

SM