ပီအက်စ်ဂျီမှာ အနာဂတ် မသေချာနေတဲ့ နေမာနဲ့ ပတ်သက်ပြီး ချဲလ်ဆီး အသင်းထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဂက်စ်ပိုယက်

ချဲလ်ဆီး အသင်းရဲ့ ဘရာဇီး လက်ရွေးစင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က ၄င်းနဲ့ တနိုင်ငံတည်းသား လက်ရွေးစင် အသင်းဖော် ၊ ပီအက်စ်ဂျီ တောင်ပံ ကစားသမား နေမာကို ချဲလ်ဆီးသို့ ပြောင်းရွှေ့ ကစားဖို့ ထုတ်ဖော် အကြံပြုခဲ့ပါတယ် ။

ပီအက်စ်ဂျီ ဥက္ကဋ္ဌ ဖြစ်သူ အယ်လ်ခီလိုင်ဖီ ဟာ နေမာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တိကျ သေချာတဲ့ အတည်ပြုချက်မျိုး မလုပ်ခဲ့တာကြောင့် ၊ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း နေမာနဲ့ ဥရောပ ထိပ်သီး ကလပ် အချို့ အကြား အပြောင်းအရွှေ့ ကောလဟလတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။

နေမာနဲ့ သတင်းတွေ ထွက်ခဲ့တဲ့ ကလပ် အနည်းအကျဉ်းထဲမှာ ဒီနှစ် နွေတတွင်း ကစားသမားသစ် တဦးမှ တရားဝင် မခေါ်ရသေးတဲ့ ချဲလ်ဆီး အသင်းလည်း တသင်း အပါအဝင် ဖြစ်ပါတယ် ။ နည်းပြ သောမတ်စ် တူချယ်နဲ့ ၄င်းအကြားက ဆက်ဆံရေး အပြင် ၊ သီယာဂို ဆေးလ်ဗားကြောင့်ပါ ၄င်းရဲ့ သတင်းဟာ ပြောစရာ ပိုဖြစ်လာခဲ့ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂတ်စ်ပိုယက် ကတော့ နေမာ ဟာ ကြံ့ခိုင်မှု အသားပေး ကစားတဲ့ ပရီးမီးယားလိဂ်မှာ ဝင်ဆံ့မှာ မဟုတ်တာကြောင့် ၊ ချဲလ်ဆီး အနေနဲ့ ၄င်းကို ခေါ်ဖို့ မကြိုးစားသင့်သလို ၊ သူ့အမြင် အရလည်း နေမာဟာ ပီအက်စ်ဂျီမှာပဲ ဆက်ကစားဖို့ များကြောင်း အခုလိုပဲ မှတ်ချက် ပေးခဲ့ပါတယ် ။

Lord Ping နဲ့ တွေ့ဆုံရာမှာ ပိုယက် က ” ချဲလ်ဆီး ဟာ နေမာကို ခေါ်ယူဖို့ မကြိုးစားသင့်ပါဘူး ။ နောက်ပြီး ကီလီယန် အမ်ဘတ်ပေကို ပီအက်စ်ဂျီက စာချုပ်သစ် ချုပ်ဆိုကြောင်း တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ၊ နေမာဟာလည်း ပဲရစ်မှာပဲ ဆက်နေပြီး ၊ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ဒီတော့ နေမာဟာ ပီအက်ဂျီက ထွက်ခွာမယ်လို့ ကျွန်တော် မမြင်မိပါဘူး ။ နောက်ပြီး သူဟာ အင်္ဂလိပ် ဘောလုံး လောကရဲ့ ကြံ့ခိုင်မှု အသားပေး ကစားဟန်နဲ့လည်း ဘယ်လိုမှ အံမဝင်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ဒါကြောင့် သူဟာ ချဲလ်ဆီးကို ပြောင်းရွှေ့လာဖို့ မဖြစ်နိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ အခုရက်ပိုင်း အတွင်း တောင်ပံ တိုက်စစ်ကို အားဖြည့်တဲ့ အနေနဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ဟာနဲ့ မန်စီးတီး တောင်ပံ ကစားသမား ရာဟင်း စတာလင်တို့ကို ခေါ်ယူဖို့ လက်တကမ်း အလိုကို ရောက်လာကြောင်း အင်္ဂလိပ် မီဒီယာ အများအပြား က ဖော်ပြနေကြပါတယ် ။

သို့ပေမယ့် ပြီးခဲ့တဲ့ ဆောင်းရာသီ စျေးကွက်က စပြီး ၊ ခုချိန်ထိ ချဲလ်ဆီးနဲ့ တောက်လျှောက် သတင်းတွေ ထွက်ထားတဲ့ ဘာစီလိုနာမှ အူစမန် ဒမ်ဘီလီ အကြောင်းတော့ လတ်တလောမှာ အတော်လေး အေးစက်လျက်ရှိပါတယ် ။ ပိုယက်ကတော့ ကြံ့ခိုင်မှု ပြဿနာ ကြီးကြီးမားမား ရှိပေမယ့် ဒမ်ဘီလီကို ခေါ်ယူသင့်ကြောင်း ချဲလ်ဆီးထံ တိုက်တွန်းလိုက်ပါတယ် ။

ပိုယက် က ” ချဲလ်ဆီး ဟာ အူစမန် ဒမ်ဘီလီကိုတော့ ခေါ်ယူသင့်ပါတယ် ။ ဒါပေမယ့် ကလပ်ဖက်က သူ့ရဲ့ ကြံ့ခိုင်မှု မှတ်တမ်း အပေါ် သံသယ ဝင်နေပါတယ် ။ ဘာစီလိုနာဟာ သူ့အတွက် ငွေကြေး အမြောက်အမြား ကုန်ကျခဲ့ပေမယ့် ၊ မျှော်မှန်းထားသလောက် မသုံးလိုက်ရပါဘူး ။ ”

” သူဟာ ဘယ်လို ကစားသမားမျိုး ဖြစ်လာနိုင်တယ် ၊ အသင်း အတွက် ဘယ်လောက် အရေးပါလာနိုင်တယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပေမယ့် ၊ သူနဲ့ ပတ်သက်လာရင် မေးခွန်း အကြီးကြီး တခု က အမြဲလိုလို ရှိနေတတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR