ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းထံ ပြောင်းရွေ့ရန် ဆာကာကို တိုက်တွန်းလိုက်တဲ့ ဂလင်းဂျွန်ဆင်

အင်္ဂလန် ညာနောက်ခံလူဟောင်း ဖြစ်သူ ဂလင်းဂျွန်ဆင်က ဘူကာယိုဆာကာ အနေနဲ့ အာဆင်နယ်ကနေ ထွက်ခွာကာ လီဗာပူးကို ပြောင်းရွေ့သင့်တယ်လို့ ဆိုလိုက်ပြီး အင်္ဂလန် စတားဟာ ယာဂန်ကလော့ရဲ့ အသင်းဟာ တကယ့်ကို အံ၀င်ခွင်ကျ ဖြစ်မယ့်သူ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန် တိုက်စစ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၁၁ ဂိုး သွင်းကာ ၇ ဂိ်ုး ဖန်တီးပေးနိုင်ခဲ့ ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ ပြိုင်ပွဲပြီးဆုံးခါနီးမှာ ခြေချော်မှုတွေ ရှိသွားခဲ့တာကြောင့် ယူရိုပါလိဂ် ၀င်ခွင့် နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က အာဆင်နယ် အတွက် ပထမဦးဆုံး ပွဲထွက်ခွင့် ရခဲ့ကာ ၂၀၁၉-၂၀ မှာ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဆာကာကို ဆုဖလားတွေ အတွက် စိန်ခေါ်နိုင်တဲ့ ကလပ်တွေက စိတ်၀င်စားမှုတွေ ပြသလျက် ရှိနေပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ ဆာကာကို ဒီနွေရာသီမှာ ချဲလ်ဆီးကို ထွက်ခွာသွားခဲ့တဲ့ ရာဟင်းစတားလင်းရဲ့ နေရာမှာ အစားထိုးရန် အသင့်တော်ဆုံးသူ အဖြစ် မြင်လျက် ရှိနေပါတယ်။ အာဆင်နယ်ဟာ ဆာကာကို ကလပ်ကနေ မထွက်ခွာဖို့ အတွက် မြင့်မားတဲ့ လစာနဲ့ စာချုပ်သစ်ကို ကမ်းလှမ်းထားခဲ့ပေမယ့်လည်း အင်္ဂလန်စတားဟာ မြောက်လန်ဒန် ကလပ်ကို ပြန်လည် တုန့်ပြန်ခြင်း မရှိသေးပါဘူး။

ဆာကာဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်တော့သူ ဖြစ်ပြီး လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင် ကတော့ ဆာကာ အနေနဲ့ အာဆင်နယ် ကနေ ထွက်ခွာကာ လီဗာပူးကိုသာ ပြောင်းရွေ့ရန် တိုက်တွန်း သွားခဲ့ပါတယ်။

ဂျွန်ဆင်က “ကျွန်တော် ကတော့ ဆာကာ လီဗာပူးကို ပြောင်းရွေ့သွားတာကို မြင်ချင်ပါတယ်။ သူဟာ လီဗာပူးရဲ့ ကစားဟန်နဲ့ လုံး၀ကို အံ၀င်ခွင်ကျ ဖြစ်မယ့် ကစားသမားပါ။ ဒါပေမယ့် သူဟာ အခုချိန်မှာ အာဆင်နယ် အတွက် ကောင်းကောင်း ကစားပေးနေပြီး အဲဒီမှာ ကစားရတာကို ပျော်ရွှင်နေတဲ့ ပုံစံပါပဲ။ သူဟာ တကယ့်ကို တော်တဲ့ ကစားသမား ဖြစ်ပြီး အခြား ကစားသမားတွေနဲ့ ကွင်းထဲမှာ နားလည်မှု ရှိရှိ ချိတ်ဆက် ကစားဟန်ကို ကြည့်ရင် သိနိုင်ပါတယ်။

သူဟာ အရမ်းကို ငယ်ပါသေးတယ်။ ဒါ့ကြောင့် အာဆင်နယ်မှာ သူ့အနေနဲ့ နောက်ထပ် နှစ်အနည်းငယ် ကစားသွားနိုင်ပါတယ်။ အဲဒီမှာ သူ့ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေကို ပြသနေသ၍ အသင်းကြီးတွေက သူ့ကို ခေါ်ယူချင်နေအုံးမှာ ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။

ဆာကာဟာ အာဆင်နယ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဂန်းနားတို့ အတွက် ပြိုင်ပွဲစုံ ၁၃၁ ပွဲ ကစားပေးထားခဲ့ပြီး ဖြစ်ကာ ၂၃ ဂိုး သွင်းပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အဆင့် ၅ နေရာ ရရှိခဲ့တဲ့ အာဆင်နယ် အသင်းဟာ လာမည့် အောက်တိုဘာလ ၈ ရက်မှာ လီဗာပူးကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး ဧပြီ ၈ ရက်နေ့မှာ အန်ဖီးကို သွားကစားရမှာ ဖြစ်ပါတယ်။

sm