“ပရီးမီးယားလိဂ်မှာလည်း ချဲလ်ဆီး ကို ခြေစမ်းပွဲက ရလဒ် အတိုင်း အနိုင်ရဖို့ မျှော်လင့်ပါတယ်။” ဇင်ချန်ကို

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ မန်ချက်စတာစီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ပေါင် ၃၂ သန်း နဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဇင်ချန်ကို ဟာ ရာသီကြို ခြေစမ်းပွဲမှာ ချဲလ်ဆီး အသင်းကို ၄ ဂိုးပြတ် အနိုင် ရခဲ့တဲ့အပေါ် သိပ်စိတ်မလှုပ်ရှားကြဖို့ အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အမေရိကန် ခြေစမ်းပွဲ ခရီးစဉ် ရဲ့ နောက်ဆုံးပွဲ အဖြစ် လန်ဒန် မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်း နဲ့ ကစားခဲ့ပြီး လေးဂိုးပြတ် အနိုင် ရခဲ့ပါတယ် ။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ဂျေးဇု၊အိုဒီဂတ်၊ဆာကာ၊လိုကွန်ဂါတို့က သွင်းယူခဲ့ကြတာပါ ။

ချဲလ်ဆီး နဲ့ ပွဲမှာ ကစားသမားသစ် ဇင်ချန်ကို ဟာ အာဆင်နယ် အသင်း အတွက် ပွဲထွက် ကစားခဲ့ပြီး ပွဲချိန် ၄၅ မိနစ် အထိ ကစားခဲ့ပါတယ် ။ မန်စီးတီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား လေးကြိမ် ရယူ နိုင်ခဲ့ဖူးတဲ့ ယူကရိန်း လက်ရွေးစင် ဇင်ချန်ကို ဟာ အာဆင်နယ် အသင်းသားတွေရဲ့ အရည်အသွေးကို ချီးကျူး လိုက်ပါတယ် ။

ဒါပေမယ့်လည်း ဇင်ချန်ကို က အာဆင်နယ် အသင်းမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတွေ အများကြီး ရှိနေသေးကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။ ” အာဆင်နယ် အသင်းမှာ ရှိနေရတာက လုံးဝ စိတ်ချမ်းသာစရာပါပဲ ၊ ခုလို ရလဒ်နဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ ”

” ပွဲအကြောင်း ပြောရမယ်ဆို ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ အသင်း တိုးတက်ဖို့ လိုအပ်နေတဲ့ အရာ နှစ်ခုလောက် ရှိနေဆဲပါပဲ ၊ ၄-၀ ဆိုတဲ့ ရလဒ်က ကောင်းမွန်တဲ့ ရလဒ် တစ်ခုပါ ။ ”

” ဒါပေမယ့် အဲ့တာက ခြေစမ်းပွဲ ဖြစ်ပါတယ် ၊ ပရီးမီးယားလိဂ် မှာဆိုရင် ကွဲပြားခြားနား နိုင်ပါတယ် ၊ ဒီ ၄-၀ ဆိုတဲ့ ရလဒ် အတိုင်းပဲ အနိုင်ရဖို့တော့ မျှော်လင့်ပါတယ် ၊ ဒါပေမယ့်လည်း ကျွန်တော်တို့ အလုပ် အပြင်းအထန် ကြိုးစားဖို့ လိုအပ်ပါတယ် ။ ”

” ကျွန်တော် ကိုယ်တိုင်လည်း အသင်းနဲ့ သိပ်မကြာခင် အချိန်မှာ အထိုင်ကျဖို့ လိုအပ်ပါတယ် ၊ ကျွန်တော့် အသင်းဖော်တွေက ကောင်းကောင်း လုပ်ပြ ထားနိုင်ကြတယ်လို့ ခံစား မိပါတယ် ၊ ကျွန်တော် ဒီမှာ ကစားရတာ ပျော်နေပါပြီ ။ ”

” အသင်းဖော်တွေ ဆေးဝန်ထမ်းတွေ နည်းပြအဖွဲ့ဝင်တွေ အားလုံးက ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။ သူတို့ အဲ့ဒီလို ကြိုဆိုကြတာ ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။”

” အာဆင်နယ် က ကစားသမားတွေရဲ့ အရည်အသွေးက မယုံနိုင်လောက်အောင်ပါပဲ၊အသင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေပြီး သူတို့ရဲ့ အဆင့်အတန်းကလည်း မြင့်မားလှပါတယ်၊ကျွန်တော် အာဆင်နယ် ကို ပြောင်းလာတဲ့ အကြောင်းအရင်း များစွာထဲက တစ်ချက်က နည်းပြ အာတေတာကြောင့်ပါ ။ ”

” စီးတီးမှာကတည်းက ကျွန်တော် သူ့အကြောင်း ကောင်းကောင်း သိခဲ့တာ ဖြစ်ပါတယ် ၊ အာဆင်နယ် အသင်းက ကျွန်တော် ငယ်ဘဝ ကတည်းက အားပေးခဲ့တဲ့ အသင်းဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး ၊ ဒါကြောင့် ကျွန်တော့်ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတယ် ဆိုရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM