ပရိသတ်တွေ သိပ်သိကြမှာ မဟုတ်တဲ့ ဂါဘရီယဲလ် ဂျေးဇု နဲ့ ပတ်သက်တဲ့ အချက် ၉ ချက်

အာဆင်နယ် အသင်း ကစားသမားသစ် ဖြစ်လာတဲ့ ဂါဘရီယဲလ် ဂျေးဇု နဲ့ ပတ်သက်ပြီး ဘောလုံး ပရိသတ်တွေ သိပ်မသိနိုင်တဲ့ အချက် ၉ ချက်ကို Jonathan Rogers ရေးသား ဖော်ပြခဲ့တာကို ပြန်လည် ဖော်ပြ ပေးခြင်း ဖြစ်ပါတယ် ။

၁။ထောင်ထဲက ဘောလုံးကွင်းမှာ ဘောလုံး ကစားလေ့ ရှိတဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇု ရဲ့ဘောလုံး ကစားသမား ဘဝ စတင် ခဲ့တဲ့ နေရာဟာ မြောက်ဆော်ပေါ်လို မှာ ရှိတဲ့ စစ်ထောင်တစ်ခုမှာပါ ။ သူ့ရဲ့ ငယ်ဘဝ ဘောလုံး အသင်း ဖြစ်တဲ့ Pequeninos do Meio Ambiente ဟာ စစ်ထောင်ရဲ့ဘောလုံးကွင်းကို အသုံးပြုတာ ဖြစ်ပါတယ် ။

ဂျေးဇု ရဲ့ အိမ် နဲ့ အဲ့ဒီ ဘောလုံးကွင်းဟာ ၄ မိုင် ကွာဝေးပြီး ဘက်စ်ကားခ လည်း မတက်နိုင်တာကြောင့် ဂျေးဇု ဟာ မနက် ၅ နာရီလောက်ကတည်းက ထပြီး လမ်းလျှောက်သွားခဲ့ရပါတယ် ။ ပိုပြီး အံ့ဩစရာကောင်းတာက အဲ့ဒီ အချိန်တုန်းက ဂျေးဇု ဟာ အသက် ၈ နှစ် နှင့် ၁၄ နှစ်ကြား အရွယ်ပဲ ရှိပါသေးတယ် ။

၂။ ကျောင်းစာမှာလည်း ထူးချွန်တဲ့ ဂျေးဇု

ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် ဖြစ်လာဖို့ အပြင်းအထန် ကြိုးစားခဲ့တဲ့ ဂျေးဇု ဟာ ကျောင်းပညာရေးဘက်ကိုလည်း လစ်ဟင်းခဲ့ခြင်းမရှိပါဘူး။သူ့ရဲ့ကျောင်းမှတ်တမ်းတွေအရ ဂျေးဇုဟာ ကျောင်းတက်မှန်သလို final exam ကိုလည်း ဂုဏ်ထူးနဲ့ အောင်မြင် ခဲ့သူပါ ။ သူ့ရဲ့ ဆရာတစ်ဦးကတော့ ဂျေးဇု ဟာ ဘောလုံးသမားသာ ဖြစ်မလာခဲ့ရင် ဇီဝဗေဒ ပညာရပ်မှာ ထူးချွန်တဲ့ တစ်ဦး ဖြစ်လာနိုင်တယ်လို့ ပြောကြား ခဲ့ဖူးပါတယ် ။

၃။New Neymar လို့ သတ်မှတ်ခံခဲ့ရတဲ့ ဂျေးဇု

ပါမီးရက်စ် လူငယ် အသင်းမှာ အံ့ဖွယ် သွင်းဂိုးမှတ်တမ်းတွေကြောင့် ဘရာဇီး မီဒီယာတွေဟာ အသက် ၁၆ နှစ် အရွယ် ဂျေးဇုကို ‘New Neymar’ အဖြစ် ခေါ်ဝေါ် သမုတ်ခဲ့ကြပါတယ် ။ ၂၀၁၆ ခုနှစ်အိုလံပစ် ပြိုင်ပွဲမှာတော့ ဂျေးဇု နဲ့ နေမာတို့ဟာ ဘရာဇီး အသင်းရဲ့ အသင်းဖော်တွေ ဖြစ်လာခဲ့ကြပါတယ် ။

ဂျေးဇု နဲ့ နေမာတို့ဟာ ကောင်လေးတစ်ယောက် ဘောလုံးကိုင်ထားပြီး တိုက်အိမ်တွေကို ငေးကြည့်ရင်း ထိပ်တန်းဘောလုံးသမား ဖြစ်လာချင်တဲ့ စိတ်ကူးကို ပုံဖော်နေတဲ့ပုံကို ပုံစံတူ တက်တူး ထိုးထားကြသူတွေလည်း ဖြစ်ပါတယ် ။

၄။ဂျေးဇု ရဲ့Ph call Celebration နောက်ကွယ်က အကြောင်းအရင်း

ဂျေးဇု ရဲ့ Phone Call Celebration ဟာ သူ့ရဲ့မိခင်ဖြစ်သူ Vera Licia ကို ရည်ရွယ်တာ ဖြစ်ပါတယ် ၊ ဂျေးဇု ရဲ့မိခင်ဟာ သူ့ရဲ့သား ပွဲမကစားမှီအချိန်တိုင်း ဖုန်းခေါ်လေ့ ရှိပြီး ကံကောင်းစေဖို့ ဆုတောင်းပေးသလို ပွဲကစားချိန်အတွင်း အစာအိမ်မအောင့်အောင် ဘာတွေစားသောက်ရမလဲ ဆိုတာ လမ်းညွှန်ပေးလေ့ ရှိပါတယ် ။

ပွဲအပြီးမှာလည်း ဂျေးဇု ရဲ့မိခင် ဟာ ဂျေးဇုရဲ့ ကစားပုံကို ဝေဖန် အကြံပြုတတ်ပြီး လူကျွံဘော မဖြစ်အောင် ဘယ်လို ကစားရမယ် ၊ ဂိုးပေါက်တည့် ကန်ချက်များအောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေကို ပြောကြားလေ့ ရှိပါတယ် ။

၅။ဘရာဇီး ဂန္တဝင်ကြီးကို အချိန်မရွေး ဖုန်းဆက်မေးမြန်းလို့ရသူ

ဘရာဇီး ဂန္တဝင်ကြီး ရိုနယ်ဒို နဲ့ ဂျေးဇု ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြသူတွေပါ ။ ဂျေးဇု ဟာ သူ သိချင်တာရှိတိုင်း ရိုနယ်ဒို ကိုပဲ မေးမြန်းဖြစ်ကြောင်း ခုလို ပြောကြား ထားဖူးပါတယ် ။ ” ကျွန်တော်တို့ နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ပါတယ် ၊ ကိုယ့်ကိုယ်ကို သံသယ ဖြစ်တဲ့အခါတိုင်း မေးခွန်းတွေ ရှိလာတဲ့အခါတိုင်း သူ့ကို မေးဖြစ်ပါတယ် ၊ အဲ့ဒီအတွက် ကျွန်တော် သိပ်ကို ဂုဏ်ယူရပါတယ် ၊သူက ကျွန်တော် မြင်ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးပါပဲ ။ ”

ရိုနယ်ဒို ကလည်း ဂျေးဇု ကို ” ကျွန်တော်တို့ နှစ်ယောက်မှာ တူညီတဲ့ အရာတွေ အများကြီး ရှိပါတယ် ၊ သူက ငယ်ရွယ်ပါတယ် ၊ တာဝန်ယူမှုတွေ အများကြီးနဲ့ အောင်မြင်မှုတွေ အများအပြားလည်း ရယူထားနိုင်ပါတယ် ၊ သူ လုပ်ပြထားတဲ့ အရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ အားရကျေနပ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ဖူးပါတယ် ။

၆။ပါမီးရက်စ် ကို တန်းဆင်းအန္တရယ် ကနေ ချန်ပီယံ ဖြစ်အောင် ကူညီပေးခဲ့သူ

၂၀၁၄ ခုနှစ် ပါမီးရက်စ် အသင်း တန်းဆင်း အန္တရယ် နဲ့ ကြုံနေရချိန်မှာ ဂျေးဇု ဟာ အသင်းရဲ့အကယ်ဒမီမှာပဲ ရှိပါသေးတယ် ။ အဲ့ဒီအချိန်မှာ ပရိသတ်တွေဟာ အကယ်ဒမီမှာ ခြေစွမ်းပြနေတဲ့ ဂျေးဇု ကို အသင်းကြီးမှာ နေရာ ပေးဖို့ ဝိုင်းဝန်း တောင်းဆို ခဲ့ကြပါတယ် ။

အစပိုင်းမှာတော့ အသင်း နည်းပြတွေဟာ ပရိသတ်တွေရဲ့တောင်းဆိုမှုကို လက်မခံခဲ့ဘဲ တောင့်ခံထားခဲ့ကြပါတယ် ။ နောက်ပိုင်းမှာတော့ ဂျေးဇု ကို အသင်းကြီးမှာ နေရာ ပေးခဲ့ပြီး ဂျေးဇု ဟာ ပါမီးရက်စ် အသင်းကို တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲနေရတဲ့ အသင်း အဖြစ်ကနေ ချန်ပီယံ အသင်းဖြစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

၇ ။ မွေးရပ်ဇာတိမြေ ရဲ့ ဟီးရိုး

ဂျေးဇု ဟာ ဆော်ပေါ်လို မြို့ရဲ့ ခရိုင်မြို့နယ် Jardim Peri မှာ ကြီးပြင်း ခဲ့သူပါ ။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မကျင်းမှီမှာ Addidas ဟာ ဂျေးဇု အောင်ပွဲခံနေတဲ့ ပုံအကြီးကြီးကို အဆောက်အဦး တစ်ခုမှာ ရေးဆွဲ ဂုဏ်ပြုပေး ခဲ့ ပါတယ် ။ ဂျေးဇု ဟာ ၂၀၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလားမှာ လမ်းဘေးဆေးသုတ်သမား အဖြစ် လုပ်ကိုင် နေခဲ့ရာကနေ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးသမား ဖြစ်လာခဲ့သူပါ ။

၈။ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းကောင်းသူ

ဂျေးဇု ဟာ မန်စီးတီး အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ၃၈ ပွဲ ကစားခဲ့ရာမှာ ဂိုး ၂၀ အထိ သွင်းယူ ထားနိုင်ပါတယ် ။ ဒါ့အပြင် ဂျေးဇု ဟာ သူငယ်ချင်း ဖြစ်သူ နေမာ ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး အမြန်ဆုံး ၁၀ ဂိုးပြည့်တဲ့ ဘရာဇီး ကစားသမား ဆိုတဲ့ စံချိန်ကို အသက် ၂၂ အရွယ်မှာတင် ချိုးဖျက် နိုင်ခဲ့ပါတယ် ။

နောက်တစ်ချက်အနေနဲ့ ဂျေးဇု ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ၁၀ ပွဲ နှင့် အထက် ကစားထားတဲ့ ဘရာဇီးသားတွေထဲမှာ 106 minutes per goal ratio နဲ့ အကောင်းဆုံး ဖြစ်ပါတယ် ။

၉ ။ မကြာသေးခင်ကမှ ဖခင်ဖြစ်လာသူ

Drama ဆန်ဆန် ပရီးမီးယားလိဂ် ဖလား ကို လေးကြိမ်မြောက် ကိုင်မြှောက်ပီး ၄၈ နာရီ အကြာမှာ ဂျေးဇုရဲ့ ချစ်သူ Raiene ဟာ သူတို့ နှစ်ဦးရဲ့ပထမဦးဆုံး ကလေးလေး Helena လို့ ခေါ်တဲ့ သမီးဦးလေး ကို မွေးဖွား ပေးခဲ့ပါတယ် ။

SM