နေ့လယ်ခင်း တဖြတ် အားကစား သတင်းများ

အဲဗာတန် တိုက်စစ်မှူး ရစ်ချလီဆင် ကတော့ တော့တင်ဟမ် ဟော့စပါး ကို ပြောင်းရွှေ့ သွားခဲ့ ပါပြီ ။ စပါး ဟာ အဲဗာတန် ကို ပေါင် သန်း ၆၀ ပေးချေ ခဲ့ရပြီး အပိုဆုကြေးတွေလည်း ပါရှိမယ်လို့ သိရပါတယ် ။

ရစ်ချလီဆင် ရဲ့ အသင်းဟောင်း ဝက်ဖိုဒ့် ကတော့ ဒီအပြောင်းအရွှေ့ ကနေ ၁၀% အကျိုးအမြတ် ရရှိမယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

မန်စီးတီး ကလည်း အာမေးနီးယား ဘီလက်ဖီး ဂိုးသမား စတီဖင် အော်တေဂါ ကို ၃ နှစ် စာချုပ်နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

 

စီးရီးအေ ကလပ် တိုရီနို ရဲ့ တိုက်စစ်မှူး ဘယ်လော့တီ ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်ဘူးလို့ ကလပ် အသင်းဘက်က ထုတ်ပြန် သွားခဲ့ပြီး တိုရီနို နဲ့ လမ်းခွဲ သွားခဲ့ပြီ ဖြစ်ပါတယ် ။

 

ဆဲလ်တစ် အသင်းဟာ ဘင်ဖီကာ ကစားသမား ဂျိုတာ ကို ပေါင် ၆ သန်း ကျော် နဲ့ ခေါ်ယူ ခဲ့ပြီး ၂၀၂၆ အထိ စာချုပ် ချုပ်ဆိုကြောင်း ကြေညာ ခဲ့ပါတယ် ။

ဆဲလ်တစ် ဟာ ဂျိုတာ ကို ပြန်ရောင်းချပါက ဘင်ဖီကာ ကို အကျိုးအမြတ် ခွဲပေးရဖို့လည်း စာချုပ်ထဲမှာ ထည့်သွင်း ခဲ့တယ်လို့ သိရပါတယ် ။

 

ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်ယွန် အသင်းကတော့ ဘိုင်ယန်မြုးနစ် ကနေ စာချုပ်ကုန်လို့ ထွက်ခွာ လာတဲ့ ပြင်သစ် ကွင်းလယ်လူ တိုလစ်ဆို ကို အလွတ် နဲ့ ခေါ်ယူကာ ၂၀၂၇ အထိ စာချုပ် ချုပ်ဆို ခဲ့တယ်လို့ ကြေညာခဲ့ ပါတယ် ။

တိုလစ်ဆို ဟာ အာဆင်နယ် ကနေ ပြန်လာတဲ့ အလက်ဇန်းဒါး လာကာဇက် ကဲ့သို့ပဲ အသင်းဟောင်း လိုင်ယွန် ကို ပြန်လည် ရောက်ရှိ လာခဲ့တာပါ ။

 

အင်တာမီလန် ကလည်း အိုင်ယက်စ် ကနေ ရောက်လာတဲ့ ဂိုးသမား အိုနာနာ ၊ ရိုးမား ကနေ ပြောင်းလာတဲ့ ဟင်းနရစ် မီခီတာရမ် တို့ကို ခေါ်ယူ ပြီးစီး ခဲ့ပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် အသင်းကတော့ သူတို့ဆီမှာ ၆ ရာသီကြာ ကစားခဲ့တဲ့ Sime Vrsalijko ဟာ အသင်းနဲ့ လမ်းခွဲ သွားခဲ့ပြီလို့ ကြေညာ သွားခဲ့ ပါတယ် ။

ခရိုအေးရှား နောက်ခံလူဟာ ၂၀၁၆ တုန်းက အက်သလက်တီကို မက်ဒရစ် ကို ရောက်လာခဲ့သူ ဖြစ်ပြီး ၁၈-၁၉ ရာသီမှာ အင်တာမီလန် ဆီ တရာသီ အငှား ကစားခဲ့ဖူးသူ ဖြစ်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် လူငယ် အသင်းမှာ ကစားရင်း အသင်းကြီးမှာ နေရာမရ တာကြောင့် အငှား ထွက် ကစားနေရတဲ့ နယ်သာလန် တောင်ပံ ကစားသမားလေး တာဟစ်ချောင် ကတော့ ယူနိုက်တက် ကို အပြီးတိုင် စွန့်ခွာကာ အသင်းဟောင်း ဖီယင်နော့ဒ် ကို ပြန်သွားဖို့ စီစဉ် နေပြီလို့ သိရပါတယ် ။

 

ဘာစီလိုနာ ဆီ အငှားထွက် ကစားခဲ့တဲ့ စပိန် တောင်ပံ ကစားသမား အာဒမာ ထရာအိုရေး ကို ဘာစီလိုနာ က အပြီးသတ် မဝယ်ယူခဲ့တာကြောင့် ဝုဗ် ကို ပြန်ရောက်ရှိ လာခဲ့ပြီလို့ သိရပါတယ် ။

 

ဆာဆူအိုလို အသင်း အကြီးအကဲ ကာနီဗာလီ က အခုချိန်ထိ သူတို့ရဲ့ အဓိက ကစားသမား စကာမာကာ ကို လာရောက် ကမ်းလှမ်းလာမှု မရှိသေးပါဘူးလို့ ပြောဆိုရင်း PSG နဲ့ သတင်းတွေကို ပယ်ချ သွားခဲ့ ပါတယ် ။

 

အေစီမီလန် ဂန္ထဝင်ကြီး ပေါ်လိုမာဒီနီ ဟာ အသင်းရဲ့ ကမ်းလှမ်းချက် ကို လက်ခံပြီး အားကစား ဒါရိုက်တာ အဖြစ် ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ် ခဲ့ပြီလို့ သိရ ပါတယ် ။

အေစီမီလန် ဟာ မာဒီနီ နဲ့ မက်ဆာရာ တို့ ကိစ္စ အပြီးမှာတော့ အသစ်ရောက်လာမယ့် ကစားသမားတွေ ကို ကြေညာဖို့ အတွက် စတင် လုပ်ဆောင် နေပြီလို့ သိရပါတယ် ။

 

၂၀၀၄ ခုနှစ်ဖွား ဘရာဇီး တောင်ပံ ကစားသမားလေး ဆာဗင်ဟို ဟာ စီးတီး အဖွဲ့ က ပိုင်ဆိုင်တဲ့ ထရွိုင်းစ် အသင်းထံ ယူရို ၆.၅ သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ပါပြီ ။

ဆာဗင်ဟို ဟာ ပြင်သစ် ကလပ် နဲ့ စာချုပ်ချုပ်ပြီးပါက နယ်သာလန် ကလပ် PSV ဆီကို အငှားထွက် ကစားမယ်လို့ ကြားသိရ ပါတယ် ။

 

လိုင်လီ အသင်းရဲ့ တူရကီ နောက်ခံလူ ဇီကီ ဆီလစ် ဟာ မော်ရင်ဟို ရဲ့ ရိုးမား အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ ပါပြီ ။ ရိုးမား ဟာ ဆီလစ် အတွက် ယူရို ၇ သန်း + အပိုဆုကြေး ပေးချေ ဖို့ သဘောတူညီ ခဲ့ရပါတယ် ။

 

အိုင်ယက်စ် အသင်းကလည်း အေဇက် အယ်ခမာ ကစားသမား အိုဝင် ဝိုင်ဒဲ ကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ အတွက် ကစားသမား ဘက်ရော ကလပ် အသင်းဘက်ကိုပါ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ် ။

 

PSG ကတော့ အင်တာမီလန် နောက်ခံလူ မီလန် စကရီနီယာ အတွက် ယူရို ၆၅ သန်း အထိ တိုးမြှင့် ကမ်းလှမ်း လိုက်ပြီလို့ သိရပါတယ် ။

 

ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက် အရ PSG ဟာ ဂယ်လ်တီယာ ကို လာမယ့် အပတ်ထဲမှာ နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ် ကြေညာဖို့ အားလုံး ဆောင်ရွက် ပြီးစီး နေပြီလို့ သိရပါတယ် ။

လက်ရှိ နည်းပြ ပိုချက်တီနို နဲ့ လမ်းခွဲကြောင်းကို ဦးစွာ ထုတ်ပြန်မှာ ဖြစ်ပြီး အာဂျင်တိုင်းနည်းပြ ဟာ ယူရို ၁၀ သန်း ဝန်းကျင် နစ်နာကြေး ရရှိမယ်လို့ သိရပါတယ် ။

 

စီးရီးအေ ကလပ် ဟဲလက်စ် ဗီရိုနာ အသင်းဟာ အာဆင်နယ် နောက်ခံလူ ပါဘလို မာရီ ကို စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။ မာရီ ဟာ မနှစ် တုန်းက အူဒီနီးစ် အသင်းမှာ အငှား သွားရောက် ကစားပြီး ကျေနပ်လောက်စရာ စွမ်းဆောင်ရည် တွေကို ပြသနိုင်ခဲ့ ပါတယ် ။

အဲဗာတန် အသင်းဟာ မန်ယူနိုက်တက် က စိတ်ဝင်စား နေတဲ့ ဘရန့်ဖိုဒ့် ကွင်းလယ်လူ ( လက်ရှိမှာ အသင်း လက်မဲ့ ) ခရစ်ရှန် အဲရစ်ဆင် ကို ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့တယ်လို့ သိရှိရ ပါတယ် ။

 

လိဒ် ယူနိုက်တက် နဲ့ ဘန်လေ အသင်းတို့ကတော့ အဲဗာတန် ရဲ့ ၃-၄ နှစ် ဆက်တိုက် သန်းရာချီ အရှုံးပေါ်မှု အပေါ် အရေးယူမှု ရှိမရှိ ဆိုတာနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ စုံစမ်း မေးမြန်းခဲ့တယ်လို့ ကြားသိရ ပါတယ် ။

 

လိဒ် ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ကတော့ မန်စီးတီး အသင်း နဲ့ ဆေးစစ်မှု ပြုလုပ်ဖို့ စီစဉ် နေပြီလို့ သိရပါတယ် ။

 

ကစားသမားသစ်တွေ မခေါ်ယူ ၊ စာရင်း မသွင်းနိုင်သေးတာကြောင့် စိတ်ပျက် နေတဲ့ နည်းပြ ဇာဗီ ကို ကျေနပ် စေဖို့ အတွက် ဘာစီလိုနာ ဟာ လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာ ကို အရ ခေါ်ယူဖို့ စိတ်ပိုင်း ဖြတ်ထားပြီး ချဲလ်ဆီး ဆီကနေ ဖြတ်ယူ ဖို့ အားစိုက် လုပ်ဆောင် နေတယ်လို့ ကတ်တလန် အခြေစိုက် SPORT သတင်းစာက ဖော်ပြ သွားခဲ့ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR