ဆဲဘတ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခက်ခဲတဲ့ ညတစ်ညကို ကြုံတွေ့ခဲ့ရတဲ့ နူးနက် ဘက်ကနေ ကာကွယ်ပြောဆိုပေးသွားခဲ့တဲ့ ကလော့

ယာဂန်ကလော့ဟာ မနေ့ညက ဆဲဘတ်ကို လီဗာပူးတို့ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကစားသမားသစ် ဒါ၀င်နူးနက် ခြေစွမ်း မပြနိုင်ခဲ့တာနဲ့ ပက်သက်ပြီး ကာကွယ် ပြောဆို ပေးသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ သြစတီးယားမှာ ပထမပိုင်း ၄၅ မိနစ်သာ ကစားခဲ့ရပြီး ပထမပိုင်း အပြီးမှာ ဖာမီနိုနဲ့ လူစားလဲခံခဲ့ရပါတယ်။

လီဗာပူးဟာ ဒုတိယပိုင်းရဲ့ ပွဲချိန်တော်တော်များများမှာ ဆဲဘတ်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ဂိုးကန်သွင်းမှုတွေ များစွာ လုပ်နိုင်ခဲ့ပေမယ့်လည်း ပြိုင်ဘက် နောက်တန်း နဲ့ ဂိုးသမားကို မကျော်နိုင်ခဲ့တာကြောင့် ချေပဂိုးတော့ မရခဲ့ပါဘူး။ ကလော့ဟာ ပထမပိုင်းမှာ နူးနက်ကို လူငယ် ကစားသမား အများအပြားနဲ့ တွဲဖက် ကစားစေခဲ့တဲ့ အပြင် တောင်ပံကနေ ပံ့ပိုးပေးတဲ့ သူတွေကလည်း အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့ မဟုတ်ဘဲ လူငယ်ကစားသမား မာဘရာ နဲ့ ဘယ်နောက်ခံလူနေရာကို ၀င်ကစားပေးခဲ့တဲ့ မီနာ တို့ ဖြစ်နေတာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ်။

ကလော့ကလည်း နူးနက် ဒီပွဲစဉ်မှာ ခြေစွမ်း မပြနိုင်ခဲ့ခြင်းဟာ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုတွေ ကင်းမဲ့နေခဲ့တာကြောင့်လို့ ပြောလိုက်ပါတယ်။ ကလော့က ဥရုဂွေးစတား အနေနဲ့ မိုဆာလား လူး၀စ်ဒီယက် ရောဘတ်ဆန် အလက်ဇန်းဒါးအာနိုး တီယာဂို တို့လို ကစားသမားတွေ ပါ၀င်လာခဲ့တဲ့ ဒုတိယပိုင်းမှာသာ ကစားခွင့် ရခဲ့မယ်ဆိုရင် ပြိုင်ဘက်ကို ဒီထက် အများကြီး ခြိမ်းခြောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုသွားပါတယ်။

ကလော့က “ကျွန်တော်တို့ ပထမပိုင်းမှာ လူငယ် ကစားသမား အများအပြားကို အသုံးပြု သွားခဲ့ပြီး သူတို့ အားလုံး အိုကေကြပါတယ်။ ဒါပေမယ့် သူတို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ကြပါတယ်။ သူတို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေလည်း ဖန်တီး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အထူးသဖြင့် ပထမပိုင်းမှာ ကစားသမား အများစုဟာ ကျွန်တော်တို့ လုပ်နေကြ အရာတွေနဲ့ အသားတကျ ဖြစ်အောင် လုပ်နိုင်ဖို့ အတော်လေး လုပ်ခဲ့ကြရပါတယ်။

ဒါ၀င်ဟာ တိုက်စစ်ပိုင်းမှာ တအားကို သီးခြားကြီး ဖြစ်နေလွန်းခဲ့ပါတယ်။ အားလုံးဟာ နောက်ထိ ဆင်းကာ အသင်းရဲ့ build-up play မှာ ပါ၀င်ခဲ့ကြပေမယ့်လည်း တအားကို အစွန်ဘက် ရောက်လွန်းနေခဲ့ပြီး ဒါ၀င်အတွက် ပင်နယ်တီ ဧရိယာထဲကို ဘောလုံး ပေးပို့တာပဲ လုပ်နိုင်ခဲ့ပါတယ်။ ဒါ၀င်ကလည်း ဂိုးသွင်းနိုင်ဖို့ တော်တော် နီးစပ်ခဲ့တဲ့ အခိုက်အတန့် တစ်ချို့ ရခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အသင်းဖော်တွေရဲ့ ထောက်ပံ့မှုကို ဒီထက် လိုအပ်ပါတယ်။ သူ့တစ်ဦးတည်းကို အာရုံမစိ်ုက်နိုင်အောင် အခြားသူတွေကို busy ဖြစ်နေအောင် လုပ်သွားဖို့ လိုအပ်ပါတယ်။ လိုအပ်ချက်တွေ အများကြီး ရှိခဲ့ါတယ်။

ဒုတိယပိုင်းမှာသာ ဒါ၀င်ကစားခွင့် ရခဲ့မယ် ဆိုရင် သူ့အနေနဲ့ ပင်နယ်တီ ဧရိယာထဲမှာ အခွင့်အရေးတွေ အများကြီး ရမှာ ဖြစ်ပါတယ်။ ဒါဟာ သူ့အတွက် အတော်လေး အကူအညီ ဖြစ်မှာပါ။ ပွဲကတော့ ပြီးသွားခဲ့ပါပြီ။ သိပ်ပြီး ကျေနပ်မှုတော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို လက်ခံရမှာ ဖြစ်ပြီး ဒီကနေ ပြင်ဆင်မှုတွေ ဆက်လုပ်သွားရမှာပါ။”

ဒါ့အပြင် ကလော့ဟာ အိမ်ရှင်အသင်းရဲ့ ကစားသမားတွေရဲ့ ကြမ်းတမ်းရဲ့ ဖျက်ထုတ်မှုတွေ အပေါ် သဘောမကျ ဖြစ်နေခဲ့တာကို ပွဲချိန် အတွင်း မြင်တွေ့ခဲ့ရပါတယ်။

ကလော့က “ဆဲဘတ်ရဲ့ ကစားရတာဟာ ဘယ်တုန်းကမှ ခြေစမ်းပွဲလို ပုံစံမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်တို့ အတွက်ကတော့ ဒါဟာ ခြေစမ်းပွဲ မဟုတ်ပါဘူး။ ဆဲဘတ်ဟာ ဒီလို ကြမ်းတမ်းရဲ့ challenge တွေ လုပ်ခဲ့ပေမယ့်လည်း သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဆဲဘတ်ကို လေးစားပါတယ်။ သူတို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ တစ်ခါတစ်ရံ သူတို့ရဲ့ challenge တွေက တအား ကြမ်းလွန်းပါတယ်။ ကျွန်တော် သိပ်ပြီးတော့ မကြိုက်ပါဘူး။ ဒါပေမယ့် အိုကေပါတယ်။ ပွဲအပြီးမှာ ကစားသမားတွေ ဘာမှ မဖြစ်ခဲ့လို့ပါ။”

SM