ဆာကာ ကို လစာ နှစ်ဆ တိုးပေးပြီး စာချုပ်သစ် ကမ်းလှမ်းထားတဲ့ အာဆင်နယ် အသင်း

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ လူငယ် ကြယ်ပွင့် ဘူကာရို ဆာကာ ကို ကလပ် အသင်းရဲ့ လစာအများဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာအောင် လစာ တိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ် ။

အင်္ဂလန် လက်ရွေးစင် ဆာကာ ရဲ့ အာဆင်နယ်နဲ့စာချုပ် သက်တမ်းဟာ နှစ်နှစ် ကျန်ရှိနေသေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ အာဆင်နယ် နဲ့ ကာယကံရှင်ကစားသမားတို့ ဆွေးနွေး ညှိနှိုင်း နေကြဆဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အပတ်တုန်းက မန်စီးတီး အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဆာကာ ကို အာဆင်နယ် အသင်းဟာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အရှိန်အဟုန်မြင့် လုပ်ဆောင်နေတယ်လို့ Sportsmail က ဖော်ပြ လိုက်ပါတယ် ။

အခု အခါမှာတော့ အာဆင်နယ် အသင်းဟာ ဆာကာ ရဲ့လက်ရှိ တစ်ပတ်လုပ်ခ ပေါင် ၇ သောင်းကို နှစ်ဆ တိုးပေးပြီး တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၄ သောင်း နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ် ။

ဒါပေမယ့် စာချုပ်သစ် အတွက် အလုံးစုံ သဘောတူညီမှုတော့ မရရှိသေးပါဘူး ။ အာဆင်နယ် အသင်းဘက်ကတော့ ဆာကာ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးမယ်လို့ ယုံကြည်မှု အပြည့် ရှိနေပါတယ် ။ ဆာကာ အနေနဲ့ စာချုပ်သစ်ကို သဘောတူ လက်မှတ်ရေးထိုးပါက ဂန်းနားတို့ရဲ့လစာအများဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာမှာပါ ။

အာဆင်နယ် အသင်းမှာ လက်ရှိ လစာ အများဆုံး ရနေတဲ့ ကစားသမားကတော့ ကွင်းလယ်လူ သောမက်စ် ပါတေး နှင့် တိုက်စစ်မှူးသစ် ဂါဘရီယဲလ် ဂျေးဇု တို့ ဖြစ်​ပြီး တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းစီ ရရှိနေကြပါတယ် ။

အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယို ရိုမာနို ကတော့ မနေ့က ညပိုင်းမှာ Qué Golazo Podcast မှာ လူငယ် တောင်ပံ ကစားသမား ဆာကာ ရဲ့ စာချုပ်သစ် အခြေအနေနဲ့ ပတ်သက်ပြီး ခုလို ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပဲ ဆာကာ က အာဆင်နယ် မှာ အရမ်းပျော်နေပါတယ်၊သူက အသင်းကိုလည်း ချစ်သလို အာတေတာကိုလည်း ချစ်ပါတယ်၊သူနဲ့အာတေတာ ကြားက ဆက်ဆံရေးက သိပ်ကောင်းပါတယ်၊ဆာကာ အာဆင်နယ် အသင်းမှာ ဆက်ရှိဖို့ အခွင့်အလမ်းကောင်းတွေ အများကြီး ရှိတယ်လို့ ထင်ပါတယ်၊အလုံးစုံ သဘောတူညီမှုတော့ မရသေးပါဘူး ။ ” လို့ ပြောကြား ထားပါတယ် ။

SM