ဆလီဘာ ကို ပြန်လည် ခေါ်ယူနိုင်လိမ့်မယ်လို့ အကောင်းမြင်ထားတဲ့ မာဆေးလ် အသင်း

မာဆေးလ် အသင်းဟာ အာဆင်နယ် အသင်းရဲ့နောက်ခံလူ ဝီလီယံ ဆလီဘာ ကို ခေါ်ယူနိုင်လိမ့်မယ်လို့ အကောင်းမြင်ထားကြောင်း ပြင်သစ် က သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

ဆလီဘာ ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိန့်အက်တီယန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ၊ ငါးနှစ် စာချုပ် နဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အသင်းဟောင်း စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား သွားကစားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၁ နှစ် ဇန်နဝါရီမှာလည်း အာဆင်နယ် အသင်းဟာ ဆလီဘာ ကို ပြင်သစ် လီဂူး ကလပ် နိုက်စ်အသင်းထံ ထပ်မံ အငှားချခဲ့ပါတယ် ။ ဆာလီဘာ ဟာ နိုက်စ် အသင်းမှာတော့ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး ပုံစံကောင်း ပြသ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆလီဘာ ကို စတင် အသုံးပြုလောက်တယ်လို့ ထင်မှတ် ထားခဲ့ကြပေမယ့် အာတီတာ နဲ့ အီဒူး တို့ဟာ ဘန်ဝှိုက် ကို ခေါ်ယူပြီး ပြင်သစ်သားလေးကို မာဆေးလ် အသင်းထံ တစ်ရာသီ ထပ်မံ အငှားချ လိုက်ပြန်ပါတယ် ။

ဆလီဘာ ဟာ မာဆေးလ် အသင်းမှာလည်း ပုံစံကောင်းတွေ ဆက်လက် ပြသ နိုင်ခဲ့ပြီး ပြင်သစ် လီဂူး ၁ ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိရုံသာမက ပြင်သစ် လီဂူး ၁ ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ပါဝင် ခဲ့ပါတယ် ။

ဒါကြောင့် မာဆေးလ် အသင်းဟာ ဒီနွေရာသီမှာ ဆလီဘာ ကို အပြီးသတ် ဝယ်ယူချင်ပေမယ့် အာဆင်နယ် အသင်းဘက်ကတော့ လုံးဝရောင်းချဖို့ ဆန္ဒ မရှိပါဘူး ။ အာဆင်နယ် အသင်းဟာ ဆလီဘာ ကို ပွဲထွက်ခွင့် အာမခံချက်နဲ့ အတူ စာချုပ်သစ် ချုပ်ဆိုနိုင်ရေး လုပ်ဆောင် နေပါတယ် ။

အခု အပတ်အစောပိုင်းမှာ မာဆေးလ် ဥက္ကဌ ဟာ လန်ဒန်ကို လာရောက်ပြီး ဆလီဘာ ရဲ့အေဂျင့် နဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါသေးတယ် ။

အခု အခါမှာတော့ L’Equipe က မာဆေးလ် အသင်းဟာ အာဆင်နယ် အသင်းရဲ့နောက်ခံလူ ဝီလီယံ ဆလီဘာ ရဲ့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပြီးခေါ်ယူနိုင်လိမ့်မယ်လို့ အံအားသင့်ဖွယ် အကောင်းမြင်ထားကြောင်း ရေးသားဖော်ပြလိုက်ပါတယ် ။

ဆလီဘာ ဟာ အာဆင်နယ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပွဲထွက် ကစားခွင့် ရနေပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာကြောင့် နည်းပြ အာတေတာ နဲ့ ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိထားပါတယ် ။

SM