ဂန်းနားတို့ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ အတူ ဖလော်ရီဒါဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဆင်နယ် ၄-၀ ချဲလ်ဆီး ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ချက်

Florida Cup 2022 အဖြစ် လန်ဒန် မြို့ခံ နှစ်သင်း ယှဉ်ပြိုင် ကစားတဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်းကို ၄ ဂိုးပြတ် အနိုင်ရသွားခဲ့ပြီး Florida Cup ချန်ပီယံ ဖြစ်သွားကာ အမေရိကန် ခြေစမ်းပွဲ ခရီးစဥ်ကို ရာနှုန်းပြည့် နိုင်ပွဲ နဲ့ နှုတ်ဆက် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရော ချဲလ်ဆီး အသင်းပါ အဓိက ကစားသမား အများစုနဲ့ ပွဲထွက် လာခဲ့တာ ဖြစ်ပြီး ပထမပိုင်းမှာ အာဆင်နယ် အသင်းဟာ ဂျေးဇု ၊ အိုဒီဂတ် တို့ရဲ့ သွင်းဂိုးနဲ့ ၂ ဂိုးပြတ် ဦးဆောင် နေခဲ့ပါတယ် ။

အာဆင်နယ် အသင်းရဲ့ ဦးဆောင်ဂိုးဟာ ရှာကာ ရဲ့ ပေးပို့မှုကနေ ဂျေးဇုက မန်ဒီ ကို ကျော်ကန်ပြီး သွင်းယူ ခဲ့တာဖြစ်ပါတယ် ။ ဒုတိယဂိုးကတော့ ပါတေး နဲ့ မာတင်နယ်လီ အတွဲအဖက်ကနေ မာတင်နယ်လီ ရဲ့ပေးပို့မှုကို အသင်း ခေါင်းဆောင် အိုဒီဂတ် က ဘယ်ခြေနဲ့ ကန်သွင်း ယူ ခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းရဲ့တတိယမြောက်ဂိုးကတော့ ဒုတိယပိုင်းမှာ ရှာကာ ရဲ့ကန်ချက် မန်ဒီ ကာကွယ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဆာကာ က အနီးကပ် ပိတ်သွင်းယူ ခဲ့တာပါ ။နောက်ဆုံးဂိုးကိုတော့ ဆယ်ဒရစ်ရဲ့ဖြတ်တင်ပေးပို့မှုကနေ လိုကွန်ဂါ က ခေါင်းတိုက်သွားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် ၄-၀ ချဲလ်ဆီး ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကတော့

၁။ ပွဲဦးထွက် ကစားခွင့်ရတဲ့ ဇင်ချန်ကို

ပြီးခဲ့တဲ့ရက်ပိုင်းကမှ မန်စီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ ဇင်ချန်ကို ဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အနည်းငယ်ပဲ ဆင်းရသေးပေမယ့် ချဲလ်ဆီး နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ် ။

ဘယ်နောက်ခံလူ အဖြစ် ပွဲထွက် လာခဲ့တဲ့ ဇင်ချန်ကို ရဲ့ဘယ်ခြမ်းကနေ ညာခြမ်းမှာ ရှိနေတဲ့ ဆာကာ ကို ဘောလုံး ပေးပို့မှုအပေါ် ပရိသတ်တွေ အများစု အကြိုက်တွေ့ နေခဲ့ကြပြီး တီယာနေး မကစားနိုင်ချိန်မှာ အာဆင်နယ် အသင်းအတွက် အားကိုးရမယ့်သူလို့ ချီးကျူး ပြောဆိုမှုတွေ ရရှိနေပါတယ် ။ ဇင်ချန်ကို ဟာ ပထမပိုင်း ၄၅ မိနစ်ပဲ အာဆင်နယ် အတွက် ကစားခဲ့တာ ဖြစ်ပါတယ် ။

၂။ ၄ ပွဲ ၄ ဂိုး သွင်းထားတဲ့ ဂျေးဇု

ဂျေးဇု ကတော့ အာဆင်နယ် အသင်းရဲ့ရာသီကြို ခြေစမ်းပွဲမှာ သူ့ရဲ့ ပုံစံကောင်းတွေကို ဆက်တိုက် ပြသနေပါတယ် ။ ပြီးခဲ့တဲ့ အော်လန်ဒို နဲ့ ပွဲကလွဲလို့ ဂျေးဇု ဟာ ပွဲတိုင်း ဂိုးသွင်း ထားနိုင်ပြီး ရာသီကြို ခြေစမ်းပွဲ ၄ ပွဲမှာ သွင်းဂိုး ၄ ဂိုး အထိ ရှိနေ ခဲ့ပါပြီ ။

ဒီနေ့ ချဲလ်ဆီး နဲ့ ပွဲမှာလည်း အာဆင်နယ် အသင်း တိုက်စစ် ကို ဦးဆောင်လာတဲ့ ဂျေးဇု ဟာ မန်ဒီ ကို ကျော်ကန်ပြီး အာဆင်နယ် အတွက် အဖွင့်ဂိုး သွင်း ပေးခဲ့ပါတယ် ။ ဒီနေ့ပွဲရဲ့Man of the Match ကိုလည်း ဂျေးဇု ရရှိ ခဲ့ပါတယ် ။

၃ ။ ဆက်လက် တောက်ပနေဆဲ ဆလီဘာ

အော်လန်ဒို နဲ့ ပွဲကတည်းက ပရိသတ်တွေရဲ့ချီးကျူးမှု ရရှိထားတဲ့ ဆလီဘာ ဟာ ချဲလ်ဆီး နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး အသင်းဖော် နောက်ခံလူ ဂါဘရီယဲလ် နဲ့ အတူ ပွဲချိန်ပြည့် ကစားခွင့် ရရှိခဲ့ပါတယ် ။ ဆလီဘာ နဲ့ ဂါဘရီယဲလ် တို့ဟာ ပွဲချိန်ပြည့် ကစားခွင့်ရတဲ့ နှစ်ဦးတည်းသော အာဆင်နယ် ကစားသမား ဖြစ်ပါတယ် ။

မာဆေးလ် အသင်းကနေ ပြန်လည် ရောက်ရှိလာတဲ့ ဆလီဘာ ရဲ့ လျင်မြန်မှု ၊ လုပ်ရဲကိုင်ရဲရှိမှု ၊ ပွဲအခြေအနေ အပေါ် ကောင်းကောင်း သုံးသပ်နိုင်မှု နဲ့ အေးဆေး တည်ငြိမ်မှုတွေဟာ လာမယ့် ရာသီ အာဆင်နယ် အသင်း နောက်တန်း အတွက် အားရကျေနပ်စရာပါပဲ ။

၄။ တိုက်စစ်မှူး ပြဿနာ အဖြေရှာရဦးမယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ တခြားနေရာတွေမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပေမယ့် တိုက်စစ်မှာတော့ အဆုံးသတ် ဂိုးသွင်းပေးမယ့်သူ ပြိုင်ဘက် ခံစစ်မှူးတွေ ရှိန်ရမယ့် ကစားသမားမျိုး ရှိမနေ ပါဘူး ။ တိုက်စစ်မှာ အာဆင်နယ် က ဂျေးဇု ဟာ ချဲလ်ဆီး တိုက်စစ် ကစားသမားတွေထက် သွင်းဂိုး ဆာလောင်စိတ် ပိုမို ပြင်းပြတာကိုလည်း တွေ့ရပါတယ် ။

အသစ် ခေါ်ယူထားတဲ့ စတာလင် ဟာလည်း အာဆင်နယ် အသင်း နောက်တန်းကို အခက်တွေ့အောင်လုပ်နိုင်ခဲ့ခြင်း မရှိပါဘူး ။ ချဲလ်ဆီး အသင်း တိုက်စစ်မှာ လီဝန်ဒေါစကီး ၊ ဟယ်ရီကိန်း ၊ ဟာလန်း ၊ ဘန်ဇီးမား တို့လို တိုက်စစ်မှုးတွေ ရှိမနေတာဟာ ချန်ပီယံဆုတွေ အတွက် တိုက်ပွဲ ဝင်ရာမှာ အခက်အခဲ ရှိလာ နိုင်ပါတယ် ။

၅။ 100% Win Rate On US Tour

အာဆင်နယ် အသင်းဟာ အမေရိကန် ခြေစမ်းပွဲ ခရီးစဉ် အဖြစ် နုရင်ဘတ်၊အဲဗာတန်၊အော်လန်ဒို၊ချဲလ်ဆီး တို့နဲ့ ကစားခဲ့တာ ဖြစ်ပြီး ရာနှုန်းပြည့် နိုင်ပွဲ သွင်းဂိုး ၁၄ ဂိုး၊ပေးဂိုး ၄ ဂိုးနဲ​ Clean-Sheet ၂ ပွဲ ရခဲ့ပါတယ် ။

အမေရိကန် ခြေစမ်းပွဲ မတိုင်မှီ တံခါးပိတ် ခြေစမ်းပွဲ အဖြစ် လိဂ်ဝမ်း ကလပ် အစ်ပ်ဆွစ်ချ်တောင်းနဲ့ ကစားခဲ့ပြီး ၅-၁ နဲ့ အနိုင်ရထားခဲ့တာကြောင့် အာဆင်နယ် အသင်းဟာ ရာသီကြို ခြေစမ်းပွဲမှာ ပွဲတိုင်း အနိုင် ကစားထားတယ်ဆိုရမှာပါ ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် မစတင်မှီ နောက်ဆုံး ခြေစမ်းပွဲ အဖြစ် အမ်းမရိတ်ကွင်းမှာ ဆီဗီးလား အသင်းနဲ့ အမ်းမရိတ်ဖလား ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ် ။

SM