ချဲလ်ဆီး နဲ့ ရာသီကြို ခြေစမ်းပွဲမှာ အာဆင်နယ် အတွက် ပွဲဦးထွက် ကစားရဖွယ် ရှိနေတဲ့ ဇင်ချန်ကို

မနက်ဖြန် မြန်မာစံတော်ချိန် နံနက် ၆ နာရီ မိနစ် ၃၀ တွင် ကစားမယ့် ချဲလ်ဆီး အသင်း နဲ့ ရာသီကြို ခြေစမ်းပွဲမှာ ကစားသမားသစ် ဇင်ချန်ကို ဟာ အာ​ဆင်နယ် အသင်း အတွက် ပွဲဦးထွက် ကစားခွင့် ရဖွယ် ရမှာ ဖြစ်ကြောင်း နည်း​ပြ အာတေတာ ​​က ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့က ညပိုင်းမှာ မန်ချက်စတာ စီးတီး အသင်းရဲ့ကစားသမား ဇင်ချန်ကို ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀+ Add-ons ၂ သန်း ၊ လေးနှစ် စာချုပ် နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ လိုက်ပါတယ် ။

ဇင်ချန်ကို ဟာ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၃၅ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။ ယူကရိန်း လက်ရွေးစင် ဇင်ချန်ကို ဟာ အော်လန်ဒို ကို ရောက်ရှိနေတဲ့ အာဆင်နယ် အသင်းနဲ့ ပူးပေါင်းပြီး အသင်းဖော်သစ်တွေနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေပါပြီ ။

အာဆင်နယ် နည်းပြ အာတေတာ က ချဲလ်ဆီး နဲ့ ပွဲမှာ ဇင်ချန်ကို ပွဲချိန် မိနစ် အနည်းငယ် ကစားရသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။ ” ဇင်ချန်ကို က အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းမှာပါ ၊ လေ့ကျင့်ခန်း ဆင်းခွင့်လည်း ရထားပါတယ် ၊ သူသာ အဆင်ပြေမယ်ဆိုရင် ပွဲချိန် မိနစ် အနည်းငယ် အချို့ ကစားပေးသွားပါမယ် ။ ”

” ကျွန်တော်တို့ဘက်က ဆုံးဖြတ်ချက် ချသွားရမယ့် ကိစ္စ ဖြစ်ပါတယ် ၊ ဒါပေမယ့် ကျွန်တော် သေချာပေါက် အာမခံ နိုင်တာ တစ်ခုကတော့ ကစားသမား ဘက်က ပွဲကစားခွင့် မိနစ် အချိုု့ ရရှိဖို့ရာ တွန်းအားပေးဖို့ ကြိုးစား သွားမယ်ဆိုတာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဇင်ချန်ကို ဟာ အာဆင်နယ် အသင်းရဲ့နွေရာသီ ပဉ္စမမြောက် ခေါ်ယူမှု ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဇင်ချန်ကို မတိုင်ခင် မတ်တာနာ၊မာကွင်ဟိုစ့်၊ဖေဘီယို ဗီအဲရာ နှင့် ဂါဘရီယဲလ် ဂျေးဇု တို့ကို ခေါ်ယူ ထားတာကြောင့် စုစုပေါင်း အသုံးစရိတ် ပေါင် သန်း ၁၀၀ ကျော် ရှိနေပါပြီ ။

အာဆင်နယ် နည်းပြ အာတေတာ က ဇင်ချန်ကို ကို ဘယ်နေရာမှာ ကစားခိုင်းမလဲ ဆိုတာ နဲ့ ပတ်သက်ပြီး ခုလို ပြောကြား ထားပါတယ် ။ ” သူ့ရဲ့အဓိက နေရာကတော့ ဘယ်နောက်ခံလူ နေရာ ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် သူ့ရဲ့နေရာ ပြောင်းလဲ ကစားနိုင်မှု၊ကစားကွက်မျိုးစုံမှာ အံဝင်အောင် ကစားနိုင်မှုက ကွင်းထဲမှာ အသင်းအတွက် နေရာလွတ်တွေ အများကြီး ရှာဖွေ ပေးနိုင်မှာပါ ၊ ဒါက အဲလက်စ် မှာ ရှိတဲ့ အဓိက အရည်အသွေးပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SM