ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ရတဲ့အတွက် စိတ်လှုပ်ရှားနေကြတဲ့ ပရိသတ်တွေကို သတင်းစကားပါးရင်း ဇင်ချန်ကို ရဲ့debut အပေါ် မှတ်ချက် ပေးလိုက်တဲ့ အာတေတာ

အာဆင်နယ် အသင်းဟာ ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းကို ဂျေးဇု ၊ အိုဒီဂတ် ၊ ဆာကာ ၊ လိုကွန်ဂါ တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ လေးဂိုးပြတ် အနိုင် ရသွားခဲ့ပြီး Florida Cup ချန်ပီယံ အဖြစ် အောင်ပွဲ ခံ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အမေရိကန် ခြေစမ်းပွဲ ခရီးစဉ်မှာ အဲဗာတန်၊အော်လန်ဒို၊ချဲလ်ဆီး တို့နဲ့ ကစားခဲ့တာ ဖြစ်ပြီး ရာနှုန်းပြည့် နိုင်ပွဲ သွင်းဂိုး ၉ ဂိုး၊ပေးဂိုး ၁ ဂိုးနဲ့ Clean-Sheet ၂ ပွဲ ရခဲ့ပါတယ် ။

အာဆင်နယ် နည်း​ပြ အာတေတာ က ပွဲအပြီး အင်တာဗျူးမှာ ပရိသတ်တွေ အနေနဲ့ အခု အသင်းအပေါ် စိတ်လှုပ်ရှား ရင်ခုန် သင့်ပြီလား ဆိုတဲ့ မေးခွန်းကို ” ဒါပေါ့ ၊ ဒါပေမယ့် အခု ကစားတာက ခြေစမ်းပွဲပါ ၊ ဒီနေ့ပွဲကနေ အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေ အများကြီး မြင်တွေ့ ခဲ့ရပါတယ် ။ ”

” ကျွန်တော်တို့ရဲ့ ကစားပုံ ၊ ကျွန်တော်တို့ ပြသခဲ့တဲ့ စိတ်ဓတ် ပြင်းပြမှု ၊ ကျွန်တော်တို့ အသင်းက ဘယ်လို အသင်းမျိုးလဲဆိုတာ ပြသဖို့ ကြိုးစား ခဲ့ကြတာက ကောင်းမွန်တဲ့ လက္ခဏာတွေပါပဲ ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သိထားရမှာက ဒါက ခြေစမ်းပွဲ ဆိုတာကိုပါပဲ ။ ”

” အရမ်းကြီး စိတ်လှုပ်ရှား ရင်ခုန် မနေကြပါနဲ့ဦး လို့ ပြောချင်ပါတယ် ၊ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရဦးမယ့် အရာတွေ အများကြီး ရှိနေသေးတယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် ဒီ ခရီးစဉ်ကို စီစဉ်ကြတဲ့သူတွေ အားပေးကြတဲ့သူတွေအတွက် စိတ်ပျော်ရွှင်မှု အတိုင်းအတာ တစ်ခုအထိ ရမယ်လို့ ထင်သလို အသင်းသားတွေလည်း ကောင်းမွန်တဲ့ အရှိန်အဟုန် တစ်ခု ရသွားကြပါတယ် ။ ”

” အခု အချိန်မှာ​​တော့ လန်ဒန်ကို ပြန်ဖို့ အချိန်ကျပါပြီ ၊ ဆက်လက် အာရုံစိုက်ပြီး တိုးတက်မှုတွေ ရှိလာအောင် လုပ်ဆောင် ရပါမယ် ၊ ရှေ့ဆက် လှမ်းရပါဦးမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ဟာ ချဲလ်ဆီး နဲ့ ပွဲမှာ ပွဲဦးထွက် ကစားခဲဲ့တဲ့ ဇင်ချန်ကို အပေါ်လည်း ခုလို မှတ်ချက် ပေးသွားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မန်စီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ ဇင်ချန်ကို ဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အနည်းငယ်ပဲ ဆင်းရသေးပေမယ့် ချဲလ်ဆီး နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ် ။

ဒါပေမယ့်လည်ူ ဇင်ချန်ကို ဟာ ပထမပိုင်း ၄၅ မိနစ်ပဲ အာဆင်နယ် အတွက် ကစားခဲ့တာ ဖြစ်ပါတယ် ။ အာတေတာ က ” သူ(ဇင်ချန်ကို) က ပွဲကစားဖို့ ဆန္ဒ ပြင်းပြ နေ ကျွန်တော် သိခဲ့ပါတယ် ၊ ဒါကြောင့် သူ့ကိုအများဆုံး ၄၅ မိနစ် ပဲ ကစားခိုင်းခဲ့ပါတယ် ။ သူ အဆင်ပြေပြေ ကစားပြသွားတာ ခင်ဗျားတို့လည်း တွေ့ကြမှာပါ ။ ”

” သူက ကျွန်တော်လိုချင်တာ မှန်သမျှ အားလုံးကို နားလည် သဘောပေါက်ပါတယ် ၊ လုပ်ငန်းစဉ်ကိုလည်း နားလည်သူပါ ၊ သူ ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်မြင် မိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM