ကွန်ဒီ ကို ခေါ်ယူဖို့ လက်တစ်ကမ်းသာ လိုတော့တဲ့ ဘာစီလိုနာ

ပရိသတ်တွေ အားလုံး နားလည်ထားကြတာက ဘာစီလိုနာ ဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေ အကြားကနေ ရုန်းကန်နေရတဲ့ အသင်းဖြစ်သလို ၊ အသင်းမှာ ရှိတဲ့ ကစားသမားတွေကိုတောင် လစာ အပြည့်အ၀ ပေးချေနိုင်ခြင်း မရှိသေးဘူး ဆိုတာပါ။

သို့သော် သူတို့ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ လိုချင်တဲ့ ကစားသမားတိုင်းကို ရအောင် ခေါ်ယူနိုင်စွမ်း ရှိသလို ၊ ပရီးမီးယားလိဂ် ထိပ်တန်း အသင်းကြီးတွေကိုတောင် နောက်ကောက်ချပြလျှက် ရှိနေပါတယ်။

ဒါဟာ သူတို့ရဲ့ ရုပ်သံထုတ်လွှင့်ခ မူပိုင်ခွင့်တွေ ရောင်းချနိုင်ခဲ့လို့သာ ဖြစ်တယ်လို့ ပြောကောင်း ပြောလို့ရပေမယ့် ၊ ငွေကြေး ကိစ္စ အဆင်ပြေသွားတိုင်း ဘောလုံးသမားတွေကို စည်းရုံးလို့ ရတာ မဟုတ်ပါဘူး။ အသင်းရဲ့ အလားအလာ ၊ နည်းပြရဲ့ အနေအထား နဲ့ ကလပ် ပတ်ဝန်းကျင်တွေနဲ့လဲ တိုက်ရိုတ် ပတ်သက်နေပါတယ်။

ဘာစီလိုနာ ဟာ ဘယ်လို ဘယ်ပုံတွေ နောက်ကွယ်မှာ လှုပ်ရှားနေတယ် ဆိုတာ မသိရပေမယ့် ၊ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာတော့ အတက်ကြွဆုံး အသင်းလို့ ပြောလို့ရပါတယ်။

ခရစ္စတန်ဆန် ၊ ဖရန့် ကက်စီး တို့ိကို အလွတ်ကြေး နဲ့ ခေါ်ယူထားသလို ၊ ဘိုင်ယန် တိုက်စစ်မှုး လီဝန်ဒေ့ါစကီး ၊ လိဒ် ယူနိုက်တက်တောင်ပံ ကစားသမား ရာဖင်ဟာ တို့ကိုလဲ ပြောင်းရွှေ့ကြေး အမြောက်အများပေးပြီး ခေါ်ယူထားပါတယ်။

နောက်ထပ် ဘာစီလိုနာ ကို ရောက်ရှိလာမယ့် ကစားသမား ကတော့ ဆီဗီလာ အသင်းရဲ့ နောက်ခံလူ ကွန်ဒီ ဖြစ်ပါတယ်။

မူလ က ချဲဆီး ဟာ သူတို့ရဲ့ နောက်တန်း ကို အားဖြည့်ဖို့ အတွက် ကွန်ဒီ ကို အမိအရ ချိတ်ဆက်ခဲ့သလို ၊ ခေါ်ယူဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေတဲ့ သတင်းတွေ ထွက်နေတဲ့အကြားက ဘာစီလိုနာ က ကြားဖြတ်ခုတ်သွားတာပါ။

ဒါဟာ လက်ရှိ အပြောင်းအရွှေ့မှာ ချဲဆီး လက်ထဲကနေ ဘာစီလိုနာ က ဒုတိယမြောက် ကြားဖြတ်ခုတ်ခြင်း ဖြစ်ပါတယ်။

ရာဖင်ဟာ တုန်းကလဲ လိဒ် ယူနိုက်တက် နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ စောစောစီးစီး သဘောတူထားတဲ့ အကြားက ၊ ကစားသမားဟာ ဘာစီလိုနာ ကိုပဲ ပြောင်းရွှေ့သွားသလို ၊ ဒီတစ်ကြိမ်မှာလဲ ဆီဗီလာ နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ကြိုတင် ပြောဆိုနေတဲ့ အကြားက ဘာစီလိုနာ က ကြားထဲကနေ ဝင်ဆွဲသွားခဲ့တာပါ။

Daily Mail ကတော့ ပြောင်းရွှေ့ကြေး ပေါင် 46 သန်း ဝန်းကျင် နဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်တယ်လို့ ဆိုထားပြီး ၊ နောက်ထပ် စွမ်းဆောင်မှုပိုင်း ဆိုင်ရာ အချက်အလက်တွေလဲ ပါဝင်ထားတယ်လို့ ဆိုပါတယ်။

အသက် 23 နှစ် အရွယ် ပြင်သစ် ခံစစ်မှုးဟာ 2019 ခုနှစ် ကမှ Girondins Bordeaux အသင်းကနေ ဆီဗီလာ ကို ယူရို 15 သန်း နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ သို့သော် ဆီဗီလာ အသင်းနဲ့ အတူ ယူရိုပါလိဂ် ဖလားတွေ ဆွတ်ခူးနိုင်ပြီး နောက်မှာတော့ သူ့ကို ဥရောပ ရဲ့ စွမ်းဆောင်ရည်မြင့် ခံစစ်မှုး တစ်ယောက် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ချဲဆီး ဆိုရင် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလတွေမှာ ကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့သည့်တိုင်အောင် ၊ အခွင့်အရေး ကို မိမိရရ ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့တာပါ။

ကတ်တလန် အခြေစိုက် သတင်းတွေမှာတော့ ကွန်ဒီ ကိုယ်တိုင်က ဘာစီလိုနာ ကို ပြောင်းကစားဖို့ စိတ်အားထက်သန်နေတာ ဖြစ်တယ်လို့ ဆိုထားပြီး ၊ နည်းပြ ဇာဗီ ကလဲ တစ်ချိန်လုံး ဖုန်းဆက် ကာ စည်းရုံးရေးတွေ ဆင်းခဲ့တာလို့ သိရပါတယ်။

ဘာစီလိုနာ ဟာ ဘယ်လိုပဲ ဘဏ္ဍာရေးပိုင်းအရ ရုန်းကန်နေရပါစေ ကစားသမားတွေ လာချင်အောင် ဆွဲဆောင်နိုင်တယ် နည်းပြ ဇာဗီ ၊ လာပေါ်တာ ဦးဆောင်တဲ့ ဘုတ်အဖွဲ့ရဲ့ လုပ်ရည် ကိုင်ရည်ကိုတော့ အသိမှတ်ပြု ချီးကျူးရတော့မှာ ဖြစ်ပါတယ်။

SM