Weekly Special: Liverpool ရဲ့ ၂၀၂၂-၂၀၂၃ ရာသီ နည်းဗျုဟာ အပြောင်းအလဲ နဲ့ ကစားပုံကို ချဉ်းကပ်လေ့လာခြင်း

ဆာဒီယို မာနေး ရဲ့ ထွက်ခွာသွားမှုဟာ လီဗာပူး အသင်းရဲ့ ရဲသုံးဖော် တိုက်စစ်ခေတ်ကို အဆုံးသတ် သွားစေခဲ့ ပါတယ် ။ မိုဟာမက် ဆာလာ ရိုးမား ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီက စတင်ပြီး အတွဲမိခဲ့တဲ့ ဆာလာ ၊ မာနေး နဲ့ ဖာမီနို တို့ ဟာ ဥရောပ ရဲ့ ကြောက်မယ်ဖွယ် ကောင်းတဲ့ တိုက်စစ် အစုအဖွဲ့ ကို ဖော်ဆောင် ပေးခဲ့တာပါ ။

သူတို့ ၃ ယောက်ဟာ တဦးကို တဦး နားလည်မှု အပြည့်နဲ့ အချိတ်အဆက် မိခဲ့ကြပြီး ဖာမီနို ရဲ့ တကိုယ်ကောင်း မဆန်တဲ့ အသင်းစိတ်ဓါတ် ၊ မာနေး နဲ့ ဆာလာ တို့ရဲ့ နေရာပြောင်းလဲ ကစားနိုင်မှုနဲ့ ထိပ်တန်းဆင့် တိုက်စစ် အရည်အသွေးတွေဟာ လီဗာပူး ကို နှစ်ပေါင်း ၃၀ ကျော် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆု အပါအဝင် ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ၊ FA Cup နဲ့ လိဂ်ဖလား တွေကို ရရှိစေခဲ့ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီကစပြီး ရော်ဘတ်တို ဖာမီနို ရဲ့ အခန်းကဏ္ဍ ဟာ လီဗာပူးမှာ တဖြည်းဖြည်း နည်းပါး လာခဲ့ပြီး ဆာလာ နဲ့ မာနေး တို့ကလည်း စာချုပ်သက်တမ်း နောက်ဆုံး ကာလကို ရောက်ရှိနေတာကြောင့် အန်ဖီးလ် က Deadly Trio ရဲ့ ဇာတ်လမ်း ဟာ မကြာခင် အဆုံးသတ်တော့မှာကို ပရိသတ်တွေ စိုးရိမ် ခဲ့ကြပါတယ် ။

ရီးရဲမက်ဒရစ် နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာတော့ မာနေး ဟာ သူ့ရဲ့ စိတ်ကူးကို ထုတ်ဖော် ပြောဆို လာခဲ့ပြီး လီဗာပူး ပရိသတ်တွေကို အံ့အားသင့် ဝမ်းနည်း ကြေကွဲ စေခဲ့ပါတယ် ။

အခုချိန်မှာတော့ ၅ နှစ်ကြာ တွဲကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်ခဲ့တဲ့ Trio တိုက်စစ်အတွဲ တခု တခန်းရပ်သွားခဲ့ရ ပါပြီ ။

လီဗာပူးရဲ့ ပဲ့ကိုင်ရှင်ကြီး ဂျာဂင် ကလော့ ဟာ ဒီအခြေအနေတွေကို သိမြင်နေတာကြောင့် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားခဲ့ ပါတယ် ။

ဇန်နဝါရီတုန်းက ပေါ်တို အသင်းကနေ ပြောင်းရွှေ့လာတဲ့ ဘရာဇီး တောင်ပံ ကစားသမား လူးဝစ် ဒီယာ့ဇ် ဟာ မို+ဖာ+မာ အတွဲရဲ့ နေရာကို အစားထိုးမယ့် ပထမဆုံး ခြေလှမ်းပါ ။

အခုနွေရာသီမှာတော့ ဘင်ဖီကာ ရဲ့ တိုက်စစ်ကြယ်ပွင့် ဒါဝင် နူညက်ဇ် ကို ခေါ်ယူ အပြီးမှာတော့ ကလော့ ပြင်ဆင်နေတဲ့ မိုဖာမာ ခေတ်လွန် အခင်းအကျင်းဟာ ပုံရိပ်ထင်စ ပြုလာခဲ့ ပါတော့တယ် ။

ဒါပေမယ့် လူးဝစ် ဒီယာ့ဇ် ရော ဒါဝင်နူညက်ဇ် ပါ လီဗာပူး လက်ရှိ ကစားနေတဲ့ ပုံစံ အတိုင်း ကစားနေသူတွေ မဟုတ်ပါဘူး ။

ဒါကြောင့် ကလော့ အနေနဲ့ ဒီ ကစားသမားသစ် ၂ ယောက်ကို ဘယ်လိုပုံစံနဲ့ အသင်းမှာ သွတ်သွင်းမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

အခု အစီအစဉ်မှာတော့ လီဗာပူး ရဲ့ လာမယ့် ရာသီမှာ မြင်တွေ့ရနိုင်တဲ့ ကစားကွက် အပြောင်းအလဲတွေကို ခန့်မှန်း သုံးသပ် သွားမှာပါ ။

လီဗာပူး ရဲ့ နည်းစနစ် နဲ့ ကစားကွက် အခင်းအကျင်း အကြောင်းကို မပြောခင်မှာ အရင်ဆုံး အခု နွေရာသီမှာ ရောက်လာတဲ့ တိုက်စစ်မှူးသစ် ဒါဝင် နူညက်ဇ် ရဲ့ အကြောင်းကို အရင်ဆုံး ပြောဖို့ လိုအပ်ပါမယ် ။

ယူရို သန်း ၁၀၀ နီးပါး အကုန်အကျ ခံပြီး ခေါ်ယူထားတဲ့ ကစားသမား တယောက်ကို အရန်ခုံချည်း ထိုင်ခိုင်းမှာ မဟုတ်တာ သေချာတာကြောင့် နူညက်ဇ် ပါဝင်တဲ့ ကစားပုံကို သုံးသပ်ရမှာပါ ။

ဒါကြောင့် နူညက်ဇ် ဟာ ဘယ်လို ကစားသမားမျိုး ဆိုတာ သိထားဖို့ လိုအပ်ပါတယ် ။

အရပ် ၆ ပေ ၂ လက်မ မြင့်တဲ့ တိုက်စစ်မှူးလေး ဟာ ရာဒါးမဲ ဖယ်ကာအို ၊ ဒီယေဂို မီလီတို တို့လို ကစားပေါက်မျိုး ရှိသူပါ ။

တိုက်ရိုက်ဆန်တဲ့ သမားရိုးကျ အထောင် တိုက်စစ်မှူး ပုံစံမျိုး ဖြစ်ပြီး နောက်ကို သိပ်ဆင်းလေ့ မရှိပါဘူး ။

Target Man, Link-up Play တွေမှာ အားကောင်းပြီး အထောင် တိုက်စစ်မှာသာမက ဘယ်ခြမ်းကို ထွက် ကစားရတာကိုလည်း အားသန်သူ ဖြစ်ကြောင်း ဘင်ဖီကာမှာ ကစားခဲ့တဲ့ တရာသီစာ Heat Map တွေက သက်သေပြနေခဲ့ ပါတယ် ။

နူညက်ဇ် ဟာ အဆုံးသတ် ကောင်းမွန်သလို သူ့ရဲ့ အမြင့်ဘော အားသာချက် ကလည်း လီဗာပူး တိုက်စစ်မှာ မရှိ သေးတဲ့ စွမ်းရည် တခုကို ယူဆောင်လာပေး နိုင်ပါတယ် ။

အထူးသဖြင့် နောက်ကနေ ကန်တင် လိုက်တဲ့ တည်ကန်ဘောတွေ ၊ ဂိုးလွန်ဘောတွေ ၊ အဝေးဘော တန်ပြန် တိုက်စစ်တွေမှာ နူညက်ဇ် ဟာ ဘောလုံးကို ခေါင်းတိုက်ပြီး ဆာလာ ၊ ဒီယာ့ဇ် တို့လို လျှင်မြန်တဲ့ တောင်ပံ သမားတွေရဲ့ ပြေးလမ်းထဲကို လမ်းကြောင်းပြောင်း ချပေးတာမျိုး ကို ကောင်းကောင်း လုပ်ဆောင် နိုင်မှာပါ ။

နူညက်ဇ် ရဲ့ အားနည်းချက်တွေက တော့ ဘောလုံး အထိန်းအသိမ်း အားနည်းတာ ၊ တိုက်ရိုက် ဆန်သူ ဖြစ်ပြီး နောက်သိမ် မဆင်းတာကြောင့် Progressive Pass တွေ နည်းတာ ၊ ဘောလုံးကို ထိန်းထားပြီး ကစားကွက် အသာစီး ရယူတာမျိုးတွေ သိပ်မလုပ် တာတွေပါပဲ ။

ပြီးခဲ့တဲ့ ရာသီတုန်းက နူညက်ဇ် ဟာ ဥရောပ ထိပ်တန်းလိဂ် ၅ ခု ( အင်္ဂလန် ၊ အီတလီ ၊ စပိန် ၊ ဂျာမနီ နဲ့ ပေါ်တူဂီ ) က တိုက်စစ်မှူးတွေ ထဲမှာ ဘောလုံးပေးပို့မှု တတိယ အညံ့ဆုံး ဖြစ်ခဲ့သလို ပေးပို့ တိကျနှုန်း ( Pass Accuracy ) မှာလည်း အနိမ့်ဆုံး ဖြစ်ခဲ့ ပါတယ် ။

နောက်ပြီး စည်းကမ်းပိုင်း ဆိုင်ရာ အားနည်းချက် ရှိသူ ဖြစ်ကာ မလိုအပ်ဘဲ လျှောထိုး ဖျက်ထုတ်မှုတွေ လုပ်တတ် တာကြောင့် ဂျာဂင် ကလေ့ အနေနဲ့ သေချာ ပြုပြင်ပေးဖို့ လိုအပ်မှာ အသေအချာပါပဲ ။

ဒါပေမယ့် ဒီမကောင်းတဲ့ အချက်အနည်းငယ် ကို ဖယ်လိုက်မယ်ဆိုရင်တော့ နူညက်ဇ် ဟာ ယူရို သန်း ၁၀၀ ပေးပြီး ၆ နှစ်လောက် ခေါ်ထားဖို့ ထိုက်တန်တဲ့ ကစားသမား ဆိုတာကို သိလာစေနိုင်ပါတယ် ။

ယူရဂွိုင်း တိုက်စစ်မှူးလေး ရဲ့ အမြင့်ခုန် စွမ်းရည်ဟာ အာလင်း ဟာလန်း ပြီးရင် ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ အကောင်းဆုံး ဖြစ်ခဲ့ ပါတယ် ။

သူ့ရဲ့ ကန်ချက်ကနေ ဂိုးပြောင်းလဲနိုင်နှုန်း ( Shot Conversation Rate ) ကတော့ ရိုနယ်ဒို ၊ ဘန်ဇီးမား ၊ ဟာလန်း ၊ ကိန်း ၊ လီဝန်ဒေါ့စကီး တို့လို ထိပ်တန်း တိုက်စစ်မှူးတွေ အထဲမှာ အမြင့်ဆုံး ဖြစ်ပြီး ကန်ချက် ၃ ကြိမ် တိုင်းမှာ ဂိုး ၁ ဂိုး ရတယ်လို့တောင် ပြောလို့ ရခဲ့ ပါတယ် ။

နူညက်ဇ် ဟာ ပြိုင်ဘက် ခံစစ်ကြောင်းရဲ့ အနေအထား နဲ့ ကိုယ့်အသင်း ကစားသမားတွေရဲ့ လမ်းကြောင်းတွေကို ကောင်းစွာ တွက်ချက် တတ်သူဖြစ်ပြီး သူ့ရဲ့ အဝင်အထွက် လှုပ်ရှားမှုတွေ ဟာ လူကပ်ရ ခက်ခဲတဲ့ ကစားသမား ဖြစ်စေခဲ့ ပါတယ် ။

အလိမ်အခေါက် မှာတော့ ဂလန်ဂလား နဲ့ ဆွဲဆောင်မှု မရှိပေမယ့် ထိပ်တန်းလိဂ် ၅ ခုက တိုက်စစ်မှူးတွေ ထဲမှာ အကြိမ်အများဆုံး ( တပွဲပျမ်းမျှ ) နဲ့ အောင်မြင်မှု အများဆုံး အဖြစ် ရပ်တည်နေပါတယ် ။

ခြေတံရှည် ကစားသမားတွေ လိမ်ခေါက်တဲ့ ပုံစံအတိုင်းပဲ နူညက်ဇ် ဟာ ရိုးရှင်းပြီး ထိရောက်တဲ့ ကိုယ်ယောင်ပြ လှည့်စားနည်းကို သုံးပြီး ရှည်လျားတဲ့ ခြေတံတွေ ရဲ့ အကူအညီနဲ့ ပြိုင်ဘက်တွေကို လိမ်ခေါက် ကျော်ဖြတ်လေ့ ရှိပါတယ် ။

သူ့ရဲ့ ကာယပိုင်း အားသာချက်ကလည်း ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်ပြီးချိန်မှာ နောက်ကနေ လိုက်အဖိမခံရနိုင်အောင် အထောက် အကူ ဖြစ်စေခဲ့ ပါတယ် ။

ဘယ်ခြမ်းကို ထွက်ကစားချိန်မှာ နူညက်ဇ် ရဲ့ အရပ်အမောင်း အားသာချက်က ပိုပြိး သိသာစေပါတယ် ။ ဘာကြောင့်လည်း ဆိုတော့ နောက်ခံ အစွန်လူတွေဟာ အရပ်အမောင်း သိပ်မမြင့် ကြတာကြောင့် ထောင့်ဖြတ် ခေါင်းတိုက်ချက်တွေ ပြုလုပ်ပြီး ဂိုးတွေ ၊ ဖန်တီးပေးမှုတွေ လုပ်ဆောင် နိုင်တာကြောင့်ပါ ။

ဂျိုတာ ၊ ဖာမီနို တို့လို နေရာလဲ ကစားပေးနိုင်သူတွေနဲ့ ပိုကိုက်နိုင်ပြီး လူးဝစ် ဒီယာ့ဇ် လို ရိုးရှင်းတဲ့ တောင်ပံ ကစာသမားမျိုးနဲ့ ဆိုရင်တော့ အပြောင်းအလဲ အချို့ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ် ။

လီဗာပူး ဟာ ကလော့ လက်အောက်မှာ ၄-၃-၃ ကို အဓိကထားပြီး ကစားခဲ့ပါတယ် ။ ဒီကစားပုံမှာ မို+ဖာ+မာ တိုက်စစ် အတွဲရဲ့ Position Switch လုပ်နိုင်တာ ၊ တကိုယ်ကောင်းဆန်မှု နည်းပါးပြီး တဦးနဲ့ တဦး နားလည်စွမ်း မြင့်မားတာတွေဟာ အဓိက သော့ချက် ဖြစ်ခဲ့ ပါတယ် ။

အထူးသဖြင့် ဖာမီနို ဟာ ဂိုးသွင်းရဖို့ထက် အသင်းရဲ့ အဓိက ရည်မှန်းချက်ကို တထောင့်တနေရာက ပါဝင်ဖြည့်ဆည်းပေးသူ အဖြစ် အဓိက ကစားခဲ့တာကြောင့် ဂိုးသွင်းချင်တဲ့ ဆာလာ နဲ့ မာနေး တို့ အတွက် အခွင့်အရေး များစွာ ရခဲ့ပြီး ရွှေဖိနပ်ဆုတွေ ကို ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

ဖာမီနို ဟာ တောင်ပံ ကစားသမား မဟုတ်ပေမယ့် မာနေး နဲ့ ဆာလာ တို့ ဂိုးသွင်းနိုင်ဖို့ တောင်ပံ ဘက်ကို ထွက် ကစားပေးတာမျိုးတွေ လုပ်ပေးခဲ့သလို ပြိုင်ဘက် နောက်ခံလူတွေ ကို ဆွဲခေါ်ပြီး နေရာလွတ်တွေ ဖန်တီးပေး ခဲ့ ပါတယ် ။

အသစ်ရောက်လာမယ့် ဒါဝင်နူညက်ဇ် ဟာလည်း ဖာမီနို လို တောင်ပံထွက် ကစားတာ ၊ နောက်ခံလူတွေကို ဆွဲခေါ်တာတွေကို လုပ်နိုင်ပေမယ့် လူးဝစ် ဒီယာ့ဇ် က မာနေး လို No.9 တယောက်ရဲ့ အရည်အသွေးမျိုး ရှိနေမလား ဆိုတာ သေချာမသိနိုင်ပါဘူး ။

မိုဟာမက် ဆာလာ အတွက်တော့ နူညက်ဇ် ရဲ့ ဘယ်ခြမ်းကို ထွက် ကစားတတ်မှုကြောင့် ကစားခွင် ပိုရလာနိုင်ပါတယ် ။

ဒါပေမယ့် ဒီ ကစားကွက်မှာ အားနည်းချက် တခု ရှိနေပါတယ် ။

နူညက်ဇ် ရဲ့ နောက်ကို သိပ်မဆင်းတဲ့ ကစားပုံ ၊ ဘယ်ခြမ်းကို ထွက်သွားချိန်မှာ အထဲဝင်ပြီး တိုက်စစ်မှူး တယောက်လို မကစားနိုင်တဲ့ ဒီယာ့ဇ် ကြောင့် ဖြစ်လာနိုင်တဲ့ ကွင်းလယ် ဗလာကွက် ( Blank Space ) ပါပဲ ။

ဒီနေရာဟာ ကွင်းလယ် တိုက်စစ်သမားတွေ အရမ်း နှစ်သက်တဲ့ နေရာဖြစ်ပေမယ့် AMF ကောင်းကောင်း မရှိတဲ့ လီဗာပူး မှာတော့ ၄-၃-၃ ကစားကွက်ကို ဒီယာ့ဇ် ၊ နူညက်ဇ် တို့နဲ့ အသုံးပြုမယ် ဆိုရင် ဒီလိုမျိုး ဗလာကွက်တွေ ဖြစ်လာဖို့ အလားအလာ ရှိနေပါတယ် ။

သီယာဂို အယ်ကန်ထရာ ကို တိုက်စစ်ပိုလိုက်ခိုင်း မလား ၊ လူငယ်တွေ ဖြစ်တဲ့ အီးလီးယော့ နဲ့ ကာဗယ်ဟို တို့ကို ထည့်ကစားပြီး တိုက်စစ် တာဝန်ပိုယူခိုင်းမလား ဆိုတာကို ကလော့ ရွေးချယ် ပြင်ဆင်ရမှာပါ ။

တိုက်စစ် အားသန်တဲ့ ထရန့် အလက်ဇန်းဒါး အာနိုးလ် က အဲ့ဒိ ဗလာကွက်ထဲ ကို လိုက်ဝင် ကစားပြီး ဟန်ဒါဆင် က အာနိုး တက်သွားချိန်မှာ ညာခြမ်းကို ကာဗာပေးပြီး ကစားနိုင်ချေ ရှိတယ်ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ် ။

နူညက်ဇ် ၊ လူးဝစ် ဒီယာ့ဇ် တို့နဲ့ ပိုပြီး လိုက်ဖက်တဲ့ ကစားပုံကတော့ ၄-၂-၃-၁ ပါပဲ ။

ဒေါ့မွန် မှာတုန်းက ကလော့ ဟာ ဒီကစားကွက် နဲ့ ပြည်တွင်းမှာ ဘိုင်ယန်မြုးနစ် ကို ဖြုတ်ချခဲ့ပြီး ဥရောပ မှာလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဒီ ကစားကွက်မှာလည်း အားနည်းချက် အားသာချက်တွေ ရှိနေပါတယ် ။

အားသာချက်တွေကို အရင်ပြောမယ်ဆိုရင်တော့ ကွင်းလယ်မှာ ဟန်ဒါဆင် ၊ အယ်ကန်ထရာ နဲ့ ဖာဘင်ဟို တို့ ထဲက ၂ ယောက်သာ သုံးနိုင်မှာ ဖြစ်တာကြောင့် တယောက်ယောက် ကို အနားပေးထားနိုင်တာ ၊ ကွင်းလယ် အထိုင် ၂ ယောက် ဖြစ်လို့ ခံစစ်ကို ပိုပြီး အားကောင်းစေတာ ၊ နူညက်ဇ် နဲ့ ဒီယာ့ဇ် တို့ အတွက် ပိုပြီး အကျိုး ရှိစေနိုင်တာတွေ ပါပဲ ။

အားနည်းချက် ကတော့ ၂ ခုပဲ ရှိပါတယ် ။ ပထမ တခုက လီဗာပူးမှာ AMF ကောင်းကောင်း မရှိတာပါ ။ ၄-၂-၃-၁ မှာ ကွင်းလယ် တိုက်စစ်သမားက အခရာ ကျပြီး မာရီယို ဂေါ့ဇီ ဟာ ကလော့ ရဲ့ ဒေါ့မွန် အသင်း အောင်မြင်ချိန်မှာ အရေးအပါဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

နူညက်ဇ် နဲ့ ကစားပုံဆင်တဲ့ ဒီယေဂို မီလီတို အင်တာမှာ ကစားခဲ့တုန်းကလည်း AMF ကစားတဲ့ ဝီစလေ ဆနိုက်ဒါ ရဲ့ စွမ်းဆောင်မှုတွေက အများကြီး အရေးပါခဲ့တာပါ ။

လီဗာပူး မှာတော့ ဆနိုက်ဒါ ရော ဂေါ့ဇီ ရော မရှိပါဘူး ။ ဖူလ်ဟမ် ကနေ ခေါ်ထားတဲ့ လူငယ်လေး ကာဗယ်ဟို ကို သုံးနိုင်သလို ဟာဗေး အီးလီးယော့ ကိုလည်း နေရာပေးလို့ ရနိုင်ပါတယ် ။

ဒါပေမယ့် ဒီလူငယ်လေးတွေ ဟာ တရာသီလုံး ကြံ့ခိုင်မှု အပြည့် ၊ စွမ်းရည် အပြည့်နဲ့ ကစားနိုင်ဖို့ မသေချာသလို လုံး၀ အမှားမခံတဲ့ အသင်းကြီးချင်း ရင်ဆိုင်တွေ့တဲ့ ပွဲမျိုးတွေ မှာလည်း ကယ်ဗင် ဒီဘရိုင်းနား ၊ လူကာမိုဒရစ် တို့လို စွမ်းရည်တွေ ထုတ်ပြန်ပြီး သူထင်ကိုယ်ထင် အပြိုင်ကြဲနိုင်ဦး မှာမဟုတ်ပါဘူး ။

ပိုပြီး ဆိုးတဲ့ အချက်က ၄-၂-၃-၁ ဟာ မိုဟာမက် ဆာလာ ရဲ့ လုပ်နိုင်စွမ်းတွေကို ကန့်သတ် လိုက်တာပါပဲ ။

ကွင်းလယ်တိုက်စစ်သမား ပါလာမယ့် ဒီကစားကွက်မှာ နူညက်ဇ် က နောက်ကို ပြန်ဆင်းစရာ မလိုတော့သလို သူ့ရဲ့ ဘယ်ခြမ်းအားသန်မှုကြောင့် ဖြစ်လာနိုင်တဲ့ ဗလာကွက် ပြဿနာကိုလည်း AMF က ဖြေရှင်းပေး မှာပါ ။

ဒါကြောင့် ဆာလာ ဟာ တောင်ပံ သမား အဖြစ်နဲ့သာ နေရဖို့ များနေပြီး အထဲကို ဆွဲဝင်လာရင်လည်း နူညက်ဇ် နဲ့ တွေ့ဖို့ ရှိနေပါတယ် ။

ဆာလာ ဟာ လီဗာပူး ကို ပြောင်းမလာခင်တုန်းက ရိုးမားမှာ ၄-၂-၃-၁ နဲ့ ကစားခဲ့ဖူးပါတယ် ။ အဲ့ဒိ တုန်းက အပတ်တိုင်း ဂိုးသွင်းနေသူက အီဒင် ဒီဇီကို ပါ ၊ မိုဟာမက် ဆာလာ မဟုတ်ခဲ့ပါဘူး ။

၄-၂-၃-၁ ဟာ ဆာလာ ကို စိတ်ပျက်စေမှာပါ ။

ဒါပေမယ့် ဒီကစားကွက်ဟာ အသင်းနဲ့ စာချုပ် မကျန်တော့ဘဲ ရေသစ်မြေသစ် ကို ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေတဲ့ ဆာလာ ရဲ့ အခန်းကဏ္ဍ ကို လျော့ချဖို့ ဂျာဂင် ကလော့ ပြင်ဆင်နေတာလား ဆိုတာကိုတော့ နည်းပြကြီး ကိုယ်တိုင်ပဲ အသိဆုံး ဖြစ်မှာပါ ။

ကစားကွက် ၂ ခု စလုံးမှာ သူ့နည်း သူ့ဟန် နဲ့ အားသာချက် အားနည်းချက်တွေ ရှိနေပါတယ် ။

လီဗာပူး ရဲ့ အဓိက ပံ့ပိုးမှု လမ်းကြောင်းဖြစ်တဲ့ အာနိုး နဲ့ ရောဘတ်ဆန် တို့ရဲ့ နောက်တန်းအစွန် တိုက်စစ်လိုက်ပါမှုတွေ ကတော့ ဘယ် ကစားကွက်မှာ မဆို အဆင်ပြေနိုင်ပါတယ် ။

ခေါင်းတိုက်ကောင်းတဲ့ ၊ အဆုံးသတ် စွမ်းရည်ကောင်းတဲ့ နူညက်ဇ် နဲ့လည်း လိုက်ဖက် နိုင်ပါတယ် ။

ဒါပေမယ့် နူညက်ဇ် ဟာ ကလော့ ရဲ့ ၄-၃-၃ နဲ့ Gegenpress ကစားပုံကို အံဝင်ဖို့ မသေချာသလို လူးဝစ် ဒီယာ့ဇ် ကလည်း နူညက်ဇ် ဘယ်ခြမ်းထွက်လာချိန်မှာ အတွင်းဝင် ကစားပြီး ပုံမှန် အတိုင်း ခြေစွမ်းပြနိုင်ဖို့ မလွယ်ကူပါဘူး ။

၄-၃-၃ ကို ကစားမယ်ဆိုရင် ဒီယာ့ဇ် အစား ဂျိုတာ ၊ ဖာမီနို တို့က နူညက်ဇ် နဲ့ ပိုအတွဲမိနိုင်ပါတယ် ။

၄-၂-၃-၁ ကတော့ ဒီယာ့ဇ် ရော နူညက်ဇ် ကိုပါ အဆင်ပြေစေနိုင်ပြီး ကွင်းလယ်က အမာခံ ၃ ယောက် ကိုလည်း တလှည့်စီ သုံးလို့ရနိုင်ပါတယ် ။

ဒါပေမယ့် မိုဟာမက် ဆာလာ ဆီက သွင်းဂိုးတွေ လျော့သွား နိုင်သလို ကစားသမားရဲ့ စိတ်ပျက်မှု ဟာ အသင်းရဲ့ ပုံစံကိုပါ ကျဆင်းသွားနိုင်တဲ့ အလားအလာရှိနိုင်တာကိုတော့ မေ့ထားလို့ မရပါဘူး ။

ဒါ့အပြင် ကွင်းလယ်တိုက်စစ်သမားကောင်းကောင်း မရှိသေးတာကလည်း ၄-၂-၃-၁ ကို ကလော့ အသုံးပြုဖို့ ရာခိုင်နှုန်း နည်းစေတဲ့ အကြောင်းအရင်း ဖြစ်လာနိုင်ပါတယ် ။

အပြောင်းအလဲ လုပ်တဲ့ ကာလ ဆိုတာ ကလပ် အသင်းတိုင်း မဖြစ်မနေ ကြုံရတဲ့ အရာပါ ။

ဖာဂူဆန် တုန်းကလည်း ဘက်ခမ်း ၊ စခိုး ၊ နဗီးလ် တို့ရဲ့ မျိုးဆက် ကို ရွန်းနီ ၊ ရိုနယ်ဒို တို့ရဲ့ မျိုးဆက်နဲ့ အစားထိုးချိန်မှာ ၃ နှစ်လောက် အမှတ်ပေး ချန်ပီယံဆု နဲ့ ဝေးခဲ့ရဖူးပါတယ် ။

လီဗာပူး ရဲ့ ကျော်ကြားတဲ့ Deadly Trio ဟာ နိဂုန်းချုပ် သွားပါပြီ ။ ကွင်းလယ် ၃ ယောက်ကလည်း ဖာဘင်ဟို က လွဲရင် ကျန်တာတွေ က သက်ကြီးပိုင်း ရောက်နေကြပါပြီ ။

ဆာ+ဖာ+မာ ခေတ်လွန် လီဗာပူး ၊ မျိုးဆက်သစ်တွေနဲ့ လီဗာပူး ကို ဂျာဂင် ကလော့ အခုရာသီက စပြီး ပုံဖော် သွန်းလောင်းတော့မှာပါ ။

ဒီလို ကာလမျိုးမှာ အသင်းရဲ့ တချိန်က အမြင့်ဆုံး စွမ်းဆောင်မှုတွေဟာ အနည်းနဲ့ အများ ကျဆင်းသွားတတ်ပါတယ် ။

များများ ကျမလား နည်းနည်းပဲ ကျမလားဆိုတာကတော့ ဂျာဂင်ကလော့ နဲ့ ကန့်လန့်ကာ နောက်ကွယ်က လီဗာပူး တာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည် အပေါ်မှာ မူတည်နေမှာပါ . . . . . ။

SPORTS MYANMAR