Weekly Special: ပြောင်းလဲလာတဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်း ကစားပုံကို သုံးသပ်ခြင်း

အီတလီ ကို ၃ ဂိုးပြတ် အနိုင် ကစားအပြီးမှာ အာဂျင်တီးနား ရဲ့ အင်အား တောင့်တင်း ကောင်းမွန်လာမှု ကို ဘောလုံး ကမ္ဘာကြီး တခုလုံး စတင် သတိပြုမိ လာခဲ့ပါတယ် ။

လီယွန်နယ် စကာလိုနီ ရဲ့ လက်အောက်မှာ အာဂျင်တီးနား ဟာ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်လာခဲ့ ပါပြီ ။

ဒါဟာ အာဂျင်တီနား ကစားသမားတွေရဲ့ အရည်အသွေးတွေ ၊ နည်းပြရဲ့ ပြောင်းလဲလိုက်တဲ့ ကစားပုံ အပြင် မက်ဆီ ကို အလွန်အမင်း မီခိုမှုကိုပါ လွှတ်ချလိုက်တာရဲ့ အကျိုးဆက်တွေ ပါပဲ ။

 

ကမ္ဘာပေါ်က အကောင်းဆုံး ၊ အရည်အသွေး အပြည့်ဝဆုံး ဘောလုံးသမား တယောက်ကို ပိုင်ဆိုင် ထားရတာဟာ တကယ်ကို ထူးတဲ့ ကံပါပဲ ။ ဒါပေမယ့် တဘက်မှာတော့ အဲ့ဒိ ကစားသမား အပေါ် အလွန်အကျူး မီခိုမှုတွေ ဖြစ်လာစေတတ် ပါတယ် ။

စကာလိုနီ မတိုင်ခင် က လက်ရွေးစင် နည်းပြပေါင်း များစွာဟာ လီယွန်နယ် မက်ဆီ ဆီက အကောင်းဆုံး စွမ်းဆောင်မှုတွေကို ထုတ်ယူ နိုင်ဖို့ အမြဲ ကြိုးစားခဲ့ ပါတယ် ။

 

မက်ဆီ ကလည်း အမြဲလိုလို ပုံစံကောင်း ပြနိုင်အောင် ကြိုးစားခဲ့တာပါ ။ ဒါပေမယ့် အလုပ်ဖြစ်မှုက အရမ်းကို နည်းခဲ့ပါတယ် ။ ဘာကြောင့်လည်း ဆိုတော့ ဘောလုံး ဆိုတာ ၁၁ ယောက် ကစားတဲ့ အားကစား ဖြစ်နေလို့ ပါပဲ ။

အခုချိန်မှာတော့ စကာလိုနီ ဟာ မက်ဆီ ဆီကနေ အကောင်းဆုံး အရည်အသွေးတွေကိုလည်း ထုတ်ယူရင်း အသင်းရဲ့ စုဖွဲ့ ကစားပုံကိုပါ အကောင်းဆုံး ဖြစ်အောင် ပြုပြင် လမ်းညွှန်ပေး နိုင်ခဲ့ ပါတယ် ။

ဒါဟာ အာဂျင်တီးနား ကို ဒေသတွင်း ချန်ပီယံ ဖြစ်လာစေခဲ့ပြီး ကမ္ဘာ့ဖလားရဲ့ အားကောင်းတဲ့ ချန်ပီယံလောင်း တသင်း အဖြစ်ကို ရောက်ရှိစေခဲ့တာပါ ။

 

စကာလိုနီ ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နဲ့ ကိုပါ အမေရိက ပြိုင်ပွဲတွေမှာ ၄-၄-၂ ၊ ၄-၃-၃ ၊ ၄-၂-၃-၁ ၊ ၄-၁-၄-၁ ၊ ၄-၁-၃-၂ စတဲ့ ကစားကွက် အမျိုးမျိုးကို သုံးခဲ့ ပါတယ် ။

နောက်တန်း ၄ ယောက် ကစားကွက် ကို အထိုင်ချပြီး သူ့မှာ ရှိနေတဲ့ ၊ ပွဲကစားမယ့် အချိန်မှာ ပါဝင် ကစားပေးနိုင်တဲ့ သူတွေ အပေါ် မူတည်ပြီး ကစားကွက်ကို အလျှင်းသင့်သလို ပြောင်းလဲခဲ့တာပါ ။

ဒီလိုမျိုး ပုံသေကစားကွက်ရယ်လို့ မရှိခဲ့ ပေမယ့် အာဂျင်တီးနား ရဲ့ ရလဒ် နဲ့ ခြေစွမ်းတွေကတော့ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တည်ငြိမ် နေခဲ့ပါတယ် ။

 

စကာလိုနီ ကိုင်တွယ်ရတဲ့ အာဂျင်တီးနား မျိုးဆက်ဟာ တောင်ပံ သမား စစ်စစ်တွေ ရှားပါးပါတယ် ။ အန်ဟဲ ဒီမာရီယာ နဲ့ လူးကပ် အိုကမ်ပိုစ့် တို့ ၂ ယောက်သာ တောင်ပံ သမား စစ်စစ်တွေလို့ ပြောနိုင်ပြီး ကျန်တာတွေ က တောင်ပံ ယောင်ယောင် ကွင်းလယ် တိုက်စစ်သမား ယောင်ယောင်တွေပါ ။

ဒါကြောင့် စကာလိုနီ ဟာ တောင်ပံတွေ ကနေ ဖြန့်ကျက် ထိုးနှက်တဲ့ ပုံစံ အစား အလယ်ကနေ အဓိက ထိုးဖောက်တဲ့ လမ်းစဉ်ကို ရွေးချယ် သွားခဲ့ပါတယ် ။

 

ဒီလို ရွေးချယ်ရာမှာ အာဂျင်တီးနား အတွက် သတ်မှတ် ထားတဲ့ ပုံစံမျိုး မရှိခဲ့ပါဘူး ။ အသင်းသား အားလုံးဟာ တဦးနဲ့ တဦး နီးကပ်စွာ နေရာယူကြပြီး အဖွဲ့လိုက် ရွေ့လျားသွားတဲ့ ပုံစံမျိုးနဲ့ ကစားသွားခဲ့တာပါ ။

နောက်တန်း ဟာ အာဂျင်တီးနား ကစားကွက် စတင်ရာ နေရာ ဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ တလျောက်မှာ ဂိုးသမား မာတီနက် ရဲ့ အဝေးဘော ကန်သွင်းမှုဟာ အနီးကပ် ပေးပို့မှု ရဲ့ ၄ ပုံ ၁ ပုံသာ ရှိခဲ့ပါတယ် ။

 

တောင်ပံ တိုက်စစ် မရှိတာကြောင့် အာဂျင်တီးနား နောက်တန်း အစွန်လူတွေဟာ ရှည်လျားပြီး အတားအဆီး ကင်းမဲ့တဲ့ ပြေးလမ်းကြောင်းကို ရရှိလာခဲ့ပြီး သူတို့ရဲ့ တိုက်စစ် နဲ့ ခံစစ် လွန်းထိုး ကစားနိုင်မှုဟာ အသင်းရဲ့ အရေးပါတဲ့ လက်နက်တခု ဖြစ်လာစေခဲ့ ပါတယ် ။

အဲ့ဒါတွေ အပြင်မှာတော့ အာဂျင်တီးနားမှာ တိကျတဲ့ ပုံစံမျိုး မရှိနေခဲ့ပါဘူး ။ အရာရာ တိုင်းဟာ ကစားသမား တယောက်ချင်းစီရဲ့ ကျွမ်းကျင်မှု ၊ အသင်းဖော်တွေနဲ့ အပြန်အလှန် နားလည်စွမ်း ရှိမှုတွေနဲ့ ဖွဲ့စည်း ထားတဲ့ ကစားပုံကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

 

ကစားပုံ သတ်သတ်မှတ်မှတ် မရှိပေမယ့် အမြဲလိုလို သေချာတဲ့ အချက်တခုကတော့ အာဂျင်တီးနား ဟာ ပြိုင်ဘက်ထက် အင်အား အသာစီး ရအောင် ကြိုးစားခဲ့တယ် ဆိုတာပါပဲ ။

 

ခံစစ်မှာ ၊ ကွင်းလယ်မှာ ၊ တိုက်စစ်မှာ ဘယ်နေရာမှာ ဖြစ်ဖြစ် အာဂျင်တီးနား ကစားသမားတွေ ဟာ ပြိုင်ဘက် က ရှိနေတဲ့ အရေအတွက်ထက် ပိုများအောင် စုဝေး လာကြပြီး အရေအတွက် အားဖြင့် အသာစီး ရအောင် ကြိုးပမ်း ခဲ့ကြပါတယ် ။

ဒါဟာ သူတို့ အတွက် ဘောလုံးလမ်းကြောင်း ရွေးချယ်မှုတွေ ပိုလုပ်လာ စေနိုင်သလို ခုခံတဲ့ နေရာမှာလည်း ဘောလုံး လမ်းကြောင်းတွေကို ပိုပြီး ပိတ်ဆို့ နိုင်စေခဲ့ ပါတယ် ။

 

ပြိုင်ဘက် အသင်းသား ဘောလုံး ရလာချိန်မှာ အာဂျင်တီးနား ဟာ ၄-၄-၂ ၊ ၄-၄-၁-၁ ပုံစံတွေနဲ့ ခုခံလေ့ ရှိပြီး ဘောလုံး လမ်းကြောင်းကို ကျဉ်းနိုင်သမျှ ကျဉ်းအောင် ဝိုင်းဖွဲ့ ပိတ်ဆို့ တတ်ကြပါတယ် ။

သူတို့ဟာ ပြိုင်ဘက်ကစားသမားကို ကွင်းတဘက်ခြမ်း ( ဘယ်ဖြစ်စေ ညာဖြစ်စေ ) ကို ရောက်အောင် ဖိအား ဝိုင်းပေးလေ့ ရှိပြီး ဘေးစည်းကို အာဂျင်တီးနား ကစားသမား တယောက် သဖွယ် အသုံးပြုကာ ဝိုင်းညှပ် လုယူတဲ့ နည်းစနစ်ကို သုံးခဲ့ပါတယ် ။

 

ဘောလုံး ခြေထဲကို ပြန်ရောက်လာချိန် မှာတော့ အာဂျင်တီးနားသားတွေဟာ အသင်းဖော် ပတ်ပတ်လည် ကို ရောက်လာ ကြပြီး ဝမ်းတူး ရိုက်ကွက်တွေ ၊ အတိုပေး နေရာရွေ့ ကစားမှုတွေနဲ့ အစုလိုက် ရှေ့ကို သယ်ဆောင် သွားကြပါတော့တယ် ။

ဒီလိုမျိုး သတ်သတ်မှတ်မှတ် ကစားကွက် မရှိဘဲ ကစားတာမျိုးကို အသင်း ၂ မျိုးပဲ လုပ်နိုင်ပါတယ် ။

အရမ်းညံ့တဲ့ အသင်း နဲ့ အရမ်းကောင်းလွန်းတဲ့ အသင်းတွေပါ ။ အာဂျင်တီးနား က ပထမအမျိုးအစား မဟုတ်တာတော့ အသေအချာပါပဲ ။

 

လီယွန်နယ် မက်ဆီ ရဲ့ ပါဝင်ပတ်သက်တဲ့ ပုံစံ ကလည်း အရင်နှစ်တွေကနဲ့ လုံးဝကို ကွဲပြား ခြားနား သွားခဲ့ ပါတယ် ။

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မက်ဆီ နဲ့ အသင်းဖော်တွေ အကြား ဘောလုံးပေးပို့မှုဟာ အများကြီး မရှိခဲ့ပါဘူး ။
အာဂျင်တီးနား ဟာ မက်ဆီ ကိုသာ အဓိက အားကိုးခဲ့ပြီး ဆွဲပြေး လိမ်ခေါက်မှုတွေကနေ ဂိုးရဖို့ ကြိုးစားခဲ့ကြပါတယ်။

အခု ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာတော့ မက်ဆီ့ကို ဘောလုံး ပေးတဲ့ အရေအတွက် နဲ့ မက်ဆီ က ပြန်ပေးတဲ့ အရေအတွက် ဟာ ခြားနားမှု နည်းလာသလို အရေအတွက်လည်း သိသိသာသာ များလာခဲ့ပါတယ် ။ မက်ဆီ ကိုယ်တိုင် အသင်းရဲ့ အစိတ်အပိုင်း တခု ဖြစ်လာခဲ့ပြီး Pass and play ကစားပုံမှာ ပါဝင်ပတ်သက်နေတဲ့ ကစားသမား တယောက်ထက် မပိုတော့ဘူး ဆိုတာကို ပြသလိုက်တာပါပဲ ။

နောက်တနည်း ပြောရရင်တော့ မက်ဆီ အပေါ် အာဂျင်တီးနား ရဲ့ မီခိုမှု ကင်းလွတ် လာခဲ့တာပါ ။

 

ဒီလိုပြောလို့ မက်ဆီ က အာဂျင်တီးနားမှာ အရေးမပါတော့ဘူး လို့ တွေးလိုက်ရင်တော့ လုံး၀ မှားယွင်း သွားမှာပါ ။

အာဂျင်တီးနားသားတွေဟာ မက်ဆီကို ဝန်းရံ ပံ့ပိုးတဲ့ အနေအထားကနေ မက်ဆီ ထမ်းထားတဲ့ ဝန်ကို ဝိုင်းမျှ ထမ်းပေးလိုက်တဲ့ သဘောပါပဲ ။ ဒါဟာ မက်ဆီ ကို ပိုပြီး လွတ်လွတ် လပ်လပ် ကစားခွင့် ရသွားစေပြီး အရမ်းကထက်တောင် ပိုကောင်းလာစေခဲ့ ပါတယ် ။

 

အချုပ် ပြန်ပြောရရင်တော့ စကာလိုနီ လက်ထက်မှာ အာဂျင်တီးနား ဟာ တောင်ပံ အားပြုတဲ့ အသင်းတသင်း မဟုတ်တော့ဘဲ အလယ်ကနေ အစုလိုက် အပြုံလိုက် ထိုးဖောက်တဲ့ အသင်း ဖြစ်လာခဲ့ပါတယ် ။

မက်ဆီ ကို မီခိုမှု လျော့ကျ လာပြီး မက်ဆီ ကိုယ်တိုင်က အသင်းရဲ့ အစိတ်အပိုင်း တခု အဖြစ် ပါဝင် စီးမြော နိုင်စေခဲ့ပါတယ် ။ မက်ဆီ ဟာ အရင်ကထက် ပိုပြီး လွတ်လပ်လာခဲ့သလို မမျှတဲ့ ဝန်တွေကိုလည်း တယောက်တည်း ထမ်းစရာ မလိုတော့ပါဘူး ။

 

ဇုန်အလိုက် အားပြိုင်တိုင်းမှာ အာဂျင်တီးနား ဟာ လူအင်အားကို အသာရအောင် အမြဲ လုပ်လေ့ ရှိပါတယ် ။ ဘောလုံး ယူလာတဲ့ ပြိုင်ဘက်ကို ကွင်းတခြမ်းကို မဖြစ်မနေ ရွေးရအောင် ဖိအားပေးတတ်ပြီး ဝိုင်းညှပ် လုယူတာမျိုးကို အကြိမ်များများ သုံးကြပါတယ် ။

ဘောလုံး ပြန်ရလာရင်တော့ အစုအဖွဲ့ လိုက် ဘောလုံးအပေးအယူတွေလုပ်ပြီး ရှေ့ကို ထိုးဖောက် ချီတက်သွားတော့တာပါပဲ ။

ဒီကစားပုံဟာ လုံး၀ ပြီးပြည့်စုံနေတာမျိုးတော့ မဟုတ်ပါဘူး ။ အာဂျင်တီးနားသားတွေရဲ့ အရည်အသွေး ၊ တဦးချင်း နားလည်နိုင်စွမ်းတွေ အပေါ် အခြေခံထားတာကြောင့် သူတို့တွေ ခြေစွမ်းကျသွားတဲ့ အခါမျိုးမှာ ကစားပုံ မကောင်းတာတွေ ဖြစ်လာတတ်ပါတယ် ။

ဒါ့အပြင် ဇုန်အလိုက် အင်အားသာအောင် ကြိုးစားတတ်တာကြောင့် ဘောလုံး ရှိမနေတဲ့ အခြားဇုန်မှာ အင်အား နည်းသွားတာမျိုးတွေ ရှိလာပြီး ဒီနေရာတွေကို တိတိကျကျ ပေးပို့ နိုင်တဲ့ အဝေးဘော ကောင်းသူတွေ ပါတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးတွေမှာ အာဂျင်တီးနားတို့ အခက်ကြုံရနိုင်ချေ ရှိပါတယ် ။

 

ဒါပေမယ့် သေချာတာကတော့ အခု အသင်းဟာ မက်ဆီ ရဲ့ သက်တမ်း တလျောက် ကစားခဲ့သမျှ လက်ရွေးစင် အသင်းတွေထဲမှာ စုဖွဲ့မှု အကောင်းဆုံး ၊ အပြန်အလှန် နားလည်မှု အရှိဆုံး ၊ တဦးချင်း အရည်အသွေး ကွာဟချက် အနည်းဆုံး ( အကောင်းဆုံးဟု မဆိုလို ) အသင်းတသင်း ဖြစ်တယ်ဆိုတာ သေချာနေပြီး ဒီလို စုစည်းညီညွတ်မှု ၊ တကိုယ်တော် အရည်အသွေး နဲ့ ညီကိုရင်းတွေလို နားလည်နိုင်စွမ်းတွေဟာ ပြိုင်ဘက်တွေ ချိုးဖျက်ဖို့ မဖြစ်နိုင်တဲ့ အရာတွေ ဖြစ်လာစေခဲ့ပါတယ် ။

အဲ့ဒါတွေကပဲ အာဂျင်တီနား ကို ကမ္ဘာ့ဖလားမှာ ထိပ်ဆုံးက ရေပန်းစားတဲ့ အသင်းတသင်း ဖြစ်လာစေခဲ့တာပါ ။

 

SPORTS MYANMAR