Transfer Analysis : Part ( II ) အပြောင်းအရွှေ့ ဂုရု ဖာဘရီဇီယို ပြောတဲ့ အာဆင်နယ် ၊ အိုဇေးလ် ၊ အဲရစ်ဆင် ၊ နယူးကာဆယ် နဲ့ ရာဖင်ညာတို့အကြောင်းများ

 

မော်ဒန်ဘောလုံးကမ္ဘာ ရဲ့ အပြောင်းအရွှေ့ လောကမှာတော့ ဖာဘရီဇီယို ရိုမာနို ဆိုတဲ့ အမည်ကို မသိသူ ရှားပါလိမ့်မယ် ။ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြရာမှာ ယုံကြည်စိတ်ချရမှု အရှိဆုံး ဂျာနယ်လစ် တယောက်လို့ သတ်မှတ် ခံထားရတဲ့ ရိုမာနို ကို အမြဲမပြတ် စောင့်ကြည့်နေတဲ့ ကမ္ဘာတဝှမ်း က သတင်းသမားတွေ ဒုနဲ့ဒေးနဲ့ ပါပဲ ။

 

ပြီးခဲ့တဲ့ အင်္ဂါနေ့ မှာ ရိုမာနို ဟာ ဂျာမန် အခြေစိုက် အားကစား သတင်းဌာန Wettfreunde နဲ့ အထူးအင်တာဗျူး ပြုလုပ် ခဲ့ပြီး ဥရောပ အပြောင်းအရွှေ့ ဈေးကွက်ထဲက အသင်းနဲ့ ကစာသမားတွေရဲ့ အခြေအနေတွေကို သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

 

အပိုင်း ( ၁ ) မှာ ဘိုင်ယန် ၊ လီဗာပူး ၊ မန်ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ရဲ့ အပြောင်းအရွှေ့တွေကို သုံးသပ် ဖော်ပြပေးထားခဲ့ ပါတယ် ။ အခု ဖော်ပြသွားမှာကတော့ အပိုင်း ( ၂ ) ပါပဲ ။

 

မီဆွတ်အိုဇေးလ် ရဲ့ အနာဂါတ်

“လက်ရှိ အခြေအနေတွေက လွယ်ကူတဲ့ အနေအထားမဟုတ်ပါဘူး ။ အာဆင်နယ် လို အသင်းမျိုးကနေ ထွက်ပြီး ဖီနာဘာချီ ကို ပြောင်းရကတည်းက အခြေအနေတွေက ခက်ခဲ လာခဲ့တာပါ ။ ဟောဟေး ဟေဆု က ဖီနာဘာချီ မှာ ပါဝါကြီးတဲ့ နည်းပြတယောက်ပါ ။ ဘရာဇီး နဲ့ ပေါ်တူဂီ မှာ အောင်ပွဲတွေ ဆင်ထားပါတယ် ၊ သူ့ရဲ့ အသင်းကိုလည်း အဲ့ဒိလို ပေါ်တူဂီသားတွေ ၊ ဘရာဇီးသားတွေနဲ့ ဖွဲ့စည်းချင်နေတာပါ”

“အိုဇေးလ် အနေနဲ့ အသင်းပြောင်းကို ပြောင်းရပါမယ် ၊ ဒါပေမယ့် လုပ်ခ အရမ်းများတဲ့ ကစားသမား တယောက် အတွက် အကောင်းဆုံး ကမ်းလှမ်းမှုတွေကို ရဖို့ မလွယ်ပါဘူး ။ အိုဇေးလ် အဖြစ် ဟာမက် ရိုဒရီဂွက် ကိုတောင် သွားသတိရမိပါတယ် ။ ဒီကိစ္စက အချိန်ယူ လုပ်ရမယ့် ကိစ္စမျိုးပါ”

 

ရေနံငွေ အပြည့်နဲ့ နယူးကာဆယ် ရဲ့ အပြောင်းအရွှေ့ ခြေလှမ်းများ

“နစ်ပုပ် ကို သူတို့ ရသွားပါပြီ ။ အခု သူတို့ ရဲ့ အဓိက ဦးတည်ချက်က ဗဟို ခံစစ်သမားပါ ။ စတီဗင် ဘော့တ်မန်း အတွက် လိုင်လီ နဲ့ ညှိနေပါတယ် ။ ၃၅ သန်း ၃၆ သန်း ဝန်းကျင်လောက်နဲ့ပါ ။ အပိုကြေးလည်း နည်းနည်းပါးပါး ပါဦးမှာပါ ။ အေစီမီလန် ကလည်း ဘော့တ်မန်း ကို လိုက်နေပေမယ့် နယူးကာဆယ် နဲ့ ယှဉ်ပြီး ပေးနိုင်မှာ မဟုတ်ပါဘူး”

“အီကီတိုက် ရဲ့ အပြောင်းအရွှေ့ က အပြောင်းအလဲတွေ အများကြီးပါပဲ ။ အစတုန်းက ရတော့မလိုလို နဲ့ ပျက်သွားပါတယ် ၊ အခု ပြန်စနေပါပြီ ။ ပြင်သစ် ကလပ်နဲ့က သဘောတူထားပြီးပါပြီ ၊ ကစားသမားနဲ့ မရသေးပါဘူး ။ အီကီတိုက် ကို မရရင် သော်ဂန်ဟာဇက် ဘက်ကို သူတို့ လှည့်သွားဖို့လည်း ရှိပါတယ် ။ နောက်တခု သိထားရမှာက နယူးကာဆယ် ဟာ ရာဖင်ညာ ကို ဘယ်လိုအချိန်မျိုးမှာ မဆို ဝင်ဆွဲနိုင်တဲ့ အင်အားရှိတဲ့ အသင်းတသင်းပါ”

ခရစ်ရှန် အဲရစ်ဆင် ရဲ့ လားရာကို ခန့်မှန်းခြင်း

“တခုခု ဖြစ်လာဖို့ အချိန်တွေ အများကြီး လိုသေးတယ်လို့ ထင်ပါတယ် ။ အခုထိ ကစားသမား ဘက်က ဘာကိုမှ ယတိပြတ် ဆုံးဖြတ်ထားတာမျိုး မရှိသေးပါဘူး ။ ဘရန့်ဖိုဒ့် မှာ ဆက်နေဖြစ်ဖို့က အလားအလာ အများဆုံးပါ ။ ယူနိုက်တက် ဘက်ကလည်း တရားဝင်ချိတ်ဆက် တာမျိုး မရှိသေးပါဘူး ။ စပါး ကလည်း အဲရစ်ဆင် အေးဂျင့် နဲ့ လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်တုန်းက တွေ့ခဲ့ကြပြီး အဲ့ဒိနောက် ဘာအဆက်အသွယ်မှ မရှိကြတော့ ပါဘူး”

 

“ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ အပတ်တုန်းက အေးဂျင့် နဲ့တွေ့ပြီး အဲရစ်ဆင် ကို သူတို့ လိုချင်တယ်လို့ ပြောထားပါတယ် ။ တန်ဟတ် သဘောကျတဲ့ ကစားသမားမျိုးပါ ။ အခု အသင်းဘက်ကနေ စိတ်ဝင်စားတာကို အတည်ပြုဖို့ လိုပါတယ် ။ ဒါမှ အဲရစ်ဆင် ရဲရဲဝံ့ဝံ့ဆုံးဖြတ်လို့ရမှာပါ ။ ခုချိန်အထိတော့ ဖြစ်နိုင်ချေ အမျိုးမျိုး ရှိနေပြီး လာမယ့် အပတ်ထဲလောက်ထိ သေချာဦးမယ့်ပုံ မပေါ်ပါဘူး”

အာဆင်နယ် ပစ်မှတ်တို့ရဲ့ အနေအထား

“ယော်ရီ တီလေမန်းစ် ကို အာဆင်နယ် ချိတ်ဆက် နေပါတယ် ။ လက်စတာ နဲ့လည်း ဆက်သွယ်ထားပေမယ့် အာဆင်နယ် ရဲ့ ပထမ ဦးစားပေးက တိုက်စစ်မှူးပါ ။ ဂါဘရီရယ် ဂျေဆု နဲ့ ဂီယန်လူကာ စကာမာကာ တို့က အဓိက ပစ်မှတ်တွေပါပဲ ။ ဂျေဆု အတွက်က မန်စီးတီး နဲ့တောင် ညှိနေပါပြီ ၊ အေးဂျင့်နဲ့လည်း ပြောလို့ ပြီးပါပြီ ။ တော်တော်လေး အခြေအနေကောင်းတယ်လို့ ပြောရမှာပါ”

 

“တိုက်စစ်မှူး အတွက် သေချာပြီ ဆိုမှ ကွင်းလယ်ဘက်ကို သူတို့ လှည့်လာမှာပါ ။ ဘာလို့လည်း ဆိုတော့ ဖာဘီယို ဗီယာရာ ကို သူတို့ ရထားပြီးပြီ မလို့ပါပဲ ။ လက်စတာ နဲ့ တီလေမန်းစ် တို့ စာချုပ်က နောက်နှစ်နွေဆို ကုန်ပါပြီ ။ ဒါကြောင့် လာမယ့် ရက်သတ္တပတ် နည်းနည်းမှာ တခုခု ထူးလာနိုင်ပါတယ် ။ တီလေမန်းစ် ကို အခြား အသင်းတွေလည်း လိုက်လာနိုင်ဖို့ ရှိတာကြောင့် အာဆင်နယ် အနေနဲ့ သွေးအေးနေလို့တော့ မဖြစ်ပါဘူး”

“တကယ်လို့ မန်ချက်စတာ ယူနိုက်တက်သာ ဖရန်ကီ ဒီယွန် နဲ့ အဆင်မပြေတွေ ဖြစ်လာခဲ့ရင် တီလေမန်းစ် ဘက်ကိုတောင် လှည့်လာနိုင်ပါတယ် ။ ယူနိုက်တက် ပေးတဲ့ ဈေးကို အာဆင်နယ် ပြိုင်လိုက်နိုင်မှာ မဟုတ်ပါဘူး ။ တီလေမန်းစ် ကို အာဆင်နယ် တသင်းတည်း သတင်းထွက်နေတာ အတော်ကြီး ကြာခဲ့ပါပြီ ။ ဒါပေမယ့် ဂျေဆု ကသာ နံပါတ် ၁ ဦးစားပေးဖြစ်လို့ ဒါကို မလုပ်ပြီးသေးဘဲ တီလေမန်းစ် ဘက်ကို လှည့်လာဦးမှာ မဟုတ်တာ သေချာပါတယ်”

လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာ ရဲ့ အပြောင်းအရွှေ့

“ဘာစီလိုနာ က ဖေဖော်ဝါရီ လောက်ကတည်းက ကစားသမားနဲ့ သဘောတူညီမှု ရထားခဲ့တာပါ ။ ဒါပေမယ့် လိဒ် က ခေါ်လိုက်တဲ့ ဈေးကို သူတို့ မတတ်နိုင်ခဲ့ပါဘူး ။ လိဒ် သာ တန်းဆင်းသွားခဲ့ရရင် စာချုပ် အရ ရာဖင်ညာ ကို ယူရို ၂၅ သန်းလောက်တည်းနဲ့ ရနိုင်မှာပါ ။ လိဒ်ယူနိုက်တက် တန်းမဆင်းခဲ့ရတာက ဘာစီလိုနာ ရဲ့ အကြံတွေကို ကမောက်ကမ ဖြစ်စေခဲ့တာပါပဲ ။ အခု ရာဖင်ညာ က ၆၅ သန်း ၊ သန်း ၇၀ လောက် ဖြစ်သွားပါပြီ ။ သူတို့ ထိုင်ပဲ ကြည့်နေရပါပြီ”

“ရာဖင်ညာ ရဲ့ ချန်ပီယံလိဂ် မှာ ကစားချင်တဲ့ အိပ်မက် က စပါး အတွက် အားသာချက် ဖြစ်စေနိုင်ပါတယ် ။ အာဆင်နယ် အတွက် သန်း ၇၀ ဆိုတာ များလွန်းပါတယ် ။ ယူနိုက်တက် အတွက်လည်း ရာဖင်ညာ က ဦးစားပေး ပစ်မှတ် မဟုတ်ပါဘူး ။ စပါး ကို ရောက်ရင်ရောက် ၊ မရောက်ရင် ဘာစီလိုနာ က ငွေများများ ရလာလို့ ဝင်ကမ်းလှမ်းသွားတာမျိုးတွေ မရှိခဲ့ရင်တော့ လိဒ် မှာပဲ ဆက်ပြီး နေသွားရမှာပါ”

 

အပိုင်း ( ၃ ) ကို ဆက်လက်ဖော်ပြ သွားပါမည် . . . . . .

 

SPORTS MYANMAR