Transfer Analysis : ဖာဘရီဇီယို ရိုမာနို နဲ့ စကားပြောခြင်း ( Part I )

 

မော်ဒန်ဘောလုံးကမ္ဘာ ရဲ့ အပြောင်းအရွှေ့ လောကမှာတော့ ဖာဘရီဇီယို ရိုမာနို ဆိုတဲ့ အမည်ကို မသိသူ ရှားပါလိမ့်မယ် ။ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြရာမှာ ယုံကြည်စိတ်ချရမှု အရှိဆုံး ဂျာနယ်လစ် တယောက်လို့ သတ်မှတ် ခံထားရတဲ့ ရိုမာနို ကို အမြဲမပြတ် စောင့်ကြည့်နေတဲ့ ကမ္ဘာတဝှမ်း က သတင်းသမားတွေ ဒုနဲ့ဒေးနဲ့ ပါပဲ ။

 

ပြီးခဲ့တဲ့ အင်္ဂါနေ့ မှာ ရိုမာနို ဟာ ဂျာမန် အခြေစိုက် အားကစား သတင်းဌာန Wettfreunde နဲ့ အထူးအင်တာဗျူး ပြုလုပ် ခဲ့ပြီး ဥရောပ အပြောင်းအရွှေ့ ဈေးကွက်ထဲက အသင်းနဲ့ ကစာသမားတွေရဲ့ အခြေအနေတွေကို သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

အခု ဖော်ပြမယ့် အပိုင်း ( ၁ ) မှာတော့ ဘိုင်ယန်မြုးနစ် ၊ လီဗာပူး ၊ စပါး ၊ ဘာစီလိုနာ နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေရဲ့ အပြောင်းအရွှေ့ လားရာတွေကို သုံးသပ်ပြောဆိုထားတာတွေ ပါရှိမှာ ဖြစ်ပါတယ် ။

 

စလိုက်ကြရအောင် . . .

 

ကိုနတ်လီမာ နဲ့ ဘိုင်ယန်မြုးနစ်တို့ရဲ့ အခြေအနေ

“ရပ်ဖ်ရန်းနစ် ရှိခဲ့တုန်းက မန်ချက်စတာ ယူနိုက်တက် ဟာ ကိုနတ်လီမာ ကို စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ဘိုင်ယန်ကို ပိုစိတ်ဝင်စားခဲ့သလို အခု ရန်းနစ်လည်း ယူနိုက်တက်မှာ မရှိတော့ပါဘူး ။ မာနေး နဲ့ လီမာ က အေးဂျင့် တယောက်တည်းပါ ။ မာနေး ရဲ့ အပြောင်းအရွှေ့ အပြီးမှာ ဘိုင်ယန် နဲ့ အေးဂျင့်တို့ ဆက်ဆံရေး ပိုကောင်းလာပါတယ် ။ လိုက်ပ်ဇစ် ကတော့ ဘိုင်ယန် ထက် ပြည်ပ ကလပ်ကိုသာ ရောင်းဖို့ ပိုအားသန်ပါတယ် ။ ဒါပေမယ့် ကစားသမားဘက်က ဘိုင်ယန် ကို အရမ်းသွားချင်နေတဲ့ အချိန်မှာ ဒီလို လုပ်ဖို့ မလွယ်ပါဘူး ။ ဒီအပြောင်းအရွှေ့ အကုန်မှာ ကိုနတ် လီမာ ဘိုင်ယန်ဂျာစီနဲ့ တွေ့ခဲ့ရရင် အံ့သြမိမှာ မဟုတ်ပါဘူး”

လီဗာပူးရဲ့ ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဂမ် အပေါ် စိတ်ဝင်စားမှု

“ဒီနှစ် နွေမှာတော့ ဘယ်လင်ဂမ် ဒေါ့မွန်မှာပဲ ဆက်နေဖြစ်မှာပါ ၊ ဒါကို ကျွန်တော် လုံး၀ သံသယ မရှိပါဘူး ။ ဒေ့ါမွန် က ဘယ်လင်ဂမ် ကို ဆက်နေဖို့ ဆွဲဆောင်ထားသလို ကာယကံရှင်ကလည်း ဒေါ့မွန်ကနေ ထွက်ဖို့ စိတ်ကူးမရှိ သေးပါဘူး ။ နောက်နွေရာသီမှာတော့ ဘယ်လင်ဂမ် ကို လီဗာပူး သေချာပေါက် ကြိုးစားမယ်လို့ ကျွန်တော် ပြောချင်ပါတယ် ။ လီဗာပူးမှ မဟုတ်ပါဘူး ၊ ဥရောပ ထိပ်သီး အတော်များများ ဝိုင်းလိုက်ကြမှာပါ ။ အဲ့ဒိအချိန်အတွက် လီဗာပူး အဆင်သင့် ဖြစ်နေဖို့ မျှော်လင့်ရတာပါပဲ”

တော့တင်ဟမ်ဟော့စပါး ရဲ့ ခံစစ်ရှာပုံတော်

“စပါး တို့ ခံစစ်မှူးသစ် တယောက်တော့ အနည်းဆုံး ခေါ်ပါမယ် ၊ ဘာလို့လည်း ဆိုတော့ အန်တိုနီယို ကွန်တီ က ခံစစ်မှူးတယောက်ကို သေမတတ် လိုချင်နေလို့ပါပဲ ။ လက်ရှိအထိတော့ နီးစပ်တာတွေ မရှိသေးပါဘူး ။ တနှစ်လောက် တုန်းက ပေါလ်တောရက်စ် ( ဗီလာရီးရဲ ) နဲ့ နီးစပ်လိုက်ပါသေးတယ် ၊ ဒါက အခု နွေမှာ ဖြစ်ချင် ဖြစ်လာနိုင်ပါတယ် ။ ဂျီယိုဗင်နီ လိုကယ်ဆို နဲ့ အလဲအလှယ်လုပ်ပြီးတော့ပေါ့ ။ ဒါပေမယ့် ခုထိတော့ ၂ သင်းလုံး အတည်ကြီး မဆွေးနွေး ကြသေးပါဘူး”

 

“ဘတ်စတိုရီ က လက်ရှိ စပါးရဲ့ ထိပ်တန်းပစ်မှတ်ပါ ၊ ဒါပေမယ့် သူက အင်တာမှာ ဆက်နေချင်ပြီး ကိစ္စတွေ က အနည်းငယ် ရှုပ်ထွေးနေပါတယ် ။ စကရီနီယာ ကတော့ အင်တာက ထွက်မှာပါ ၊ PSG ကို ရောက်ဖို့ များပါတယ် ။

ဂျာမန်လိဂ် က ဆိုရင်တော့ လိုက်ပ်ဇစ် ရဲ့ မိုဟာမက် ဆီမာကန် ကို စပါးတို့ စောင့်ကြည့် နေတာ ကြာပါပြီ ။ ဂျီဗာဒီယို လည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ လိုက်ပ်ဇစ် က ညှိနှိုင်းရ အရမ်းခက်တဲ့ ကလပ်ပါ ။ ဖာဘီယို ပါရာတစ်ချီ ( စပါး ဒါရိုက်တာ ) က အံ့သြစရာ တခုခု လုပ်ပြမယ်ဆိုရင်လည်း ကျွန်တော် ကတော့ ထူးပြီး အံ့အားသင့်နေမှာ မဟုတ်ပါဘူး”

ဘာစီလိုနာ ၊ လီဝန်ဒေါ့စကီး ၊ မန်ယူနိုက်တက် နဲ့ ဖရန်ကီဒီယွန်

“ဘာစီလိုနာ က အမြဲတမ်း ခပ်နှေးနှေးပဲ လုပ်ပါတယ် ။ ဒါက ထူးဆန်းတဲ့ အရာမဟုတ်ပါဘူး ၊ နှစ်တိုင်း အပြောင်းအရွှေ့ ပိတ်ခါနီးမှ ကိစ္စ အတော်များများကို လက်စသတ် ကြတာပါ ။ ဒါက ထုံးစံလိုပါပဲ ။ လီဝန်ဒေါ့စကီး ကိစ္စမှာ ဘဏ္ဍာရေး အခြေအနေ အပေါ်မူတည်နေပါတယ် ။ ကစားသမားနဲ့ က နှုတ်နဲ့ သဘောတူထားပြီးပါပြီ ။ ၃ နှစ် စာချုပ်ပါ ။

အခု ဘိုင်ယန်နဲ့ပဲ ညှိရတော့မှာပါ ။ ဘိုင်ယန် ကတော့ လီဝန် ကို လက်လွှတ်ဖို့ စိတ်ကူးမရှိပါဘူး ။ ဘာဆာ ရဲ့ ကမ်းလှမ်းမှုကို တခါ ပယ်ချထားပြီးပါပြီ ၊ ဒါကြောင့် နောက်တကြိမ် ကမ်းလှမ်းမှု က ဘိုင်ယန် စိတ်ပါလောက်အောင် ကောင်းနေဖို့ လိုပါတယ်”

“ဖရန်ကီ ( ဒီယွန် ) ရဲ့ အခြေအနေကတော့ ခုထိ ဘာမှ မထူးသေးပါဘူး ။ သေချာတာကတော့ လွယ်ကူ ချောမွေ့တဲ့ ညှိနှိုင်းမှု မဖြစ်လာနိုင်ဘူး ဆိုတာပါပဲ ။ ယူနိုက်တက် ကတော့ ဒီယွန် ကို ရဖို့ အစွမ်းကုန် ကြိုးစားမှာပါ ။ သူ့ကို ခေါ်နိုင်တာက ကွင်းလယ်လူသစ် တယောက် ရောက်လာတာ ၊ အရေးပါတဲ့ ကစားသမား တယောက်ကို ကွင်းထဲထည့်လိုက်နိုင်တယ် ဆိုတာတွေထက် အများကြီး ပိုသက်ရောက် နိုင်လို့ပါပဲ ။ ဒါကြောင့်လည်း ဖရန်ကီ အတွက် အများကြီး အချိန်ပေးနေတာပါ”

 

“ဖရန်ကီ ကို ခေါ်နိုင်တာက ‘ငါတို့က ချန်ပီယံလိဂ် မဝင်ရပေမယ့်လည်း ထိပ်တန်း ကစားသမားတွေ လာနေတုန်းပဲ’ ဆိုတဲ့ သတင်းစကားကို ပါးနိုင်ပါတယ် ။ ဒါက နောက်ထပ် လူသစ်တွေကို ခေါ်ရာမှာ အထောက်အကူ ဖြစ်စေမှာပါ ။ ဒါပေမယ့် ဘာစီလိုနာ ဘက်က အဖြေက ယူနိုက်တက် ကို ခက်ခဲနေစေပါတယ် ။ နောက်ဆုံးတွေ့ ကြတုန်းက ယူရို သန်း ၆၀ ပဲ ဖြစ်ဖြစ် ၇၀ + အပိုဆုကြေးပဲ ဖြစ်ဖြစ် လက်ခံမှာ မဟုတ်ဘူး ၊ ၈၅ သန်း နဲ့ အထက် ရမှ လက်ခံမယ်လို့ ယူနိုက်တက် ကို ပြောထားလို့ပါ”

“လွန်ခဲ့တဲ့ နှစ်နည်းနည်းတုန်းက ဖရန်ကီ ဒီယွန် အတွက် ဘာစီလိုနာ တို့ သုံးခဲ့ရတဲ့ တန်ဖိုးအတိုင်းပါပဲ ။ အရင်းအတိုင်း ပြန်ရောင်းချင်နေတာပါ ၊ ဘာလို့လည်း ဆိုတော့ သူတို့ ငွေလိုနေလို့ပါပဲ ။ ဒီငွေရမှ ဘာနာဒို ဆေးလ်ဗား ကို ပြန်ဝယ်နိုင်မှာပါ ။ ၂ ယောက်လုံးက ဈေးတူတူလောက်ပါပဲ ။ လာလီဂါ ရဲ့ လစာစည်းမျဉ်းကြောင့်လည်း များများနဲ့ ရောင်းရလေ ကောင်းလေ ဖြစ်နေတာပါ”

 

“ဒါကြောင့် ကလပ် ၂ သင်းစလုံး ဒီအတိုင်းကြီး ရပ်ထားပြီး ကြာနေကြတာပါ ။ ဘာကို စောင့်နေကြလဲ ဆိုတာတော့ သူတို့ပဲ ပိုသိကြမှာပါ ။ ဖရန်ကီ ဒီယွန် ကလည်း စောင့်နေပါတယ် ။ ဘာစီလိုနာ ကနေတော့ ထွက်ဖို့ အရမ်းကြီး စိတ်ပါမနေပါဘူး ။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့််ကြည့်နေတဲ့ သဘောပါပဲ ။

ဒီအပြောင်းအရွှေ့က တကယ်ထူးဆန်းပါတယ် ၊ ရုတ်တရက်ကြီး အဆင်ပြေသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ယူနိုက်တက် ကတော့ ဒီယွန် ကို ရအောင် ခေါ်ဖို့ စိတ်ပိုင်းဖြတ်ထားမှာပါ”

 

မန်ယူနိုက်တက် နဲ့ အန်တိုနီ ဖြစ်နိုင်ချေရှိလား

“ဒါပေါ့ ၊ ဖြစ်နိုင်ပါတယ် ။ အိုင်ယက်စ် နဲ့ တောင် စကားပြောနေကြပါပြီ ။ တန်ဟတ် နဲ့ အိုင်ယက်စ် တို့က အရမ်း ကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့ကြတာပါ ။ ဒီကနေ့ အန်တိုနီ ဆိုတာ ဖြစ်လာတာလည်း အဲရစ် တန်ဟတ် ကြောင့်ပါပဲ ။ အခု အဓိက ကျတာက ယူနိုက်တက် ဘက်က ပေးမယ့် တန်ဖိုးပမာဏပါ”

 

“ဒီနှစ်နွေမှာ အိုင်ယက်စ် က ကစားသမားကောင်းတွေ အများကြီး ဆုံးရှုံးထားပါတယ် ။ ဒါကြောင့် နောက်ထပ် စတားတွေကို ထပ်ရောင်းဖို့ သိပ်စိတ်မပါကြပါဘူး ။ အန်တိုနီ ကို ဈေးပေါပေါနဲ့ ရမယ်လို့ ထင်နေရင်တော့ လုံး၀ မှားသွားမှာပါ ။ ၄၅ သန်း ၊ သန်း ၅၀ လောက်တောင် အဆင်ပြေမှာ မဟုတ်ပါဘူး ။ ၅၅ အထက် ပေးမှ အဆင်ပြေနိုင်မှာပါ ။ ၆၀ လောက်အထိ ဖြစ်သွားနိုင်ပါတယ်”

“လီဗာပူး က အန်တိုနီ ကို ကင်းထောက်ဖူးပါတယ် ။ ဒါပေမယ့် သူတု့ိ က တိုက်စစ်မှူး စစ်စစ်ကို လိုချင်ခဲ့တာကြောင့် ဒါဝင် နူညက်ဇ် ဘက်ကို ပိုအားစိုက် သွားတာပါ ။ တောင်ပံ နဲ့ တိုက်စစ်မှူး ဆိုတာ လုံး၀ ကွဲပြားပါတယ် ။ ဒီနွေတော့ ကာဗယ်ဟို ၊ နူညက်ဇ် တို့နဲ့ လီဗာပူးတို့ ကျေနပ်လိုက်ပါပြီ ။ ဒါပေမယ့် နောက်နှစ် နွေရာသီဆိုရင်တော့ မပြောတတ်ပါဘူး ။ ဒါကို ယူနိုက်တက်တို့ သိထားဖို့ လိုပါတယ်”

အပိုင်း ( ၂ ) မှာတော့ အာဆင်နယ် ၊ အဲရစ်ဆင် ၊ မီဆွတ်အိုဇေးလ် နဲ့ ရာဖင်ညာ တို့ရဲ့ အပြောင်းအရွှေ့ သုံးသပ်မှုတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR