#Exclusive – မြူးနစ် မှာ ဆေးစစ်မှုတွေ ခံယူနေပြီ ဖြစ်တဲ့ မာနေ

လီဗာပူး အသင်းရဲ့ တောင်ပံ ကစားသမား မာနေး ဟာ ဘိုင်ယန် မြူးနစ် နဲ့ သဘောတူညီမှု ရရှိထားတဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ကို အဆုံးသတ်နိုင်ဖို့ အတွက် ဒီညနေပိုင်းမှာပဲ သီးသန့် လေယာဉ် နဲ့ မြူးနစ် ကို ရောက်ရှိ လာခဲ့ပါတယ်။

လက်ရှိမှာ ဘိုင်ယန် နဲ့ အတူ ဆေးစစ်မှုတွေ ခံယူနေပြီ ဖြစ်ပြီး ၊ အားလုံး အဆင်ပြေသွားတာ နဲ့ သုံးနှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

မာနေး ဟာ လီဗာပူး မှာ ကလော့ပ် တည်ဆောက်ခဲ့တဲ့ စီမံကိန်း ကို အကောင်ထည်ဖော်ဖို့ ယုံယုံကြည်ကြည် နဲ့ အန်ဖီးလ် ကို ပထမဆုံး ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီ အချိန်က လီဗာပူး ရဲ့ ကနဦး ပစ်မှတ်ဟာ ဒေါ့မွန် က ဂေါ့ဇီ ဖြစ်ပေမယ့် ၊ ဂျာမဏီ ကစားသမား က ချန်ပီယံလိဂ် ကစားခွင့် မရတဲ့ အချက်ကို အကြောင်းပြချက်ပေးကာ ၊ ငြင်းဆန်ခဲ့ပါတယ်။

သို့သော် မာနေး ကတော့ ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုတွေကိုတောင် ပယ်ချကာ လီဗာပူး ကို ပြောင်းရွှေ့လာခဲ့သူပါ။ ဒါ့အပြင် ပထမဆုံး ရောက်ရောက်ချင်း ဘောလုံးရာသီမှာ ချက်ခြင်း ခြေစွမ်းပြခဲ့လို့ Liverpool Player of the Season ဆုကို ဆွတ်ခူးပြနိုင်ခဲ့ပါတယ်။

 

လီဗာပူး ကလပ် ကစားသမားဘ၀ ဆုဖလား အားလုံးကို သိမ်းပိုက် အပြီးမှာ သူဟာ ဘိုင်ယန် မြူးနစ် ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ၊ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ စာမျက်နှာသစ်တွေ ဖွင့်လှစ်လိုက်ပါပြီ။ ဒဏ်ရာပြသနာလဲ တော်တော်ကင်းတဲ့ ဘောလုံးသမား ဖြစ်လို့ ၊ ဘိုင်ယန် မြူးနစ် အနေနဲ့ အာဖရိက အကောင်းဆုံး ကစားသမား တစ်ယောက်ကို ထိုက်ထိုက်တန်တန် ရရှိသွားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

 

နောက်ထပ် လီဗာပူး ကနေ ဘယ်သူတွေ ထွက်ခွာကြဦးမှာလဲ?

လက်ရှိမှာတော့ တန်းတက် ဖူဟမ် အသင်းဟာ ပြိုင်ဘက် ကလပ်တွေ ပေါ်လာတာကြောင့် ညာနောက်ခံလူ ကစားသမား နီကိုး ဝီလီယံ ကို ခေါ်ယူဖို့ အတွက် တရားဝင် ကမ်းလှမ်းတော့မှာ ဖြစ်ပါတယ်။ တဖက်မှာ ဆောက်သမ်တန် ကလဲ စိတ်ဝင်စားနေသလို ၊ အခြား တန်းတက် ကလပ် ဖြစ်တဲ့ နော့တင်ဟမ် ဖောရက်စ် အသင်းကလဲ ညာနောက်ခံလူ ရှာပုံတော် ဖွင့်နေတာပါ။

ဖူဟမ် ဟာ ကနဦး ကမ်းလှမ်းမှု အဖြစ် ပေါင် 10 သန်း ဝန်းကျင် ပေးပို့ဖို့ စီစဉ်ထားပေမယ့် ၊ လီဗာပူး ဘက်က ပေါင် 15 သန်း အထိ လိုချင်နေပါတယ်။ သို့သော် သူတို့ နှစ်သင်းအကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတွေကြောင့် နှစ်ဖက် လိုက်ခံနိုင်တဲ့ ပမာဏမျိုးကို ညှိယူကြလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဒါ့အပြင် နောက်ထပ် လီဗာပူး က ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ မီနာမီနို ကို ခေါ်ယူဖို့ အတွက်လဲ မိုနာကို ၊ လိဒ် ယူနိုက်တက် နဲ့ ဆောက်သမ်တန် တို့က စိတ်ဝင်စားနေကြပါတယ်။ လီဗာပူး ဟာ ဂျပန် တိုက်စစ် ကစားသမား အတွက် ပေါင် 17 သန်း ဈေးသတ်မှတ်ထားသည့်တိုင်အောင် လက်ရှိ အချိန်ထိ တရားဝင် ကမ်းလှမ်းမှုတွေ မရောက်လာသေးပါဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အငှား ထွက်ကစားခဲ့တဲ့ ခံစစ်မှုး နက်ဖီးလစ် ကို ခေါ်ယူဖို့ အတွက်လဲ အင်္ဂလန် နဲ့ ဂျာမန် ကလပ် တစ်ချို့ က စောင့်ကြည့်နေကြပါတယ်။ လီဗာပူး ကတော့ ကမ်းလှမ်းလာမယ့် ပမာဏတွေ ကို ချင့်ချိန်ကာ ဆုံးဖြတ်ချက်ချဖွယ် ရှိနေပြီး ၊ ကစားသမားကို စာချုပ် သက်တမ်း တိုးထားတာကြောင့် နောက်တစ်ရာသီ အငှားထပ်လွှတ်ဖို့လဲ ဖြစ်နိုင်ချေက ရှိနေပါတယ်။

လူငယ် နောက်ခံလူ ဖြစ်သူ ကော်နာ ဘရက်ဒ်လေ ကတော့ လိဒ်ဝမ်း ကလပ် ဘော်လ်တန် အသင်းဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီစပ်နေပါပြီ။

တစ်ချိန်တည်းမှာ အခြား လူငယ် ချာတိတ်တွေ ဖြစ်တဲ့ ရီးစ် ဝီလီယံ ၊ ပေါလ် ဂလပ်ဇယ် ၊ ဂျားရော့စ် ၊ ကလာဆင် ၊ ကူမီတီယို ၊ အိုဝင်ဘက်ခ် နဲ့ ဆက် ဗန်ဒန်ဘာ့ချ် တို့ကိုလဲ အငှားချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

SM