Christophe Galtier ကို နည်းပြသစ် ခန့်ဖို့ 2 နှစ် ချုပ် နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တဲ့ PSG 

 

PSG ဟာ သူတို့ရဲ့ နည်းပြသစ် အဖြစ် နိုက်စ် အသင်းက ပြင်သစ်သားကြီး Christophe Galtier ကို ခန့်အပ်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

အဆိုပါ နည်းပြကြီးဟာ နိုက်စ်နဲ့ 2 နှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ၊ အဲဒီ အချက်လက်တွေကို ဖျက်သိမ်းဖို့ အတွက် လျော်ကြေး ကိစ္စတွေကို ဆွေးနွေးနေဆဲ ဖြစ်ပြီး ယူရို 10 သန်း ဝန်းကျင် နဲ့ အကြမ်းဖျင်း သဘောတူထားကြပါတယ်။ သို့သော် အပြီးသတ်နိုင်ဖို့ အတွက် နောက်ဆုံး အသေးစိတ် အချက်တွေကို ဆွေးနွေးနေဆဲ လို့ သိရပါတယ်။

Christophe Galtier ဟာ PSG နည်းပြသစ် ဖြစ်လာမယ့် အကြောင်း ဥက္ကဌကြီး အယ်ခီလာဖီ ကိုယ်တိုင်က မနေ့က အင်တာဗျူးမှာ သွယ်ဝိုက်ပြီး အတည်ပြုခဲ့ပါတယ်။ စာချုပ်သက်တမ်း က 2 နှစ် ဖြစ်ပြီး ၊ နောက်ထပ် အလိုအလျှောက် တစ်နှစ် သက်တမ်းတိုးခွင့် အချက်ပါ ထည့်သွင်းထားတယ်လို့ နားလည်ရပါတယ်။

သို့သော် သူဟာ ပိုချက်တီနို ရဲ့ လစာမျိုးတော့ ရမှာ မဟုတ်ပဲ ၊ အဲဒီထက် အနည်းငယ် လျှော့နည်းဖွယ် ရှိနေပါတယ်။

နှစ်ဖက် ဆွေးနွေးမှုတွေ အားလုံးကို ဒီတစ်ပတ်ထဲမှာပဲ အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ၊ တရားဝင် ကြေငြာချက်ကိုလဲ အမြန်ဆုံး ထုတ်ပြန်သွားမှာပါ။

 

တစ်ချိန်တည်းမှာ ပီအက်စ်ဂျီ ဟာ ပိုချက်တီနို နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေ ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်သည့်တိုင်အောင် တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဓိက ဟန့်တားနေတဲ့ အချက်က လက်ကျန် စာချုပ်သက်တမ်း အတွက် ပေးချေရမယ့် လျော်ကြေး ပမာဏ ဖြစ်ပါတယ်။

ကြားထဲမှာ ရီးရဲ မက်ဒရစ် နည်းပြဟောင်း ဇီဒန်း က ပိုချက်တီနို ရဲ့ နေရာကို အစားထိုး ဝင်ရောက်မယ့် သတင်းတွေ ထွက်ပေါ်ခဲ့သည့်တိုင်အောင် ၊ အားကစား ဆိုင်ရာ အကြံပေး ဖြစ်တဲ့ လူးဝစ် ကမ့်ပို့စ် က Christophe Galtier ကိုပဲ ဦးစားပေး သတ်မှတ်ကာ လှုပ်ရှားခဲ့ ပါတယ်။

 

ဇီဒန်း ကိုယ်တိုင်ကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပီအက်စ်ဂျီ ကို ကိုင်တွယ်နိုင်တဲ့ အကြောင်း ဝန်ခံထားသည့်တိုင်အောင် ၊ လက်ရှိမှာ ပဲရစ် ကလပ်နဲ့ မည်သည့် တွေ့ဆုံမှုမျိုးမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တစ်ချို့သော သတင်းအရင်းမြစ်တွေ ကတော့ လက်ရှိ ပြင်သစ် လက်ရွေးစင် နည်းပြကြီး ဒက်ချမ့်ဟာ ကမ္ဘာ့ဖလား အပြီးမှာ အသင်းနဲ့ လမ်းခွဲမှာ ဖြစ်လို့ ၊ အဲဒီ ရာထူးကို လွှဲပြောင်းယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

 

ဆက်စပ် သတင်းတွေကို ပြောရရင် ပီအက်စ်ဂျီ ဟာ လက်ရှိ အပြောင်းအရွှေ့မှာပဲ သူတို့ ရဲ့ ကစားသမား နေမာ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးတွေ ရှိလာခဲ့ရင် ရောင်းချဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ အခင်းကျင်းသစ် နဲ့ လည်ပတ်တော့မယ့် ပီအက်စ်ဂျီ မှာ သူ့ရဲ့ အခန်း ကဏ္ဍဏ က အခိုင်အမာရှိဖို့ သေချာမှု နည်းနေပါတယ်။

လက်ရှိမှာ လူးဝစ် ကမ့်ပို့စ်ဟာ လာမယ့် ရာသီသစ် အတွက် 3-5-2 အခင်းအကျင်း နဲ့ အထိုင်ချဖို့ စိတ်ကူးထားတာကြောင့် အင်တာ မီလန် ခံစစ်မှုး ရှခရင်နီယား ကို ခေါ်ယူဖို့ တရားဝင် ကြိုးစားလျှက် ရှိနေပါတယ်။

SPORTS MYANMAR