အိုးထရပ်ဖို့ဒ်ကို ပြောင်းရွေ့လာရန် မန်စီးတီး ပစ်မှတ်ကို တိုက်တွန်းလိုက်တဲ့ ဂျွန်အိုရှေး

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်သူ ဂျွန်အိုရှေးက လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင်ဖီးလစ် အနေနဲ့ မန်ချက်စတာစီးတီးကို ပြောင်းရွေ့မယ့် အစား အိုးထရပ်ဖို့ဒ် ကိုသာ ပြောင်းလာသင့်တယ်လို့ ပြောလိုက်ပါတယ်။ အင်္ဂလန် ကွင်းလယ်လူကို ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ကလပ်ကနေ ထွက်ခွာသွားခဲ့တဲ့ ဖာနန်ဒင်ညိုရဲ့ နေရာမှာ ပြန်လည် အစားထိုးသွားဖို့ အတွက် ရည်ရွယ်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ကလည်း ဒီနွေရာသီမှာ ပေါလ်ပေါ့ဘာ ဟွမ်မာတာ နီမန်နေဂျာမာတစ် လင်ဂတ် တို့လို ကွင်းလယ် ကစားသမားတွေကို ဆုံးရှုံးထားခဲ့တာကြောင့် ကွင်းလယ်ပိုင်းကို ပြန်လည် အားဖြည့်ဖို့ လိုအပ်နေပါတယ်။ ဒ့ါကြောင့် စီနီယာ ကွင်းလယ် ဗဟို ကစားသမားတွေ အဖြစ် ဖရက် နဲ့ မက်တိုမီနေး တို့သာ ကျန်တော့ပြီး ၂ ယောက်စလုံးဟာ ယူနိုက်တက်ကို ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်အောင် လုပ်ပေးနိုင်တဲ့ အရည်အသွေး မရှိဘူးလို့ လူတော်တော်များများ ယူဆထားကြ ပါတယ်။

ဒါ့အပြင် အဆိုပါ ကစားသမား ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၆ နဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ ယူနိုက်တက် အတွက် ပုံစံကောင်းကို ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ သရဲနီ တို့ဟာ လက်ရှိမှာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်းကို ခေါ်ယူဖို့ အတွက် ကြိုးစားနေပေမယ့်လည်း မန်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာက လက်ခံထားခြင်း မရှိကာ ပေါင်သန်း ၈၀ လောက်ထိ ရယူဖို့ ရည်မှန်းနေတာကြောင့် အပြောင်းအရွေ့က ကြန့်ကြာ နေပါတယ်။

ဒါပေမယ့်လည်း အိုရှေးက မန်ယူနိုက်တက် အနေနဲ့ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ဖီးလစ်ကို ခေါ်ယူဖို့ အတွက် ပစ်မှတ် ထားသင့်တယ်လို့ တိုက်တွန်း ခဲ့ပါတယ်။

အိုရှေးက “မန်ချက်စတာစီးတီး အသင်းရဲ့ ချိတ်ဆက်မှုကို ခံနေရပေမယ့်လည်း ကယ်ဗင်ဖီးလစ် အနေနဲ့ မန်ချက်စတာရဲ့ အခြား တစ်ဖက်ကို ပြောင်းရွေ့ဖို့ အတွက်လည်း စဉ်းစား သင့်ပါတယ်။ သူဟာ အင်္ဂလန် အတွက် ကောင်းကောင်း လုပ်ပြခဲ့တဲ့ အပြင် လိဒ်ယူနိုက်တက် အတွက် ကစားပေးခဲ့တဲ့ ပွဲစဉ်တွေမှာလည်း အကောင်းဆုံး လုပ်ပေးနိုင်ခဲ့ပါတယ်။

အကယ်လို့များ ကယ်ဗင်ဖီးလစ် အနေနဲ့ မန်စီးတီးကို ကျော်ကာ မန်ချက်စတာရဲ့ အနီရောင် ဘက်ခြမ်းကို ရွေးချယ် သွားခဲ့မယ် ဆိုရင် အငြင်းပွားစရာ သတင်းတွေ ဖန်တီးလိုက်သလို ဖြစ်သွားမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ပိုင်းမှာ ယူနိုက်တက်တို့ သေချာပေါက် အားဖြည့်သွားရမယ့် နေရာ ဖြစ်နေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အိုရှေးဟာ မန်ယူနိုက်တက် ကစားသမား ဘ၀ ၁၂ နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် အက်ဖ်အေဖလား တစ်ကြိမ် ချန်ပီယံလိဂ်ဖလား တို့ကို ဆွတ်ခူးနိုင် ခဲ့ပါတယ်။ အိုင်ယာလန် အသင်းခေါင်းဆောင်ဟောင်းက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဒီနွေရာသီမှာ ထိပ်တန်း ကွင်းလယ်လူ တစ်ဦးကိုသာ ခေါ်ယူနိ်ုင်ခဲ့မယ် ဆိုရင် အ၀တ်လဲခန်း အတွင်းမှာ စိတ်ဓာတ် တက်ကြွမှုတွေ ပြန်ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အိုရှေးက “ယူနိုက်တက် အနေနဲ့ ဒန်ကလန်ရိုက်စ် ဒါမှမဟုတ် အန်ဂိုလိုကန်တီ တို့ကိုလည်း ပစ်မှတ်ထားထား သင့်ပါတယ်။ အကယ်၍ ယူနိုက်တက် အနေနဲ့ ဖီးလစ် ကန်တီ ရိုက်စ် တို့ထဲက တစ်ဦးဦး ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ကလပ် အတွင်းမှာ ရှိတဲ့ သူတွေ အားလုံး အတွက် ကြီးမားတဲ့ စိတ်ဓာတ် တက်ကြွမှုကို ဖြစ်သွားစေမှာပါ။” လို့ ပြောလိုက်ပါတယ်။

SM