အာဆင်နယ်ပစ်မှတ် ဗစ်တာအော်စီမန်ရဲ့ သွင်းဂိုး ၄ ဂိုးနဲ့အတူ ဂိုးသွင်းစံချိန်သစ် တင်နိုင်ခဲ့တဲ့ နိုင်ဂျီးရီးယား

နိုင်ဂျီးရီးယား အသင်းဟာ တနင်္လာနေ့က ကစားခဲ့တဲ့ အာဖရိကဖလား ခြေစစ်ပွဲစဉ်မှာ Sao Tome and Principe အသင်းကို ၁၀ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကာ အသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ငံတကာ နိုင်ပွဲစံချိန်ကို ရရှိသွားခဲ့ပါတယ်။ ဒီနွေရာသီ အပြောင်းအရွေ့မှာ အာဆင်နယ် အသင်းရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ နာပိုလီ တိုက်စစ်မှုး ဖြစ်သူ ဗစ်တာအော်စီမန်ဟာ အဆိုပါ ပွဲစဉ်မှာ တစ်ဦးတည်း လေးဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီထဲက သွင်းဂိုး ၃ ဂိုး ကတော့ ဒုတိယပိုင်းမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် လီဂူး၀မ်း ကလပ် လိုရီယန့် အသင်းမှာ ကစားနေတဲ့ တီရင်မော့ဖီဟာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး မော့ဆက်ဆီမွန် ၊ အီတိုဘို ၊ အဒီမိုလာလွတ်မန်း နဲ့ အီမန်နူရယ်ဒန်းနစ် တို့က တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြပြီး ကာတာ ကမ္ဘာ့ဖလားနဲ့ အံ့အားသင့်ဖွယ် လွဲချော်ခဲ့တဲ့ နိုင်ဂျီးရီးယား တို့ဟာ စံချိန်သစ်ကို ရသွားခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား အသင်းရဲ့ ပြီးခဲ့တဲ့ စံချိန်ကတော့ လွန်ခဲ့တဲ့ ၁၉၅၉ ခုနှစ် နို၀င်ဘာလ ၁၈ ရက်နေ့က ဘီနင် အသင်းကို ၁၀ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့မှုပဲ ဖြစ်ပါတယ်။

မော်ရိုကို နိုင်ငံမှာ ကြားကွင်းအဖြစ် ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ယခုလို ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဟာ Sao Tome ရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးပွဲတော့ မဟုတ်ခဲ့ဘဲ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်က ကွန်ဂိုကို ၁၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ စံချိန်အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် နိုင်ဂျီးယား အသင်းဟာ ဂီနီယာဘစ်ဆူ ဆီရီယာလီယွန် နဲ့ Sao Tome and Principe တို့ ပါ၀င်နေတဲ့ အာဖရိကဖလား ခြေစစ်ပွဲ အုပ်စုအေမှာ ၂ ပွဲကစား ၂ ပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Super Eagles တို့ဟာ အဖွင့်ပွဲစဉ်မှာတော့ ပြတ်သားတဲ့ နိုင်ပွဲ မရခဲ့ဘဲ ဆီရီယာလီယွန် အသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ ကပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား အသင်းဟာ လာမည့်နှစ် နွေရာသီ ဖြစ်တဲ့ ဇွန်လ ၂၃ ရက် နဲ့ ဇူလိုင် ၂၃ ရက် ကြား အိုင်ဗရီကို့စ်မှာ ကျင်းပသွားမယ့် ၂၀၂၃ ခုနှစ် အာဖရိကဖလား ပြိုင်ပွဲကို ရောက်ရှိနိုင်ဖို့ အတွက် မျှော်လင့်နေပြီး ဒီအုပ်စုမှာ ဗိုလ်စွဲနိုင်ရန် ရေပန်စားနေပါတယ်။

အုပ်စုရဲ့ ထိပ်ဆုံး ၂ သင်းဟာ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။ လက်ရှိ အာဖရိကရဲ့ ချန်ပီယံကတော့ ဆီနီဂေါ အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီက ကင်မရွန်းမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ အီဂျစ်ကို ဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

SM