လီဝန်ဒေါ့စကီး အတွက် ယူရို သန်း 40 နဲ့ တရားဝင် ကမ်းလှမ်းလိုက်တဲ့ ဘာစီလိုနာ

 

ဘာစီလိုနာ ဟာ မနေ့ညကပဲ ပိုလန် တိုက်စစ်မှုး လီဝန်ဒေါ့စကီး အတွက် ယူရို သန်း 40 နဲ့ တရားဝင် ကမ်းလှမ်းလိုက်တဲ့ အကြောင်း သတင်းတွေ ခိုင်ခိုင်မာမာ ထွက်ပေါ်လာခဲ့ ပါတယ်။

အဲဒီ ကမ်းလှမ်းချက်မှာ ယူရို 35 သန်း ကို တရားဝင် ပေးချေမှာ ဖြစ်ပြီး ၊ စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေဖို့ အတွက် ယူရို 5 သန်း ပုံစံမျိုး နဲ့ ပေးပို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ပိုလန်သားကြီးဟာ သြဂုတ်လထဲကို ရောက်တာ နဲ့ 34 နှစ် ပြည့်မှာ ဖြစ်ကာ ၊ လက်ရှိ စာချုပ်သက်တမ်းကလဲ နောက်ဆုံး 12 လ အတွင်း ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဘိုင်ယန် မြူးနစ် မှာ ဆက်ကစားဖို့ ဆန္ဒမရှိတော့တဲ့ အကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားတာ ဖြစ်လို့ ၊ ဘာစီလိုနာ က ကမ်းလှမ်းမှုကို လက်ခံပေးဖို့ မျှော်လင့်နေပါတယ်။

သူဟာ 2014 ခုနှစ် က ဒေါ့မွန် အသင်းကနေ အလွတ်ကြေးနဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ၊ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ပေးဆပ် ကစားခဲ့ပြီးပြီ ဖြစ်လို့ အသင်းပြောင်းချင်တဲ့ ဆန္ဒကို ဘိုင်ယန် ဘက်က လေးစားမှု ထားပေးဖို့ လိုချင်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကလဲ လက်ရှိ အပြောင်းအရွှေ့ကာလ အတွက် လီဝန်ဒေါ့စကီး ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားတာပါ။ ဒါကြောင့် ဇူလိုင်လ 16 ရက်နေ့ အမေရိကား ခရီးစဉ် မထွက်ခွာခင် အချိန်မှာ ၊ သူ့ကို အပြီးသတ် ခေါ်ယူပြီး တစ်ပါတည်း ခေါ်ဆောင်သွားဖို့ မျှော်လင့်နေပါတယ်။

ဒါ့အပြင် ကစားသမား နဲ့ ကတ်တလန် ကလပ်တို့ အကြား 3 နှစ် စာချုပ် ချုပ်ဆိုဖို့အတွက် ကြိုတင် သဘောတူညီမှု ရရှိထားပြီးပြီ လို့ နားလည်ရပါတယ်။

သို့သော် ဘိုင်ယန် ဘက်ကတော့ ယူရို သန်း 40 ပမာဏဟာ သူတို့ လိုချင်တဲ့ ယူရို သန်း 50 ထက် နည်းပါးလွန်းတာကြောင့် ၊ ဘာစီလိုနာ ရဲ့ ကမ်းလှမ်းချက်ကို ချက်ခြင်း ပယ်ချသွားတယ်လို့ ဆိုပါတယ်။

တစ်ချို့သော သတင်းတွေ က ဘာစီလိုနာ ဟာ ယူရို သန်း 40 ထက် နည်းနည်း ပိုတဲ့ ပမာဏ နဲ့ ဒုတိယ အကြိမ် ကမ်းလှမ်းမှု ပေးပို့ထားတယ်လို့ ရေးသားနေကြသလို ၊ တစ်ချို့ ကလဲ ဘိုင်ယန် ဘက်က စွမ်းဆောင်မှုပိုင်း ဆိုင်ရာ ထပ်မံပေးချေမှု အချက်တွေ မပါပဲနဲ့ ယူရို သန်း 40 အတိ (အရစ်ကျ မဟုတ်) ချက်ခြင်း လိုချင်နေတာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

လီဗာပူး ကနေ ခေါ်ယူလိုက်တဲ့ ဆာဒီယို မာနေး နဲ့ တရားဝင် မိတ်ဆက်တဲ့ အခမ်းအနားမှာတုန်းကတော့ အလုပ်အမှုဆောင်ချုပ် တာဝန်ယူထားတဲ့ အိုလီဗာခန်း က “ အခြေအနေတွေက အပြောင်းအလဲ မရှိပါဘူး။ လီဝန်ဒေါ့စကီး ဟာ ကျနော်တို့ နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ပါသေးတယ်။ အသင်းဘက်လဲ ရာသီအကြို ပြင်ဆင်မှုတွေ လုပ်ဆောင်မယ့် ပထမဆုံး နေ့မှာပဲ ပြန်ရောက်လာဖို့ မျှော်လင့်ထားတာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လက်ရှိမှာ လီဝန်ဒေါ့စကီး တို့ စုံတွဲဟာ စပိန် နိုင်ငံက မာယော့ကာ မှာ အပန်းဖြေ ခရီး ထွက်နေကြပါတယ်။

သို့သော်လဲ ကစားသမား ရဲ့ အေးဂျင့် ဇဟာဗီ နဲ့ ဘိုင်ယန် တာဝန်ရှိသူတွေ အကြား အပြောင်းအရွှေ့ ကိစ္စအတွက် တရားဝင် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ နားလည်ရပြီး ၊ ပြောင်းရွှေ့ကြေး ပမာဏ ကိုလဲ ဇဟာဗီ ကနေ တဆင့် ညှိနှိုင်းကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

ဘိုင်ယန် ဘက်ကတော့ ဘာစီလိုနာ ဟာ အကြွေးတွေ ဒီလောက်များနေတဲ့ အကြားက လီဝန်ဒေါ့စကီးကို ခေါ်ယူဖို့ ငွေ အလုံအလောက် မရှိဘူးလို့ ယုံကြည်နေတုန်း ဖြစ်ပါတယ်။ တစ်ဖက်မှာ ပရီးမီးယားလိဂ် ကလပ် တစ်ချို့ က ပိုလန်သားကြီးကို ကြားဖြတ်လုယူဖို့ ချဉ်းကပ်မှုတွေ ရှိနေသည့်တိုင်အောင် ၊ ကာယကံရှင် ကိုယ်တိုင်က ဘာစီလိုနာ ကိုပဲ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

 

SPORTS MYANMAR