လီဗာပူး ရဲ့ အောင်မြင်မှုတွေကို ကန့်လန့်ကာနောက်ကွယ်ကနေ ပုံဖော်ပေးခဲ့တဲ့ မိုက်ကယ် အက်ဒ်ဝပ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ချဲဆီး

 

ချဲဆီး ဟာ သူတို့ အသင်းရဲ့ အားကစား ဒါရိုတ်တာ ရာထူး အတွက် မကြာခင်ကမှ လီဗာပူး နဲ့ လမ်းခွဲထားတဲ့ မိုက်ကယ် အက်ဒ်ဝပ် ကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားလျှက် ရှိနေပါတယ်။

မိုက်ကယ် အက်ဒ်ဝပ် ကို Transfer Guru လို့ တင်စားကြပြီး ၊ ယာဂန် ကလော့ပ် ရဲ့ ကွင်းတွင်း အောင်မြင်မှုတွေ ရှာဖွေနိုင်ဖို့ ကန့်လန့်ကာ နောက်ကွယ်ကနေ အကောင်းဆုံး ပံ့ပိုးခဲ့သူ ဖြစ်ပါတယ်။

ကော်တင်ဟို လို ကစားသမားမျိုးကို ကလပ်စံချိန်တင် ဈေးမျိုးအထိ ရအောင် ရောင်းချပြခဲ့သလို ၊ ဆာလာ ၊ မာနေး ၊ ဖာဘင်ဟို ၊ ရော်ဘတ်ဆန် ၊ ဂျော်တာ တို့လို့ ကစားသမားတွေကိုလဲ ပြောင်းရွှေ့ကြေး နည်းနည်း နဲ့ ရအောင် ခေါ်ယူပြခဲ့သူ ဖြစ်လို့ ဥရောပ တစ်တိုက်လုံးကတောင် သူ့ရဲ့ လုပ်ရပ်ကို ဝိုင်းဝန်း ချီးကျူးခဲ့ကြဖူးပါတယ်။

အသက် 42 နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ မိုက်ကယ် အက်ဒ်ဝပ် ဟာ လီဗာပူး နဲ့ လမ်းခွဲလိုက်တဲ့ အချိန်က စလို့ ရီးရဲ မက်ဒရစ် ၊ ပီအက်စ်ဂျီ အသင်းတွေ ရဲ့ ချဉ်းကပ်မှုတွေ ခံခဲ့ရသလို ၊ ဘောလုံး လောကထဲကို ဝင်ရောက် ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင်နေတဲ့ သူဌေးတွေကြီးတွေကလဲ အပြိုင်အဆိုင် ချိတ်ဆက်ခဲ့ကြပါတယ်။

ချဲဆီး ကတော့ အဓိက ပဲ့ကိုင်ရှင် မာရီနာ နဲ့ လမ်းခွဲပြီး နောက်ပိုင်း ၊ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို တာဝန်ယူဖို့ အတွက် မိုက်ကယ် အက်ဒ်ဝပ် ကို မျက်စိကျလာတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပိုင်ရှင်သစ်တွေ ကိုယ်တိုင်က Liverpool ရဲ့ စီးပွားရေး မော်ဒယ် ကို သဘောကျတယ်လို့ ပြောဆိုထားတာကြောင့် ၊ လီဗာပူး ရဲ့ အလှည့်အပြောင်းမှာ အဓိက နေရာက ဇတ်ကောင် တစ်ခုဖြစ်ခဲ့တဲ့ မိုက်ကယ် အက်ဒ်ဝပ် ကို မျက်စိကျနေတာ ဖြစ်ပါတယ်။

Private Equity and Venture Capital Event တစ်ခုမှာတော့ ချဲဆီး ကို တာဝန်ယူ မောင်းနှင်နေတဲ့ ဘိုလီ က “ အရမ်းကို အောင်မြင်နေတဲ့ စီးပွားရေး မော်ဒယ်တွေကို ရှာကြည့်လိုက်မယ် ဆိုရင် ၊ လီဗာပူး က တော်တော်လေး အားကောင်းပါတယ်။ ဝင်ငွေပေါင်း သန်းရာချီပြီး ရှာနိုင်သလို ၊ ချဲဆီးထက်တောင် များသေးတယ်လေ” လို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။

မိုက်ကယ် အက်ဒ်ဝပ် ဟာ ကင်းထောက် လုပ်ငန်းတွေ က အစ သူ့ရဲ့ စိတ်တိုင်းကျ ပညာရှင်တွေ နဲ့ စုစည်းတည်ဆောက်ခဲ့ပြီး ၊ အပြောင်းအရွှေ့ ကိစ္စတွေမှာ အမှားအယွင်း နည်းနိုင်သမျှ နည်းအောင် တွက်ချက် သုံးသပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းက ကစားသမား ရောင်းချတဲ့ အပိုင်းမှာလဲ အမြင့်ဆုံးတန်ဖိုးတွေ အထိ ရောက်အောင် ဆွဲတင် ပြခဲ့သူပါ။ ဘရူစတာ ၊ ဆိုလန်ကီ ၊ ဒန်နီအင့်စ် ၊ ဒန်နီဝါ့ဒ် တို့ဟာ မိုက်ကယ် အက်ဒ်ဝပ် ရဲ့ နောက်ထပ် ပြောင်မြှောက်လှတဲ့ ရောင်းချခြင်း Sales လက်ရာတွေ ဖြစ်ပြီး လီဗာပူး ပရိသတ်တွေတောင် တအံ့တသြဖြစ်ခဲ့တာပါ။

တစ်ဖက်မှာ ယူနိုက်တက် က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းမျိုးတွေ ထွက်ပေါ်နေပေမယ့် ၊ အိုးထရက်ဖို့ဒ် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှာတော့ Sporting Dept ပိုင်းမှာ အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောဆိုနေကြပါတယ်။

ဒါကြောင့် Transfer Guru ကြီး ကို စည်းရုံးဖို့ အကောင်းဆုံး အခွင့်လမ်း ဖြစ်နေတဲ့ ချဲဆီး ပါပဲ။

သူဟာ လီဗာပူး နဲ့ လမ်းခွဲတဲ့ အချိန်က စိန်ခေါ်မှု အသစ်တွေ ထပ်မံ ရှာဖွေဖို့ အတွက်ပဲ နှုတ်ဆက်တာ ဖြစ်တယ်လို့ ပြောခဲ့ဖူးတာမို့ ၊ ချဲဆီး ဟာ သူ့ရဲ့ စိန်ခေါ်မှု အသစ်ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

Sky Sports သတင်းထောက် မလစ္စဆာ ရက်ဒီ ကတော့ ချဲဆီး ပိုင်ရှင်တွေ ဘက်ကသာ လိုလိုချင်ချင် နဲ့ လုပ်ပိုင်ခွင့်တွေ ပေးပြီး ကမ်းလှမ်းမယ် ဆိုရင် ၊ မိုက်ကယ် အက်ဒ်ဝပ် က စဉ်းစားလာနိုင်ချေ ရှိတယ်လို့ သုံးသပ်သွားခဲ့ ပါတယ်။

 

 

SPORTS MYANMAR