လက်ရှိ ပစ်မှတ်တွေထဲမှ စတား ၂ဦးကို မခေါ်ဖို့ ချဲလ်ဆီး အသင်းထံ တိုက်တွန်းရင်း ၊ လူကာကူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် Big 6 ကလပ်တွေ အနက် ဒီနွေရာသီ ကစားသမားသစ် တဦးမှ မခေါ်ရသေးတဲ့ အသင်း အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အတူ ပူးတွဲ ရပ်တည်လျက် ရှိပါတယ် ။ အဆင့် ၃နဲ့ အဆုံးသတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားပေမယ့် ၊ ပိုင်ရှင်သစ် အလွှဲအပြောင်း ကိစ္စဟာ ချဲလ်ဆီးရဲ့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှု အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိထားပါတယ် ။

ဒါ့အပြင် ကလပ် ပြောင်းရွှေ့ကြေး အများဆုံးနဲ့ အသင်း အပေါ် ဒုက္ခ အပေးဆုံး ဖြစ်ထားတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ အရှုပ်တော်ပုံကိုလည်း ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ ယာယီ အဆုံးသတ်နိုင်ခဲ့တာကြောင့် ၊ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်း အပြောင်းအရွှေ့ လှုပ်ရှားမှုကို ခပ်သွက်သွက် လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်းမှာ ခံစစ် ဖြည့်တင်းဖို့က မရှိမဖြစ် လိုအပ်နေပေမယ့် ၊ လတ်တလော သတင်း မီဒီယာတွေ အထက်မှာတော့ မန်စီးတီး တောင်ပံ ကစားသမား ရာဟင်း စတာလင်နဲ့သာ ပိုပြီး သတင်းထွက်လို့နေပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတကြိမ်မှာတော့ ပိုင်ရှင်သစ် ဖြစ်သူ တော့ဒ်ဘိုလီ ဟာ နည်းပြဖြစ်သူ သောမတ်စ် တူချယ်ထံ လုပ်ပိုင်ခွင့် အပြည့် ပေးထားပြီး ဖြစ်တာကြောင့် ၊ ရောက်လာတဲ့ ကစားသမားသစ် ဟာ တူချယ် အကြိုက်သာ ဖြစ်လာဖို့ ရှိပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ မန်စီးတီးကနေ ထွက်ခွာဖို့ အခွင့်အရေး ချောင်းနေတဲ့ စတာလင် ၊ ဘာစီလိုနာသာ ပြောင်းချင်နေတဲ့ ရောဘတ် လီဝမ်ဒေါစကီးတို့ဟာ ချဲလ်ဆီးရဲ့ ပထမ ဦးစားပေး ပစ်မှတ်တွေ မဖြစ်သင့်ကြောင်း သုံးသပ်ရင်း ၊ ခံစစ်နဲ့ ကွင်းလယ် အားဖြည့်ဖို့သာ အာရုံစိုက်သင့်ကြောင်း အခုလိုပဲ တိုက်တွန်းသွားခဲ့ပါတယ် ။

ESPN နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” လူကာကူ နေရာ ချဲလ်ဆီးတို့ ဘယ်သူနဲ့ အစားထိုးသင့်လဲ ? ဘယ်သူနဲ့မှ အစားမထိုးသင့်ပါဘူး ။ ဒါဟာ ချဲလ်ဆီး အတွက် ပထမ ဦးစားပေး အားဖြည့်ရမယ့် နေရာ မဟုတ်ပါဘူး ။ ခင်ဗျားဟာ သတင်းခေါင်းစဉ်ပိုင်း အတွက် ဆွေးနွေးချင်ရင်တော့ ၊ စတာလင် ၊ သို့မဟုတ် ၊ လီဝမ်ဒေါစကီး စတဲ့ Class A အဆင့် ကစားသမားတွေ အကြောင်း ထည့်ပြောမှာပါ ။ ”

” ဒါပေမယ့် ခင်ဗျားဟာ အသင်းရဲ့ ကျန်တဲ့ နေရာတွေကိုလည်း ပြန်ပြီး ဆန်းစစ်ရပါမယ် ။ သူတို့ဟာ ဗဟို ခံစစ်မှူးတွေ လိုအပ်နေပါတယ် ။ ဒီတော့ ကျွန်တော်ဟာ ဂျူးလ်စ်ကွန်းဒေး အကြောင်း ၊ ညာနောက်ခံလူတွေ အကြောင်း ၊ ကွင်းလယ်လူတွေ အကြောင်းသာ ပြောချင်ပါတယ် ။ ဒါတွေဟာ သူတို့ အားဖြည့်ဖို့ လိုတဲ့ နေရာတွေ ဖြစ်ပါတယ် ။ ”

” သူတို့ဟာ ပြီးခဲ့တဲ့ ၂နှစ် အတွင်း ထိပ်တန်း ဂိုးသွင်းစက် တိုက်စစ်မှူးမျိုး ရှာဖွေနေခဲ့တာပါ ။ ဒါက အခုအချိန်အထိ အလုပ်မဖြစ်နေပါဘူး ။ သူတို့မှာ ပင်ကို အရည်အသွေး ရှိတဲ့ ကစားသမားတွေ ရှိနေပြီး ၊ သူတို့တွေ အသင်းမှာ အထိုင်ကျဖို့ကို အရင် လုပ်သင့်ပါတယ် ။ ”

” ကျွန်တော်ဟာ ချဲလ်ဆီးကို စျေးကြီးပေးပြီး သတင်းခေါင်းကြီးပိုင်း ဝင်စေမယ့် ကစားသမားတွေ ခေါ်ယူတာထက ပါးနပ်တဲ့ ခေါ်ယူမှုတွေ လုပ်ဖို့ ပိုပြီး အလိုရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး လီဘို့ဖ် က အင်တာမီလန်သို့ အငှား ယူရို ၈သန်းနဲ့ ပြန်ရောက်သွားတဲ့ လူကာကူနဲ့ ပတ်သက်ပြီး အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

လီဘို့ဖ် က ” တူချယ် ဟာ လူကာကူကို ခေါ်ယူခဲ့တဲ့ အပေါ်မှာ တာဝန် အပြည့်ယူရပါမယ် ။ ဒါပေမယ့် လူကာကူမှာလည်း တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်း ပြသဖို့ တာဝန်ရှိခဲ့ပါတယ် ။ ချဲလ်ဆီးက လူတိုင်း ဒီအပြောင်းအရွှေ့မှာ တနည်းမဟုတ် တနည်း အပြစ် နည်းနည်းစီ ရှိကြပါတယ် ။ ”

” လူကာကူ ဟာ ပရိသတ်တွေ မျှော်လင့်ထားသလို မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။ ကျွန်တော်ကတော့ သူ့အတွက် ဝမ်းနည်းမိပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လို့ပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဆိုးရွားတဲ့ ဘောလုံးရာသီ တခုသာ ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR