ရှခရွန်နီးယား ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်တဲ့ PSG

 

လူးဝစ် ကမ့်ပို့စ် ဦးဆောင်တဲ့ PSG ရဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေဟာ မကြာခင်မှာပဲ ရုပ်လုံးပေါ်လာတော့မှာ ဖြစ်ပါတယ်။

အသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ မလိုအပ်တော့တဲ့ ကစားသမားတွေ ကို အစည်းဝေးခေါ်ကာ ၊ အသင်းပြောင်းဖို့ တိုက်တွန်းထားပြီးပြီ ဖြစ်သလို ၊ ကစားသမားသစ် ခေါ်ယူဖို့ အတွက်လဲ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ဟာ အသက် 27 နှစ် အရွယ် အင်တာ မီလန် ခံစစ်မှုး ရှခရွန်နီးယား ကို ခေါ်ယူဖို့ အတွက် မနေ့ညက ပဲ စာချုပ်ဆိုင်ရာ အချက်အလက်တွေ ကို သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဟာ အင်တာ မီလန် နဲ့ စာချုပ်သစ် ကိစ္စ ပြောဆိုဖို့ စီစဉ်ထားတဲ့ ကြားက ပီအက်စ်ဂျီ က ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အတွက် အလှည့်အပြောင်းတွေ ဖြစ်သွားပါတယ်။

ပဲရစ် ကလပ် ဟာ စလိုဗက် ခံစစ်မှုးကို စည်းရုံး နိုင်ဖို့ အတွက် တစ်နှစ် လုပ်ခလစာ အသားတင် (အခွန်ဆောင်ပြီး) ယူရို 7.5 သန်း အထိ ပေးချေမှာ ဖြစ်ပါတယ်။ ဒါဟာ ထိပ်တန်း တိုက်စစ်မှုး တစ်ယောက် ရရှိတဲ့ ပမာဏမျိုး နဲ့တောင် ညီမျှပြီး ၊ ခံစစ်မှုးတွေထဲမှာတော့ လုပ်ခ အများဆုံး ရရှိတဲ့သူတွေ ထဲက တစ်ယောက်လို့တောင် ပြောလို့ ရမယ် ထင်ပါတယ်။

စာချုပ် ကိုတော့ 5 နှစ် သက်တမ်း အထိ ချုပ်ဆိုသွားမှာပါ။

ရှခရွန်နီးယား ဟာ နောက်တန်း 3 ယောက်ထားပြီး Set Up လုပ်တဲ့ ကစားကွက်မျိုးမှာလဲ ကစားနိုင်သလို ၊ 4-4-2 ကစားကွက် နဲ့လဲ အဆင်ပြေပြေ ကစားပြနိုင်ပါတယ်။ လူးဝစ် ကမ့်ပို့စ် ကိုယ်တိုင်လဲ အဲဒီ အချက်ကို အဓိက သဘောကျပြီး ၊ စည်းရုံးရေး ဆင်းထားတာ ဖြစ်ပါတယ်။

လောလောဆယ် မှာတော့ ပီအက်စ်ဂျီ နဲ့ အင်တာ မီလန် တာဝန်ရှိသူတွေ ဟာ အပြောင်းရွှေ့ အတွက် ငွေကြေး ဆိုင်ရာ ကိစ္စရပ်တွေ ကို ဆွေးနွေး ညှိနှိုင်းနေကြပါတယ်။ အင်တာ မီလန် က ယူရို သန်း 80 ဈေးဆို ထားပြီး ၊ ပီအက်စ်ဂျီ ဘက်က ယူရို 60 သန်း ပေးထားပါတယ်။

အဲဒီ ပမာဏ နှစ်ခု အကြားမှာ အပေးအယူ လုပ်နေကြတာပါ။ တစ်ချို့သော သတင်းတွေ ကတော့ စွမ်းဆောင်ရည်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမယ့် အချက်တွေကို ထည့်သွင်းကာ ၊ စုစုပေါင်း ယူရို 70 သန်း ဝန်းကျင် နဲ့ သဘောတူညီမှု ရဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

ပီအက်စ်ဂျီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်း ကလဲ အင်တာ မီလန် က ညာနောက်ခံလူ ဟာခီးမီး ကို ယူရို သန်း 60 နဲ့ ခေါ်ယူထားခဲ့ ဖူးပြီး ၊ လက်ရှိ အပြောင်းအရွှေ့မှာ နောက်ထပ် အင်တာ ခံစစ် ကစားသမား တစ်ယောက် ကို ဆက်ပြီး ခေါ်ယူဖို့ ကြိုးစားနေတာပါ။

အသင်းမှာ စပိန် ဝါရင့် နောက်ခံလူ ရာမို့စ် ရှိနေပေမယ့် ကြံ့ခိုင်မှုပိုင်း က မသေချာတာကြောင့် နောက်ထပ် စွန့်စားမှုတွေ မဖြစ်ချင်တာကြောင့် ရှခရွန်နီးယား ကို ခေါ်ယူလိုက်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

ဆက်စပ် သတင်းတွေ ကို ပြောရရင် ပီအက်စ်ဂျီ ဟာ နိုက်စ် နည်းပြ ခရစ္စတိုဖီ ဂါတီယာ ကို သူတို့အသင်း နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်လိုက်တဲ့ အကြောင်း ဒီတစ်ပတ်ထဲမှာပဲ ကြေငြာသွားဖွယ် ရှိနေပါတယ်။

SPORTS MYANMAR