ရီးရဲလ်မက်ဒရစ် မတိုင်မီ ဘာစီလိုနာထံမှ ကမ်းလှမ်းမှု ရခဲ့စဉ်က အေးဂျင့်ထံ ဘာပြောခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ ရူဒီဂါ

ဂျာမန် လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်ကပဲ ချဲလ်ဆီး အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းသို့ အလွတ် ၊ ၄နှစ် စာချုပ်နဲ့ တရားဝင် ပြောင်းရွှေ့ခဲ့ပါတယ် ။ မနေ့ကတော့ မီဒီယာတွေ ရှေ့မှောက် ဂျာစီကိုင် ၊ တရားဝင် လက်မှတ်ရေးထိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ် ။

ရူဒီဂါ ဟာ ချဲလ်ဆီး အသင်းနဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တလျှောက် စာချုပ် ကိစ္စ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် ၊ ၄င်းတို့ အလိုရှိတဲ့ လစာ ပမာဏ ၊ အတိုင်းအတာ တရပ်ကို မရောက်နိုင်ခဲ့သလို ၊ sanction တွေပါ ကြားထဲ ဝင်ရောက် လာခဲ့တာကြောင့် ၊ မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ် ။

ချဲလ်ဆီးနဲ့ စာချုပ်သစ် ကိစ္စ လိုရင်း မရောက်ခင်ကတည်းက ရူဒီဂါ ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ မဟာပြိုင်ဖက် ဘာစီလိုနာထံမှ ဆက်သွယ်မှု အရင်ဆုံး ရခဲ့ပြီး ၊ ဒီအကြောင်းနဲ့ ပတ်သက်ကာ အေးဂျင့်ဖြစ်သူထံ ဘာပြောခဲ့လဲ ဆိုတာ ဖွင့်ဟရင်း ၊ အဆုံးမှာ ဘာကြောင့် ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့လဲ ဆိုတာ အခုလိုပဲ ရှင်းလင်းပြောဆိုခဲ့ပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ရူဒီဂါ က ” ရီးရဲလ်မက်ဒရစ် မတိုင်မီ ဘာစီလိုနာဆီကနေ ကမ်းလှမ်းမှု အရင် ရခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်က အေးဂျင့်ကို ရီးရဲလ်မက်ဒရစ် မဟုတ်ရင် ၊ ကျန်တဲ့ အသင်းတွေကို မပြောင်းဘူးလို့ ပြောခဲ့ပါတယ် ။ ရီးရဲလ်မက်ဒရစ်က ကျွန်တော့ဆီ ပထမဆုံး အကြိမ် ဆက်သွယ်တုန်းက အေးဂျင့်က တဆင့် ဖြစ်ပါတယ် ။ ”

” စက်တင်ဘာလ အစောပိုင်းမှာ သူတို့ ကျွန်တော့ကို ဆက်သွယ်ခဲ့ပါတယ် ။ ဒုတိယ အကြိမ်က ဧပြီလထဲ ဖြစ်ပြီး ၊ အဲဒီမှာတော့ အန်ဆယ်လော့တီနဲ့ ကျွန်တော် စကားပြောခွင့် ရခဲ့ပါတယ် ။ အဲဒီနောက် သူ့လက်အောက်မှာ ကစားဖို့ အတွက် ကျွန်တော် အပြီးပိုင် ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ရူဒီဂါ က ပြီးခဲ့တဲ့ ဘောလုံးရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ မှော်ဆန်တဲ့ ချန်ပီယံလိဂ် အောင်မြင်မှု အကြောင်း မှတ်ချက်ပေးတဲ့ အနေနဲ့ ” ကလပ် အတွက် ကျွန်တော် အရာရာ ပေးဆပ်မှာ ဖြစ်ပြီး ၊ ရနိုင်သလောက် ဆုဖလားတွေ ဆွတ်ခူးသွားချင်ပါတယ် ။ ရီးရဲလ်မက်ဒရစ်မှာ အရာရာတိုင်းဟာ အောင်မြင်မှုတွေနဲ့ ပတ်သက်နေပါတယ် ။ ဒါကို သူတို့ဟာ အတိတ်က နှစ်များစွာ သရုပ်ဖော် ပြသခဲ့တာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ အားလုံးဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ အလိုရှိကြပါတယ် ။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြင်ပက လူတွေရဲ့ သံသယ အချို့ ရှိခဲ့တဲ့ အနေအထားမှာတောင် ဖလား ကိုင်မြှောက်ပြနိုင်ခဲ့ပါတယ် ။ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ပြေးလမ်းကြောင်းကို ဖော်ညွှန်းပြောဖို့ စကားလုံး ကျွန်တော် ရှာမတွေ့ပါဘူး ။ ”

” လုံးဝကို မယုံနိုင်ဖွယ်ရာပါ ။ ဗိုလ်လုပွဲကို ရောက်သွားတဲ့အချိန် ကျွန်တော်ဟာ လာမယ့် ရာသီ ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်လာတော့မှာ သိထားတာကြောင့် ၊ ဖိုင်နယ်မှာ သူတို့ကို အားပေးခဲ့ပါတယ် ။ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ကျွန်တော်တို့ဟာ ရာသီသစ်မှာ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ဖလားတွေကို ယှဉ်ပြိုင်ခွင့် ရတော့မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟိုခံစစ်မှာ ဒေးဗစ် အလာဘာ ၊ အီဒါ မီလီတာအိုတို့ ရှိနေပြီး ၊ အရန်ခုံမှာလည်း အတွေ့အကြုံ ရင့်ကျက်တဲ့ နာချို ဖာနန်ဒက်စ် ရှိနေပေမယ့် ၊ ရူဒီဂါကတော့ ပွဲထွက်ခွင့် အတွက် စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး အသင်းဖော်သစ်တွေကို အခုလိုပဲ မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

ရူဒီဂါ က ” ရီးရဲလ်မက်ဒရစ်ဟာ နေရာတိုင်းမှာ ကစားသမားကောင်းတွေနဲ့ ပြည့်နှက်နေတာပါ ။ ဒါပေမယ့် ပွဲထွက်ခွင့် ပြိုင်ဆိုင်မှု အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါတယ် ။ ကျွန်တော် ဒီအသင်းအတွက် ဘာတွေ ယူဆောင်ပေးနိုင်လဲ ? မျှတတဲ့ ပြိုင်ဆိုင်မှုပါ ။ ဒီတော့ ကျွန်တော်ဟာ စိန်ခေါ်မှု အသစ် အတွက် စောင့်မျှော်နေပါတယ် ။ ”

” ရောမကို တရက်တည်းနဲ့ တည်လို့ မရပါဘူး ။ ဒီတော့ ဒီကို ရောက်လာတဲ့ ပထမဆုံးနှစ်မှာ ကျွန်တော့ အနေနဲ့ အရင်ဆုံး အထိုင်ကျအောင် လုပ်ရပါမယ် ။ နောက်ပြီး အသင်းဖော် အသစ်တွေနဲ့လည်း စပိန် ဘာသာစကားနဲ့ ချိတ်ဆက် စကားပြောနိုင်အောင် ကျွန်တော် ကြိုးစားသွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR