ရာဖင်ဟာ အတွက် တရားဝင် ကမ်းလှမ်းမှု ပထမဆုံး အကြိမ် ပေးပို့လိုက်တဲ့ အာဆင်နယ်

 

ရာဖင်ဟာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မပိတ်သိမ်းခင် အချိန် ကတည်းက ဘာစီလိုနာ နဲ့ သတင်းတွေ ဆက်တိုက်ကြီးခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အေးဂျင့် က ဘာစီလိုနာ ကစားသမားဟောင်း ဒေကို ဖြစ်တဲ့ အတွက် ကတ်တလန် ကလပ် တာဝန်ရှိသူတွေ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးလဲ ရှိပါတယ်။

 

သတင်းတွေ အရတော့ ဘာစီလိုနာ နဲ့ စာချုပ်ဆိုင်ရာ အချက်အလက်တွေ ကြိုတင် သဘောတူညီမှု ရယူထားနိုင်သည့်တိုင်အောင် ၊ ကတ်တလန် ကလပ် ဟာ လိဒ် ယူနိုက်တက် နဲ့ အပြောင်းအရွှေ့ ဆိုင်ရာ ဈေးပမာဏ ကို နှစ်ဖက် လက်ခံနိုင်တဲ့ အခြေနေမျိုးဖြစ်အောင် ညှိနှိုင်းနိုင်ခြင်း မရှိပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒီလို ကြန့်ကြာမှုတွေကြောင့် ပရီးမီးယားလိဂ် ကလပ်တွေက ကြားထဲကနေ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 

အာဆင်နယ် ကတော့ တရားဝင် ကမ်းလှမ်းမှုတွေကို မနေ့ည ကတည်းက ပေးပို့လိုက်တယ်လို့ နားလည်ရပါတယ်။ သို့သော် ဘယ်လို ပမာဏ နဲ့ အရင်ဆုံး ကမ်းလှမ်းလိုက်လဲ ဆိုတာ မသိရပေမယ့် လိဒ် ယူနိုက်တက် က လိုချင်တဲ့ ပမာဏထက် နည်းပါးဖွယ်ရှိနေတာမို့ ၊ ပယ်ချခံရဖို့ ရာခိုင်နှုန်းများနေတယ်လို့ The Athletic က သုံးသပ်ထားပါတယ်။

ဒါကြောင့် အာဆင်နယ် အနေနဲ့ သူတို့ရဲ့ တိုက်စစ်ကို အင်အား ဖြည့်တင်းဖို့ အတွက် ဆိုရင် နောက်ထပ် ကမ်းလှမ်းမှုတွေ နဲ့ ဆက်ပြီး ကြိုးစားရဖွယ် ရှိနေပါတယ်။

 

လက်ရှိ အနေအထား အရ အခြား ပရီးမီးယားလိဂ် ကလပ် ဖြစ်တဲ့ ချဲဆီး ဟာ ဘရာဇီး တောင်ပံ ကစားသမားကို စည်းရုံးဖို့ အတွက် အကောင်းဆုံး အခြေနေမှာ ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ချန်ပီယံလိဂ် ကစားခွင့် ပေးနိုင်တာ ၊ ဆုဖလားတွေ ဆွတ်ခူးဖို့ အခွင့်အလမ်း ပိုများတဲ့ အချက်တွေက ချဲဆီး အတွက် အားသာချက်တွေ ဖြစ်လျှက် ရှိနေပါတယ်။

သို့သော် အာဆင်နယ် က ခြေလှမ်း စတင်လှမ်းထားပြီး ၊ ကစားသမားကိုလဲ စည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ အားကစား ဒါရိုတ်တာ အဒူးဟာ တစ်နိုင်ငံသားကို အီမရိတ်ဆီ ပြောင်းရွှေ့လာဖို့ အတွက် အစွမ်းကုန် ကြိုးစားလျှက် ရှိနေပါတယ်။

 

လိဒ် ယူနိုက်တက် ဘက်ကတော့ သူတို့ ကစားသမား ဆန္ဒကို လိုက်လျောပေးမှာ ဖြစ်တာကြောင့် ၊ အသင်းပြောင်းဖို့ ကြိုးစား အားထုတ်မှုကို ပိတ်ပင် တားဆီးမှာ မဟုတ်ပဲ ၊ ကမ်းလှမ်းလာတဲ့ အသင်းတိုင်းကို လက်ခံ ဆွေးနွေးပေးဖို့ ပြင်ဆင်ထားပါတယ်။ တစ်ချိန်တည်းမှာ ပြောင်းရွှေ့ကြေးကိုလဲ ယူရို 65 သန်း ကနေ 75 သန်း ဝန်းကျင် အထိ အလိုရှိနေပါတယ်။

 

ရာဖင်ဟာ နဲ့ လိဒ် တို့အကြား စာချုပ်ဟာ 2024 ခုနှစ် အထိ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

အာဆင်နယ် ဟာ မန်စီးတီး တိုက်စစ်မှုး ဂျေဇု ကို ခေါ်ယူနိုင်ဖို့ အတွက်လဲ အရှိန်မြှင့် ကြိုးစားနေပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ က နောက်ဆုံး အဆင့်ကို ရောက်နေပြီ ဖြစ်ပြီး ၊ ဒရာမာ ဆန်ဆန် အလှည့်အပြောင်းတွေ ဖြစ်မလာဖို့ အလျှင်အမြန် အဆုံးသတ်ဖို့ လိုအပ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

 

KSE ဟာ လက်ရှိမှာတော့ မာကွင်ဟို ၊ မတ် တာနာ ၊ ဖေဘီယို ဗီအဲရာ တို့ကို ခေါ်ယူ အားဖြည့်ပေးထားပါတယ်။

 

SPORTS MYANMAR