ယူရို သန်း 50 နဲ့ အရောင်းစာရင်း တင်ခံထားရတယ်လို့ သတင်းတွေ ကြီးနေတဲ့ နေမာ

 

ပီအက်စ်ဂျီ ဟာ လူးဝစ် ကမ့်ပို့စ် ကို အားကစား ဆိုင်ရာ အကြံပေး အဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ စတင် အကောင်ထည်ဖော်နေပါပြီ။ အရင်ကလို Big Names ကစားသမားတွေ ကို ခေါ်ယူမှာ မဟုတ်ပဲ ၊ အသင်းအတွက် ကျစ်လစ်မှု အပြည့်ရှိတဲ့ စတိုင်သစ် နဲ့ လည်ပတ်ဖို့ အားယူနေပါတယ်။

 

အသစ် ရောက်ရှိလာတဲ့ ပေါ်တူဂီသားကြီးဟာ နည်းပြသစ် ခန့်အပ်တဲ့ ကိစ္စ က အစ ၊ ကစားသမား အရောင်းဝယ် ကိစ္စတွေ အဆုံး အကုန်လုံးနီးပါးကို ပါဝင် ပတ်သက်နေပါတယ်။ Christophe Galtier ကို ပိုချက်တီနို နေရာကို အစားထိုးဖို့ အတွက် သူပဲ ဦးဆောင်လှုပ်ရှားနေတာ ဖြစ်သလို ၊ လက်ရှိမှာလဲ နေမာ ကို အရောင်းစာရင်း တင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။

L’Equipe ရဲ့ ဖော်ပြချက် အရ လက်ရှိ နေမာ နဲ့ PSG တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေ အရ ဇူလိုင် 1 ရက်နေ့ ရောက်တာ နဲ့ 2027 ခုနှစ် အထိ အလိုအလျှောက် သက်တမ်းတိုးရမယ့် အချက်မျိုး ရှိနေတာကြောင့် ၊ ဘရာဇီးသား နဲ့ လမ်းခွဲဖို့ အားယူနေတာလို့ သိရပါတယ်။

 

ဥက္ကဌ Nesser Al-Khelaifi ကလဲ နေမာ ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို မှတ်ချက် ပေးထားခဲ့ပါတယ်။

“ နေမာ ဟာ ကျနော်တို့ရဲ့ စီမံကိန်းသစ်တွေ မှာ ပါဝင်သေးရဲ့လား ဆိုတဲ့ အကြောင်းကိုတော့ မီဒီယာတွေ ရဲ့ ရှေ့မှာ ထုတ်ပြောမှာ မဟုတ်ပါဘူး။ တစ်ချို့ ကစားသမားတွေ ဟာ အသင်းနဲ့ လမ်းခွဲမှာ ဖြစ်ပြီး ၊ ကစားသမားသစ် တချို့လဲ ရောက်ရှိလာဦးမှာပါ။ အားလုံးက အတွင်းပိုင်း ဆွေးနွေးနေတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်” လို့ ပြောဆိုထားခဲ့ ဖူးပါတယ်။

 

ဒီမနက် ထွက်ပေါ်လာတဲ့ စပိန် က သတင်းတွေမှာတော့ ပီအက်စ်ဂျီ ကရော ၊ ကြားပွဲစား အေးဂျင့် ဇဟာဗီ ကပါ နေမာ ကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာထံ ကမ်းလှမ်းလိုက်တယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာ ပြောင်းရွှေ့ကြေး ယူရို သန်း 50 ရရင်ပဲ နေမာ ကို လက်လွှတ်ပေးမယ်လို့ ပြောဆိုနေကြပါတယ်။

ကောလဟာလ သတင်းတွေမှာတော့ ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်တွေ အကြားမှာတောင် နေမာကို ပြန်လည် ခေါ်ယူသင့် ၊ မခေါ်ယူသင့်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

စပိန် ရဲ့ နောက်ထပ် နာမည်ကြီး အားကစား အစီစဉ် တစ်ခုဖြစ်တဲ့ EL Chiringuito ကလဲ PSG ဟာ နေမာ အတွက် ပြန်လိုချင်တဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း 50 ကိုတောင် ၊ အရစ်ကျ ပေးချေမှုမျိုး နဲ့ လက်ခံဆွေးနွေးပေးဖို့အထိ လမ်းဖွင့်ထားတယ်လို့ ရှင်းပြသွားခဲ့ ပါတယ်။

လက်ရှိ အချိန်ထိတော့ ဘာစီလိုနာ ရဲ့ သဘောထားက လီဝန်ဒေ့ါစကီး ကို ပြန်လည် ခေါ်ယူဖို့ အတွက်ပဲ ဦးစားပေး သတ်မှတ်ထားဆဲ ဖြစ်ပြီး ၊ မည်သည့် အပြောင်းအလဲမှတော့ မရှိသေးပါဘူး။

 

အီတလီ အင်အားကြီး ကလပ် တစ်ခုဖြစ်တဲ့ ယူဗင်တပ် ကလဲ နေမာ ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတာမို့ ၊ ဖြစ်နိုင်ချေ ရှိတဲ့ နည်းလမ်းတွေကို တွက်ချက်ကြည့်နေတယ်လို့ သိရပါတယ်။

 

ကစားသမား ရဲ့ လစာပမာဏ က မြင့်မားလွန်းတဲ့ အချက်ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တိုင်းအတွက် အတားအဆီး တစ်ခုဖြစ်လာနိုင်ပြီး ၊ ပီအက်စ်ဂျီ အနေနဲ့လဲ လိုလိုချင်ချင် နဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ် ဆိုရင်တောင် တချို့ အချက်အလက်တွေမှာ အပေးအယူလုပ်ပြီးမှပဲ လမ်းကြောင်း ပွင့်လာဖွယ် ရှိနေပါတယ်။

 

ပြင်သစ် က သတင်းတွေမှာတော့ ပရီးမီးယားလိဂ် ရဲ့ သူဌေးကလပ် ဖြစ်တဲ့ နယူးကာဆယ် ကလဲ နေမာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြနေကြပါတယ်။

 

SPORTS MYANMAR