မိုနာကို ကို ပြောင်းရွှေ့တော့မယ့် လီဗာပူး က ဂျပန် ဆာမူရိုင်း

 

ပြင်သစ် ကလပ် မိုနာကို အသင်းဟာ ဂျပန် တိုက်စစ်မှုး မီနာမီနို ကို ခေါ်ယူဖို့ အတွက် လီဗာပူး နဲ့ အပြောင်းအရွှေ့ ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

မူလ က အန်ဖီးလ် ကလပ်ဟာ ဂျပန် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း 20 ဝန်းကျင်ခန့် ရဖို့ မျှော်လင့်ထားတယ်လို့ အသံလွှင့်ခဲ့ပေမယ့် ၊ တကယ်တမ်း သဘောတူညီမှု ရယူနိုင်ချိန်မှာတော့ ယူရို 15 သန်း နဲ့ လက်လွှတ်ပေးခဲ့ပါတယ်။ စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု အတွက် ယူရို 3 သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မီနာမီနို ဟာ 2020 ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတုန်းက လီဗာပူး ကို ရောက်ရှိလာခဲ့သူ ဖြစ်ကာ ၊ 2024 ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိသေးသူပါ။ သို့သော် ဖြတ်သန်းခဲ့တဲ့ ကာလအတွင်း ၊ ပွဲထွက် ကစားသမား နေရာကို ခိုင်ခိုင်မာမာ ရယူနိုင်ခြင်း မရှိခဲ့တဲ့ အတွက် အသင်းပြောင်းဖို့ စောစောစီးစီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူး အသင်း ပြည်တွင်း ဖလား 2 လုံး ရရှိအောင် အဓိက နေရာက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ကာရာဘောင် ဖလား ပြိုင်ပွဲမှာရော ၊ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာပါ လီဗာပူး အတွက် သွင်းဂိုး အများဆုံး သွင်းယူနိုင်ခဲ့သူပါ။

သို့သော် အဲဒီလို စွမ်းဆောင်ပြတဲ့ အကြားက ဗိုလ်လုပွဲတွေမှာ ပါဝင် ကစားခွင့် မရခဲ့သလို ၊ ပရီးမီးယားလိဂ် မှာလဲ တစ်ရာသီလုံးမှ တစ်ပွဲသာ ပွဲထွက် ကစားသမား စာရင်းကနေ ပါဝင်ခွင့် ရခဲ့ပါတယ်။

 

သူ့ကို ခေါ်ယူဖို့ အတွက် အစောပိုင်းမှာ ဆဲလ်ဘု နည်းပြဟောင်း ကိုင်တွယ်နေတဲ့ လိဒ် ယူနိုက်တက် ၊ အငှား ထွက်ကစားခဲ့ဖူးတဲ့ ဆောက်သမ်တန် ၊ ဝုဖ် နဲ့ လီယွန် အသင်းတွေကလဲ ချဉ်းကပ်ခဲ့ပေမယ့် ၊ မိုနာကို နဲ့ပဲ သဘောတူညီမှု ရခဲ့တာပါ။

နာမည်ကြီး အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ မီနာမီနို ဟာ မိုနာကို နဲ့ 5 နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့ ဆိုထားပါတယ်။

 

လက်ရှိမှာ သူဟာ မွေးရပ်မြေ ဂျပန်မှာပဲ ရှိနေဆဲ ဖြစ်ပြီး ၊ ဆေးစစ်မှုတွေ ခံယူနိုင်ဖို့ အတွက် မကြာခင် ဥရောပဆီ ပြန်လည် ရောက်ရှိလာဖွယ် ရှိနေပါတယ်။

လီဗာပူး အတွက်တော့ အိုရီဂီ ၊ မာနေး တို့ကို ဆုံးရှုံးပြီးနောက် ၊ နောက်ထပ် တိုက်စစ် ကစားသမား တစ်ယောက် ကို ထပ်မံ လက်လွှတ်ရဦးမှာပါ။

 

ကလော့ပ် ဟာ ဘင်ဖီကာ အသင်းက တိုက်စစ်မှုး ဒါဝင် နူညက် ၊ ဖူဟမ် ကွင်းလယ် တိုက်စစ် ကစားသမား ဖာဘီယို ကာဗယ်ဟို တို့ကို ခေါ်ယူထားပြီးပြီ ဖြစ်တာကြောင့် လာမယ့် ဘောလုံးရာသီမှာ ကစားကွက်သစ် နဲ့ ပွဲထွက်လာဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

မီနာမီနို ကတော့ မိုနာကို မှာ ဘန် ရပ်ဒါ ၊ ကယ်ဗင် ဗော်လန်း တို့နဲ့ လက်တွဲ ကစားသွားမှာပါ။ သူဟာ မိုနာကို နဲ့ အကြား စာချုပ်ကို ဘယ်လို အချက်လက်တွေ နဲ့ သဘောတူညီမှု ရရှိထားတယ် ဆိုတဲ့ သတင်းတွေတော့ အသေးစိတ် ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

 

SPORTS MYANMAR