မာနေးရဲ့ အပြောင်းအရွေ့နဲ့ ပက်သက်ပြီး ဒင်းဆောင်းဒါးရဲ့ မှတ်ချက်ကို သဘောမတူခဲ့တဲ့ ဒယ်ပီယာရို

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လီဗာပူး ကစားသမားဟောင်း ဖြစ်သူ ဒင်းဆောင်းဒါးက လီဗာပူး ကနေ ဘိုင်ယန်မြူးနစ်ကို ထွက်ခွာချင်တဲ့ ဆာဒီယိုမာနေးရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင် ဖြစ်မိကြောင်း ပြောလိုက်ပြီး ဘွန်ဒက်လီဂါကို ပြောင်းရွေ့ခြင်းဟာ ဆီနီဂေါ စတား အတွက် စိန်ခေါ်မှု တစ်ခု မဟုတ်ဘဲ ကစားသမား ဘ၀ရဲ့ အကောင်းဆုံး ၂ နှစ်တာ ကာလကို ဖြုန်းတီးလိုက်သလို ဖြစ်သွားမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက် ပါတယ်။

ဒါပေမယ့်လည်း အီတလီ ဘောလုံးဂန္တ၀င် အလက်ဇန်းဒါး ဒယ်ပီယာရို ကတော့ လီဗာပူး ကနေ မာနေး ထွက်ခွာသွားခြင်းဟာ အားလုံး အတွက် အကောင်းဆုံး ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက် ပါတယ်။ လီဗာပူးဟာ မာနေး အတွက် ဘိုင်ယန်မြူးနစ်နဲ့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ကာ ကနဦး အနေဲ့ ပေါင် ၂၇.၄ သန်း ကို ရရှိမှာ ဖြစ်ပြီး add-ons (ပွဲကစားခွင့် + တစ်ဦးချင်း အောင်မြင်မှု) အရ နောက်ထပ် ပေါင် ၇.၇ သန်းကို ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ် အတွက် ပွဲပေါင် ၅၀၀ ကျော် ကစားပေးခဲ့တဲ့ ဒယ်ပီယာရိုက မာနေးရဲ့ အပြောင်းအရွေ့နဲ့ ပက်သက်ပြီး သူ့ရဲ့ ယူဆချက်ကို ချပြသွားခဲ့ရာမှာ ဒင်းဆောင်းဒါးရဲ့ ယူဆချက်နဲ့ ကွဲပြားနေပါတယ်။ အသက် ၄၇ နှစ်အရွယ် ဒယ်ပီယာရို က လီဗာပူး နဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းစလုံးဟာ ဒီအပြောင်းအရွေ့ အတွက် ပျော်ရွှင်နိုင်တယ်လို့ ယူဆနေပါတယ်။

ဒယ်ပီယာရိုက “ဒီအပြောင်းအရွေ့နဲ့ ပက်သက်ပြီး ကောင်းမွန်တဲ့ အချက် ကတော့ အားလုံးဟာ ဘာလုပ်သွားရမလဲ ဆိုတာကို ကြိုတင် သိနေကြတာပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ဆာဒီယိုဟာ လီဗာပူး ကနေ ထွက်ခွာ ချင်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ လီဗာပူးနဲ့ ဆွေးနွေးခဲ့ပါတယ်။ လီဗာပူး ဘက်ကလည်း မီးစိမ်းပြခဲ့ပြီး ချက်ချင်း ဆိုသလို သူ့ရဲ့ နေရာမှာ ဒါ၀င်နူးနက်နဲ့ ပြန်လည် အစားထိုးခဲ့ပါတယ်။

ဒါဟာ ဒီ deal ရဲ့ ကောင်းမွန်တဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ လူတစ်ချို့ ကတော့ ကစားသမားသစ်ကို ဒီကစားသမားထက် ပိုပြီး ကြိုက်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ သူတို့ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်နေဆဲ ဆိုရင် တူညီတဲ့ ကစားသမားတွေနဲ့ပဲ ဆက်သွားချင်ပါတယ်။ ကျွန်တော် ကတော့ အသင်းကို အများကြီး အပြောင်းအလဲ မလုပ်ချင်ပါဘူး။ ဒါပေမယ့်လည်း မာနေးရဲ့ အပြောင်းအရွေ့ဟာ အားလုံး အတွက် ကောင်းမွန်ခဲ့ ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူး တို့ဟာ မာနေးရဲ့ အပြောင်းအရွေ့ အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ မာနေးဟာ ယနေ့မှာ ဆေးစစ်မှု ခံယူသွားမှာ ဖြစ်ကာ ဗုဒ္ဓဟူးနေ့မှာ Presentation ကို ပြုလုပ်သွားမှာ ဖြစ်ပြီး ဘိုင်ယန်နဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

SM