မန်ယူနိုက်တက် ရဲ့ မထင်မှတ်တဲ့ ခေါ်ယူမှု ၊ နေမာကို ပယ်တော့မယ့် PSG ၊ ချဲလ်ဆီးရဲ့ တရစပ် စိတ်ဝင်စားမှုတွေနဲ့ . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကနေ့ မှာ မထင်မှတ်တဲ့ အပြောင်းအရွှေ့ ကို လုပ်ဆောင် သွားခဲ့ပြီး နယ်သာလန် ကလပ် ဖီယင်နော့ဒ် က အသက် ၂၂ နှစ် အရွယ် ဘယ်နောက်ခံလူ Tyrell Malacia ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဖီယင်နော့ အသင်းကို ယူရို ၁၅ သန်း ပေးချေ ရမှာ ဖြစ်ပြီး အပိုဆုကြေး အဖြစ် နောက်ထပ် ယူရို ၂ သန်း ကိုလည်း ပေးချေဖို့ စာချုပ် ချုပ်ဆို သွားမယ်လို့ သိရပါတယ် ။

ဖီယင်နော့ဒ် အသင်းဟာ မာလာစီယာ အတွက် သဘောတူလိုက်ပြီ ဖြစ်ကာ ကာယကံရှင် ကစားသမားရဲ့ အဖြေကို ရရှိပါက အပြောင်းအရွှေ့ ဖြစ်မြောက်ပြီလို့ သိရှိရ ပါတယ် ။

ဖရန်ကီ ဒီယွန် ရဲ့ အပြောင်းအရွှေ့ ကတော့ လာမယ့် ဇွန်လ ၃၀ မတိုင်ခင် မှာ ပြီးမြောက်ဖို့ အလားအလာ နည်းပါးတယ်လို့ သိရပါတယ် ။

ယူနိုက်တက် ဂိုးသမားလေး နေသန် ဘစ်ရှော့ ကတော့ လိဂ်ဝမ်း အသင်း ဝိုင်ကွမ်ဘီ ထံ တရာသီ အငှားနဲ့ ပြောင်းရွှေ့ဆို့ ဆွေးနွေး နေတယ်လို့ သိရပါတယ် ။

ယူနိုက်တက် လူငယ် အသင်းသား Zidane Iqbal ကတော့ အသင်းနဲ့ ၂၀၂၅ အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆို လိုက်ပြီလို့ သိရှိရ ပါတယ် ။

PSG ဟာ ဘရာဇီး တိုက်စစ်မှူး နေမာ ကို အသင်းပြောင်းလိုက ပြောင်းရွှေ့ နိုင်ကြောင်း အသိပေးထားတယ်လို့ RMC Radio သတင်း ဌာနက ဖော်ပြ သွားခဲ့ ပါတယ် ။

PSG ကနေ ချဲလ်ဆီး ကို ပြောင်းရွှေ့ လာပြီး ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့တဲ့ ဘရာဇီး ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား ကတော့ နေမာ အနေနဲ့ ချဲလ်ဆီး ကို လာရောက် သင့်ကြောင်း အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နဲ့ စာချုပ်သက်တမ်းတိုးဖို့ ညှိနှိုင်း နေဆဲ ဖြစ်တဲ့ ဒမ်ဘီလီ ဟာလည်း ဘာဆာ မှာ ဆက်နေမလား ၊ ချဲလ်ဆီး ကို ပြောင်းရွှေ့မလား ဆိုတဲ့ ရွေးချယ်စရာ ၂ ခု အနက်က တခုခုကို ရွေးချယ် ရလိမ့်မယ်လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး ဟာ ဘရိုက်တန် အသင်းရဲ့ လူငယ် ကစားသမားလေး ဇက် စတာ့ဂျ် ကိုလည်း ခေါ်ယူ နိုင်ဖို့ ဆွေးနွေး နေပြီး အပြီးသတ် ညှိနှိုင်းစရာ အချို့သာ ကျန်ရှိ တော့တယ်လို့ သိရပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး ဟာ ရီးရဲမက်ဒရစ် နဲ့ လီဗာပူးတို့ရဲ့ ၂၀၂၃ ပစ်မှတ် အဖြစ် သတင်းထွက် နေတဲ့ အင်္ဂလန် ကွင်းလယ် ကြယ်ပွင့်လေး ဂျုဒ် ဘယ်လင်ဟမ် ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စား လာတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ချဲလ်ဆီး တာဝန်ရှိသူတွေ ဟာ အင်တာမီလန် နောက်ခံလူ စကရီနီးယား အတွက် လာမယ့် ကြာသပတေးနေ့ မှာ အင်တာ မီလန် နဲ့ တွေ့ဆုံ စကားပြောကြမယ်လို့လည်း ကြားသိရ ပါတယ် ။

နောက်တန်းကို မဖြစ်မနေ အားဖြည့်ရမယ့် ချဲလ်ဆီး ဟာ မန်စီးတီး ရဲ့ နယ်သာလန် နောက်ခံလူ နေသန် အကီ အပြင် ယူကရိန်း နောက်ခံလူ ဇင်ချန်ကို ကိုပါ စိတ်ဝင်စားနေတယ်လို့ သိရှိရ ပါတယ် ။

မိုနာကို အသင်းဟာ လီဗာပူးရဲ့ ဂျပန် တိုက်စစ်မှူး တာကူမီ မီနာမီနို ကို ယူရို ၁၅ သန်း နဲ့ ခေါ်ယ ပြီးမြောက် ခဲ့ကြောင်း အသိပေး သွားခဲ့ ပါတယ် ။ လီဗာပူး ဟာ ယူရို ၁၅ သန်း အပြင် အပိုဆုကြေး အဖြစ် ယူရို ၃ သန်း အထိ ရရှိ နိုင်ဦးမယ်လို့ သိရပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းဟာ အာဆင်နယ် က စိတ်ဝင်စားနေတဲ့ လက်စတာ ကွင်းလယ်လူ တီလေမန်းစ် ကို ခေါ်ယူဖို့ မျက်စိကျလာတယ် လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

အာဆင်နယ် ကတော့ သူတို့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ် ထားတဲ့ လီဆန်ဒရို မာတီနက် အတွက် အိုင်ယက်စ် အသင်းဘက်က အကြောင်းပြန်မှု ကို စောင့်ဆိုင်း နေတယ်လို့ ကြားသိရ ပါတယ် ။

အက်စတွန် ဗီလာ အသင်းကတော့ ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ် အတွက် ပေါင် သန်း ၃၀ ဈေးသတ်မှတ် လိုက်တယ်လို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ နောက်ခံလူ ကလီမန့် လန်းလတ် ကို တော့တင်ဟမ် ဟော့စပါး အသင်းဆီ ပြောင်းရွှေ့ လိုပါက လာမယ့် ၂ ရက် အတွင်း ဆုံးဖြတ်ပေးဖို့ အသိပေး ထားကြောင်း ကြားသိရ ပါတယ် ။

လီဗာပူး နဲ့ ယူဗင်တပ် တို့ဟာ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ နာဘီ ကီတာ နဲ့ အေဒရင် ရာဘီယော့ တို့ကို အလဲ အထပ် ပြုလုပ်ဖို့ ဆွေးနွေး နေကြတယ်လို့လည်း သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဂီတာဖေး နဲ့ ဖီနာဘာချီ အသင်းတွေဟာ ရီးရဲမက်ဒရစ် တိုက်စစ်မှူးလေး မာရီယာနို ဒီယာ့ဇ် ကို ခေါ်ယူ နိုင်ဖို့ ကြိုးစား နေကြပြီး ဒီယာ့ဇ် ကတော့ သူဟာ တနှစ်ကို လုပ်ခ ယူရို ၅ သန်း အလိုရှိကြောင်း အသိပေးထားတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ရိုးမား နည်းပြကြီး မော်ရင်ဟို ဟာ အသင်းရဲ့ အပြောင်းအရွှေ့ မှာ နှေးကွေး နေမှု ကို အားမရ ဖြစ်နေပြီး အရှိန်မြှင့် လုပ်ဆောင် ပေးဖို့ တိုက်တွန်း ထားပါတယ် ။

အခုနောက်ဆုံး ကြားသိရတာကတော့ ရိုးမား ဟာ လိုင်ယွန် ကွင်းလယ်လူ ဟာဆန် အူဝါ အတွက် အသင်းရဲ့ ကစားသမား တီယာဂို ပင်တို ကို အလိုက် ထည့်ပေးပြီး ကမ်းလှမ်း ထားတယ်လို့ သိရှိရ ပါတယ် ။

နယူးကာဆယ် အသင်းဟာ လာမယ့် ရာသီမှာ ဝတ်ဆင်မယ့် တတိယမြောက် ဂျာစီကို ဒီကနေ့မှာ ထုတ်ဖော် ပြသသွားခဲ့ ပါတယ် ။ အဆိုပါ ဂျာစီဟာ ဆော်ဒီ အာရေဗျ လက်ရွေးစင် အသင်းရဲ့ အိမ်ကွင်း ဂျာစီ နဲ့ ဒီဇိုင်းတူ အရောင်အသွေး တူညီနေမှုကြောင့် ပရိသတ် အချို့ ရဲ့ ဝေဖန်မှု နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR