မန်ချက်စတာ ယူနိုက်တက်နဲ့ သတင်းထွက်ခဲ့ပြီး 3 နှစ် အကြာမှ ပထမဆုံးအကြိမ် မှတ်ချက်ပေးမှု ပြုလုပ်လိုက်တဲ့ ဇီဒန်း 

 

ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ သတင်းကြီးနေခဲ့တဲ့ ရီးယဲ မက်ဒရစ် အသင်းရဲ့ ဂန္တဝင် ဇနက်ဒင်း ဇီဒန်း ကတော့ အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာ မပြောတတ်တာက မန်ချက်စတာကို သွားရောက်ဖို့ အတွက်် အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ် ။

 

2018 တုန်းက ရီးယဲ မက်ဒရစ် အသင်းမှ နည်းပြ အဖြစ် ထွက်ခွာခဲ့တဲ့နောက် အသင်း လက်မဲ့ ဖြစ်ခဲ့တဲ့ ဇနက်ဒင်း ဇီဒန်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ မကြာခန သတင်းထွက်ခဲ့ပြီး ဆိုးလ်ရှား ထွက်ခွာခဲ့တဲ့နောက်မှာလည််း သတင်းထပ်ထွက်ခဲ့ပါသေးတယ် ။

ဇနက်ဒင်း ဇီဒန်း ဆိုတာ ရီးယဲ မက်ဒရစ် အသင်းကို ကိုင်တွယ််ခဲ့စဥ်တုန်းက သုံးနှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ အံ့ဖွယ် နည်းပြ ဖြစ်ခဲ့ပါသေးတယ်် ။ ဒါပေမဲ့ သူဟာ နည်းပြ ဘဝမှာတော့ ရီးယဲ မက်ဒရစ် တစ်သင်းထဲကိုသာ ကိုင်တွယ်ခဲ့ဖူးတာပဲ ဖြစ်ပါတယ် ။

အခုတော့ အသက် နှစ် 50 ပြည့် မွေ့နေ့ လုပ်ဆောင်ခဲ့တဲ့ ဇီဒန်းဟာ L’ Equipe နဲ့ အင်တာဗျူး လုပ်ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအကြောင်း အမေးခံလိုက်ရချိန်မှာတော့ ‘ လုံးဝ မဖြစ်နိုင်ဘူးလို့ ဘယ်တော့မှ မပြောဘူး ‘ ၊ ဘာသာ စကား အခက်အခဲ အကြောင်းတွေကို ပြန်လည် ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

” Never say never, ခင်ဗျား မော်ဒန် ဘောလုံး လောကမှာ နည်းပြ လုပ်နေရင် ဒီလိုပဲ ပြောမှာပါ ။ ကျွန်တော်ဟာ ကစားသမား ဘဝတုန်းက အသင်းတွေ အားလုံးကို ရွေးချယ််နိုင်ခွင့် ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ နည်းပြ တစ်ဦး အဖြစ်နဲ့တော့ ကျွန်တော် သွားလို့ရတဲ့အသင်း 50 မပြည့်ပါဘူး ”

 

” ဖြစ်နိုင်ခြေ ရှိတဲ့ အသင်း ဆိုတာလည်း နှစ်သင်း ၊ သုံးသင်းလောက်ပဲ ရှိပါတယ် ။ ကျွန်တော် အသင်း တစ်သင်းဆီ သွားမယ်ဆိုရင် ရည်မှန်းချက်က အောင်မြင်မှုတွေ ယူဖို့ပဲ ဖြစ်နေမှာပါ ။ ဒါကို ကျွန်တော် တွန့်ဆုတ်မှုမရှိပဲ ပြောရဲပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော် သွားလို့ရနိုင်ခဲ့တဲ့ အသင်းတိုင်းဆီ မသွားခဲ့တာပေါ့ဗျာ ”

 

” အခြားသော အကြောင်းပြချက်တွေလည်း ရှိသေးတာပေါ့ဗျာ ။ ကျွန်တော် သွားချင်တဲ့ နေရာတိုင်း သွားလို့ မရနိုင်သေးပါဘူး ။ ဘယ်နေရာတွေ ဖြစ်မလဲ ? ဥပမာ အနေနဲ့ ပြောရရင် ဘာသာ စကားပေါ့ ။ အချို့သော အရာတွေက အလုပ်ကို ပိုပြီး ခက်ခဲသွားစေနိုင်တယ်လေ ”

 

” လူတွေက ကျွန်တော့်ကို ‘ မင်း မန်ချက်စတာကို သွားချင််သလား ? ‘ လို့ မေးတဲ့အခါမျိုးမှာ… ကျွန်တော် အင်္ဂလိပ် စကားတော့ နားလည်ပါတယ် ။ ဒါပေမဲ့ ဆရာကျလောက်တဲ့ အထိတော့ မပြောဆိုတတ်သေးဘူးပေါ့ဗျာ ။ စကားမတတ်ပဲသွားတဲ့ နည်းပြတွေ ရှိတာ ကျွန်တော် သိပါတယ် ”

” ဒါပေမဲ့ ကျွန်တော် အလုပ်လုပ်ပုံက ခြားနားပါတယ် ။ အောင်မြင်မှုတွေ ရနိုင်ဖို့ဆိုရင် လိုအပ်ချက် အများကြီး ဖြည့်စွက်ရပါ့မယ် ။ ဘောလုံးက နိုင်ငံတကာနဲ့ လုပ်ရတဲ့ အလုပ်မျိုးလေ ။ ကျွန်တော် အောင်မြင်ဖို့ ဘာလိုအပ်လဲ ဆိုတာ ကောင်းကောင်းသိပါတယ် ” လို့ ဇီဒန်း က ပြန်လည်် ဖြေကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar