နံနက်ခင်း အားကစား သတင်းများ

ဒေါ့မွန် အသင်းဟာ လာမယ့် နွေရာသီမှာ လီဗာပူး ၊ ရီးရဲမက်ဒရစ် နဲ့ ချဲလ်ဆီး အသင်းတွေက အပြိုင် ကမ်းလှမ်း လာဖွယ် ရှိနေတဲ့ သူတို့ရဲ့ ကွင်းလယ် ကြယ်ပွင့်လေး ဂျုဒ် ဘယ်လင်ဟမ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ဈေး သတ်မှတ် လိုက်တယ်လို့ ဂျာမန် အခြေစိုက် အားကစား သတင်းစာ SPORTBILD က ဖော်ပြ သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ကနေ ထွက်ခွာမယ့် လူငယ်လေး လီဗီ ကိုဝဲလ် ကို လက်စတာ နဲ့ ဆောက်သမ်တန် အသင်းတို့က ခေါ်ယူ နိုင်ဖို့ ရေပန်း အစားဆုံး ဖြစ်နေတယ်လို့ သိရ ပါတယ် ။

ဒီကနေ့ ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ရဲ့ တရားဝင် နောက်ဆုံး နေ့ရက် ဖြစ်ပြီး မနက်ဖြန်မှာ ရာသီသစ် စတင် အသက်ဝင်မယ်လို့ သိရပါတယ် ။

စပိန် လာလီဂါရဲ့ ရာသီကုန် စာရင်းရှင်းတမ်း အရ ဘာစီလိုနာ ဟာ ယူရို သန်း ၁၆၀ ၊ အက်သလက်တီကို မက်ဒရစ် က ၄၅ သန်း ၊ ဗလင်စီယာ က သန်း ၇၀ နဲ့ ရီးရဲ ဘက်တစ် က ၂၅ သန်း အသီးသီး ဆုံးရှုံး နစ်နာ ခဲ့ကြတယ်လို့ သိရှိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ အဲဗာတန် တိုက်စစ်မှူးလေး ရစ်ချလီဆင် တို့ ဟာ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရပါတယ် ။

လက်ရှိ မှာတော့ စပါး ဟာ အဲဗာတန် နဲ့ ပြောင်းရွှေ့ကြေး ကိစ္စကို ညှိနှိုင်း ပြောဆိုနေပြီလို့ သိပါတယ် ။

စပါး ဟာ ဘာဆာ ခံစစ်မှူး ကလီမန့် လန်းလတ် ကို အငှားနဲ့ ခေါ်ယူရေး ကိုလည်း အမြန်ဆုံး အပြီးသတ် နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

စပါး နည်းပြ ကွန်တီ ဟာ အီတလီ ကို ယူရို ၂၀၂၀ မှာ ပါဝင် ကူညီပေးခဲ့တဲ့ တည်ကန်ဘော နည်းပြ ဂျီယာနီ ဗီရို ကို လန်ဒန် ကလပ်ထံ ခေါ်ဆောင်ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ် ။

လီဗာပူး ကတော့ လူငယ်လေး နီကို ဝီလ်ယံ အတွက် နော်တင်ဟမ် ဖောရက်စ် အသင်းရဲ့ ပေါင် ၁၅ သန်းတန် ကမ်းလှမ်းမှု ကို ငြင်းပယ် သွားခဲ့တယ်လို့ သိရပါတယ် ။

အက်စတွန် ဗီလာ အသင်းကတော့ မနှစ်တုန်းက ပဲလေ့စ်မှာ အငှားသွား ကစားပြီး ခြေစွမ်းပြကာ ချဲလ်ဆီး ကို ပြန်ရောက် နေတဲ့ အင်္ဂလန် ကစားသမားလေး ကော်နာ ဂယ်လာဟာ ရဲ့ အခြေအနေ ကို စောင့်ကြည့် အကဲခတ် နေတယ်လို့ သိရှိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် အကြီးအကဲ အူလီဟိုးနက်စ် က ဘာစီလိုနာ အနေနဲ့ လီဝန်ဒေါ့စကီး အတွက် ပြောင်းရွှေ့ကြေး တွေ တခုပြီး တခု ပြင်ဆင်ကာ ကမ်းလှမ်းပြီး အချိန်ကုန်ခံ မနေသင့်တော့ ပါဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ နာမည်ကျော် ဂိမ်းကုမ္ပဏီ KOMANI အတွက် သရုပ်ပြ ဗီဒီယို ရိုက်ကူးပေးခဲ့ပြီး အသင်းရဲ့ စတား အများအပြား ပါဝင်ခဲ့ပေမယ့် လီဝန်ဒေါ့စကီး ကိုတော့ ချန်လှပ် သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ ရာဖင်ညာ ကို တပတ် လုပ်ခ ပေါင် ၁ သိန်း ၁ သောင်း ဝန်းကျင် နဲ့ ၅ နှစ် စာချုပ် ချုပ်ဆို သွားဖို့ အတွက် ကစားသမားရဲ့ အေးဂျင့် ဒေကို နဲ့ ဆွေးနွေး ညှိနှိုင်း နေပြီလို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ကတော့ ဖရန်ကီ ဒီယွန် ရဲ့ အပြောင်းအရွှေ့ ကို အပြီးသတ်ကြ တော့မှာ ဖြစ်ကာ ယူနိုက်တက် ဘက်က ကြိုဆင်ရေး ပြင်ဆင်နေသလို ဘာစီလိုနာ ဘက်ကလည်း နှုတ်ဆက် ဗီဒီယို ပြုလုပ် နေပြီလို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ မမ်းဖစ် ဒီပိုင်း အတွက် ယူရို သန်း ၂၀ ဈေးသတ်မှတ် ထားပြီး ကမ်းလှမ်းလာမှု တွေကို စောင့်ဆိုင်း နေတယ်လို့ သိရပါတယ် ။

ဘာဆာ ဟာ လူငယ် ကစားသမားလေး ဂါဗီ ကို စာချုပ်သစ် ချုပ်ဆို နိုင်ရေးနဲ့ ပတ်သက်ပြီး နေ့စဉ် နေ့တိုင်း ကစားသမား ရဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း လုပ်ဆောင် နေကြတယ်လို့လည်း သိရှိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ တပတ် လုပ်ခ ပေါင် ၃ သိန်းခွဲ နီးပါး ပေးချေ နေရတဲ့ အန်တွိုင် ဂရစ်ဇ်မန်း ထက် သောမတ်စ် လီမာ ကိုသာ ပိုမို ရှင်းထုတ် သွားဖို့ စိတ်ကူး ရှိနေပြီး ဂရစ်ဇ်မန်း ကိုတော့ ဘာစီလိုနာ ကနေ ဆက်လက် အငှား ခေါ်ယူထားဖို့ စိတ်ကူး နေတယ်လို့ သိရှိရ ပါတယ် ။

မနှစ်တုန်းက ရိုးမား မှာ မော်ရင်ဟို ရဲ့ နေရာပေးမှု ကို မရရှိ ခဲ့တဲ့ ၂၄ နှစ် အရွယ် စပိန် ကွင်းလယ် ကစားသမားလေး ဂွန်ဇာလို ဗီလာ ဟာ ဆမ့်ဒိုးရီးယား အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်လီ ဟာ ရိုးမား နည်းပြဟောင်း ပေါ်လို ဖွန်ဆီကာ ကို ၂၀၂၄ ခုနှစ် အထိ စာချုပ် ချုပ်ဆိုကာ နည်းပြသစ် အဖြစ် ခန့်အပ် လိုက်ပြီလို့ သိရှိရ ပါတယ် ။

အင်တာမီလန် ဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ နယ်သာလန် ခံစစ်မှူး စတီဖင် ဒီဗာ့ဂျ် ကို အခု နွေရာသီမှာ ထုတ်ရောင်းသွားဖို့ စိတ်ကူး နေပြီး နောက်ခံလူ လိုအပ်နေတဲ့ ချဲလ်ဆီး က နားစွင့် နေတယ်လို့ သိရပါတယ် ။

လက်ရှိ ကျင်းပနေတဲ့ ဝင်ဘယ်ဒမ် တင်းနစ် ပြိုင်ပွဲမှာတော့ ဗြိတိန် ရဲ့ နာမည်ကျော် တင်းနစ် သမားတွေ ဖြစ်ကြတဲ့ အမ်မာ ရာဒူကနူ နဲ့ အန်ဒီမာရေး တို့ ၂ ဦး စလုံးဟာ ပြိုင်ပွဲ ကနေ အသီးသီး ထွက်ခွာ သွားခဲ့ ကြရပြီ ဖြစ်ပါတယ် ။

အမ်မာ ဟာ ကမ္ဘာ့အဆင့် ၅၅ မှာ ရှိနေတဲ့ ကာရိုလိုင်း ဂါစီယာ ကို ၁ နာရီခွဲကြာအောင် ယှဉ်ပြိုင် ခဲ့ပြီး ၂ ပွဲပြတ် အရေးနိမ့် ခဲ့တာဖြစ်ပါတယ် ။

အန်ဒီမာရေး ကလည်း ဒုတိယ အဆင့်မှာ ဂျွန် အစ္စနာ ကို ၄-၆ ၊ ၆-၇ ၊ ၇-၆ ၊ ၄-၆ တို့နဲ့ ရှုံးနိမ့် ခဲ့တာလို့ ကြားသိရ ပါတယ် ။

ဓလေ့ ထုံးတမ်း နဲ့ ရိုးရာ ပိုင်းဆိုင်ရာ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိနေတဲ့ ကာတာ နိုင်ငံမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပမှု ဟာ LGBT လှုပ်ရှားသူတွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရ ပါတယ် ။

ဒီလို LGBT တွေဘက်ကနေ ပါဝင် ထောက်ခံတဲ့ အနေနဲ့ ဝက်ဖိုဒ့် အသင်းဟာ ကာတာ လက်ရွေးစင် အသင်းနဲ့ ခြေစမ်းပွဲ ကစားမယ့် အစီအစဉ် ကို ဖျက်သိမ်း လိုက်တယ်လို့ သိရပါတယ် ။ ဒါပေမယ့် အဆိုပါ ပွဲနေရာမှာ ပိုစ့်မောက် အသင်းက အစားဝင်ကာ ခြေစမ်း သွားဖို့ စီစဉ် နေတယ်လို့လည်း သိရှိရ ပါတယ် ။

ဖီဖာ ကတော့ LGBT လှုပ်ရှားမှု ရဲ့ သင်္ကေတ ဖြစ်တဲ့ သက်တံ့ရောင် အလံကို ကမ္ဘာ့ဖလား မှာ ကိုင်ဆောင်မှု တွေ ရှိလာပါက အရေးယူ ဆောင်ရွက် သွားဖို့ စီစဉ်ထားခြင်း မရှိဘူးလို့ ထုတ်ဖော် အသိပေးထားခဲ့ ပါတယ် ခင်ဗျာ . . . . .  ။

SPORTS MYANMAR