နံနက်ခင်း အားကစား သတင်းများ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲက စတင်ပြီး ပြိုင်ပွဲဝင် အသင်း တသင်းကို ကစားသမား ၂၆ ဦး အထိ စာရင်းသွင်းနိုင်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။ ယခင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေတုန်းက ၂၃ ဦး စီသာ ပါဝင် ကစားခဲ့ကြရတာပါ ။

ဒီကြေညာချက် ဟာ အင်အားကြီး အသင်းတွေ အတွက် ဝမ်းမြောက်စရာ သတင်း ဖြစ်စေခဲ့ ပါတယ် ။

ပေါလ်ပေါ့ဘာ ကတော့ ယူဗင်တပ် ကစားသမား ဖြစ်လာခဲ့ပါပြီ ။ လာမယ့် ၂ ပတ် အတွင်းမှာ အီတလီ ကို ရောက်လာမှာ ဖြစ်ပြီး စာချုပ်ချုပ်ဆို သွားမှာပါ ။

လက်ရှိ အချိန်မှာတော့ ပေါ့ဘာ ဟာ အမေရိက မှာ တချိန်တုန်းက ယူဗင်တပ် မှာ အတူ ကစားခဲ့တဲ့ အသင်းဖော်ဟောင်း ပေါ်လို ဒိုင်ဘားလား နဲ့ အတူ အနားယူ အပန်းဖြေနေပါတယ် ။

စိတ်မကောင်းစရာ ကတော့ ပေ့ါဘာ ပြန်လာချိန်မှာ ဒိုင်ဘားလား က ယူဗင်တပ်မှာ မရှိတော့တာပါပဲ ။

မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ မှတ်ချက် စကားတွေ ပါဝင်ခဲ့တဲ့ ပေါ့ဘာ ရဲ့ မှတ်တမ်း ဗီဒီယို ‘The Pogmentary’ ကတော့ ယူနိုက်တက် ပရိသတ်တွေရဲ့ ဝိုင်းဝန်း မေတ္တာပို့သမှုတွေကြောင့် အင်တာနက် ရုပ်ရှင် ဒေတာဘေ့စ် ( IMDB ) ဝက်ဘ်ဆိုက် မှာ Rating 1.1 သာ ရရှိ ခဲ့ပြီး အဆိုးရွားဆုံး ရုပ်သံ အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ ဒါရိုက်တာ ဖာဘီယို ပါရာတစ်ချီ ဟာ အီတလီ နိုင်ငံ မီလန်မြို့ ကို ရောက်ရှိ နေပြီး စပါး ကစားသမား ဘရိုင်ယန် ဂီလ် အတွက် ဆမ့်ဒိုးရီးယား အသင်းနဲ့ ဆွေးနွေး နေတယ်လို့ သိရ ပါတယ် ။

ဒါ့အပြင် ပါရာတစ်ချီ ဟာ ရိုးမား ဒါရိုက်တာ တီယာဂို ပင်တို နဲ့လည်း တွေ့ဆုံ ခဲ့ပြီး ဇာနီယိုလို အကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း သိရှိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် ဒါရိုက်တာ ဆာလီဟာမစ်ဇစ် ရဲ့ သားဖြစ်သူ နစ် ဆာလီဟာမစ်ဇစ် ဟာ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာပြီး မေဂျာလိဂ် ကလပ် ဗန်ကူးဗာ ဝှိုက်ကပ် ကို သွားရောက် ကစားမယ်လို့ သိရပါတယ် ။

ဗန်ကူးဗား ဆီ ၁၈ လ အငှားနဲ့ မထွက်ခွာမီမှာ ဆာလီဟာမစ်ဇစ် ဟာ ဘိုင်ယန် နဲ့ ၂၀၂၅ အထိ သက်တမ်း တိုးသွားခဲ့တယ်လို့လည်း သိရှိရ ပါတယ် ။

စပိန် လာလီဂါ ကတော့ လာမယ့် ၂၀၂၂-၂၃ ရာသီ အတွက် ပွဲစဉ်တွေကို ယမန်နေ့ က ထုတ်ပြန် သွားခဲ့ ပါတယ် ။

သြဂုတ် ၁၄ ရက်နေ့မှာ စတင်မယ့် ရာသီသစ်မှာ လက်ရှိချန်ပီယံ ရီးရဲ ဟာ အဖွင့် ပွဲစဉ်မှာ အယ်မာရီယာ အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ရင်ဆိုင် ရမှာ ဖြစ်ပြီး ဘာစီလိုနာ ကတော့ ဗယ်လက်ကာနို အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ် ။

သူတို့ ၂ သင်း ထိပ်တိုက်တွေ့ ကြမယ့် El Clasico ပွဲစဉ်တွေ ကတော့ အောက်တိုဘာ ၁၆ ရက်နေ့ ( ရီးရဲ – ဘာဆာ ) နဲ့ မတ်လ ၁၉ ရက်နေ့ ( ဘာဆာ – ရီးရဲ ) တို့ပဲ ဖြစ်ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ အိုင်ယက်စ် အသင်းတို့ အကြား တောင်ပံ ကစားသမား အန်တိုနီ အတွက် ညှိနှိုင်းမှုတွေဟာ အပေါင်း လက္ခဏာ ဆောင်နေပြီး နယ်သာလန် ကလပ် ဟာ ယူနိုက်တက် ဆီက ကမ်းလှမ်းချက်ကို စောင့်ဆိုင်း နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

နယူးကာဆယ် အသင်းကတော့ ဘန်လေ ဂိုးသမား နစ်ပုပ် ကို ပေါင် ၁၂ သန်း နဲ့ ခေါ်ယူပြီး ၄ နှစ် စာချုပ် ချုပ်ဆို ကာ နံပါတ် ၁ ဂျာစီကို ပေးအပ် လိုက်ပြီ ဖြစ်ပါတယ် ။

ယူဗင်တပ် အသင်းမှာ လာရောက် ကစားနေတဲ့ ပြင်သစ် ကွင်းလယ်လူ ရာဘီယော့ ဟာ အီတလီ မြေကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ် ကို လာရောက် ကစားဖို့ ဆန္ဒ ရှိနေသလို ယူဗင်တပ် ကလည်း ပေါင် ၁၃ သန်း ကနေ ၁၇ သန်း အတွင်း ရရှိပါက ရောင်းချ သွားဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

အသင်းလက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အန်ဒီ ကာရိုးလ် ဟာ ဘယ်လ်ဂျီယံ အခြေစိုက် ကလပ် ဘရုဂျက် ဆီ ကို သွားရောက် ကစားဖို့ ဆွေးနွေး ပြောဆို နေတယ်လို့ သိရပါတယ် ။

အကယ်၍ ဘရုဂျက် နဲ့သာ စာချုပ်ဖြစ်ခဲ့ပါက အန်ဒီ ကာရိုး ဟာ သူ့ရဲ့ အိပ်မက် ဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို အသက် ၃၃ နှစ် အရွယ်မှာ စတင် ထိတွေ့ခွင့် ရရှိနိုင်ဖွယ် ရှိနေပါတယ် ။

PSG ကနေ ထွက်လာတဲ့ အန်ဟဲ ဒီမာရီယာ ကတော့ ယူဗင်တပ် ကို ငြင်းပယ်ပြီး ဘာစီလိုနာ ကို သွားရောက် ကစားဖို့ စိတ်ကူး ရှိနေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ယူဗင်တပ် ဘက်ကလည်း ဒီမာရီယာ ရဲ့ အချိန်ဆွဲနေမှု ကို စိတ်မရှည် ဖြစ်နေတယ်လို့ သိရှိရ ပါတယ် ။

အဲဗာတန် အသင်း ခံစစ်မှူး မိုက်ကယ်ကိန်း ရဲ့ အကို ဖြစ်တဲ့ တွမ် ကိန်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အပြောင်းအရွှေ့ အကြီးအကဲ ဖြစ်လာတော့မယ်လို့လည်း ကြားသိရ ပါတယ် ။

ခံစစ်ကို အားဖြည့်ဖို့ လိုအပ်နေတဲ့ ချဲလ်ဆီး ဟာ ယူဗင်တပ် ရဲ့ နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဒီလစ် ကို ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့လည်း ကောလဟာလ ထွက်ပေါ် လာခဲ့ ပါတယ် ။

စီးရီးအေ ကို တန်းတက်လာတဲ့ မွန်ဇာ အသင်းဟာ အတ္တလန်တာ ကွင်းလယ်လူ မက်တီယို ပက်ဆီနာ ကို ခေါ်ယူဖို့ တိုရီနို အသင်းနဲ့ အပြိုင် ကမ်းလှမ်းမှု ပြုလုပ် ထားတယ်လို့ သိရပါတယ် ။

ရီနာတို ဆန်းချက် ကို PSG နဲ့ အပြိုင် ကမ်းလှမ်းဖို့ ခက်ခဲနေတဲ့ အေစီမီလန် ဟာ အက်စတွန် ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ် ကို ပြောင်းလဲ ပစ်မှတ် ထားသွားဖို့ စိတ်ကူးနေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

ဒါ့အပြင် အေစီမီလန် ဟာ ရာသီကြို ခြေစမ်းပွဲ အစီအစဉ်ထဲကို ပွဲစဉ် ၂ ပွဲ ထပ်မံ ထည့်သွင်းခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့မှာ ZTE FC ၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ မာဆေး အသင်းတို့နဲ့ ကစားသွားမယ်လို့ ထုတ်ပြန် သွားခဲ့ပါတယ် ။

ရီးရဲမက်ဒရစ် ဟာ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ နာမည်ကျော် ကားကုမ္ပဏီ အော်ဒီ ကနေ နောက်ထပ် နာမည်ကြီး ကားကုမ္ပဏီ ဖြစ်တဲ့ BMW နဲ့ ပြောင်းလဲ စပွန်ဆာ စာချုပ် ချုပ်ဆိုလိုက်တယ်လို့လည်း သိရပါတယ် ။

ဂျာမန် ဘောလုံး အဖွဲ့ချုပ်ဟာ လိင်ပြောင်းလဲ ထားတဲ့ ဘောလုံးသမားတွေကို အမျိုးသားလိဂ် နဲ့ အမျိုးသမီးလိဂ် နှစ်သက်ရာမှာ ပါဝင် ကစားဖို့ ရွေးချယ်ခွင့် ပြုတော့မယ်လို့လည်း ကြားသိရ ပါတယ် ။

နာမည်ကျော် အားကစား အမှတ်တံဆိပ် NIKE ဟာ ရုရှ နိုင်ငံ အတွင်းက ဝန်ဆောင်မှုတွေကို အလုံးစုံ ရုပ်သိမ်းတော့မယ်လို့ ကြေညာ သွားခဲ့ပါတယ် ။

ယမန်နေ့ က ဟန်ဂေရီ နိုင်ငံ ဘူဒါပတ်စ် မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ရေကူးချန်ပီယံရှစ် ( Artistic Swimming ) ပြိုင်ပွဲမှာ ရေနစ်သွားခဲ့တဲ့ အမေရိကန် ရေကူးမယ် အနီတာ အယ်လ်ဗာရက် ဟာ အခြေအနေ ပြန်လည် ကောင်းမွန် လာခဲ့ပြီလို့ သိရပါတယ် ။

အယ်လ်ဗာရက် ဟာ လွန်ခဲ့တဲ့ ၁ နှစ်တုန်းကလည်း အခုလိုမျိုး ပြိုင်ပွဲဝင်နေစဉ် ရေနစ် ခဲ့ဖူးပြီး အခု အဖြစ်အပျက် အပြီးမှာတော့ ( Artistic Swimming ) ပြိုင်ပွဲတွေ မှာ အသက်ကယ် အထောက်အပံ့တွေ ပိုမို ထားရှိဖို့ တောင်းဆိုမှုတွေ များပြား လာခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR