စောင့်ကြည့် ၊ ဆွေးနွေး ၊ ချဉ်းကပ် ၊ နီးစပ် တို့သာ ရှိသေးပြီး ထူးခြားမှု သိပ်မရှိသေးတဲ့ နေ့လည်ခင်း တဖြတ် အားကစား နဲ့ အပြောင်းအရွှေ့ သတင်းများ

 

 

ဒီကနေ့ မှာတော့ အပြီးသတ် ပြောင်းရွှေ့နိုင်မှုတွေ ၊ တရားဝင် ကြေညာမှုတွေ မရှိနေသေးပါဘူး ။

 

ကလပ် အချို့ ကတော့ တရားဝင် ခေါ်ယူမှုတွေ အတွက် ပြင်ဆင်နေကြပြီး မကြာခင်မှာ ကြေညာဖို့ လုပ်နေပါပြီ ။

 

အများစုကတော့ စောင့်ကြည့် ၊ ဆွေးနွေး ၊ ညှိနှိုင်း ၊ နီးစပ် အဆင့်တွေမှာသာ ရှိနေပါသေးတယ် ။

 

 

 

မန်ယူနိုက်တက် ဂိုးသမားလေး ဟန်ဒါဆင် ကတော့ နော်တင်ဟမ် ဖောရက်စ် ကို တရာသီ အငှားထွက်ကစားဖို့ သဘောတူလိုက်ပြီ ဖြစ်ကာ မကြာခင်မှာ ပြောင်းရွှေ့မှု အပြီးသတ်ဖို့ ရှိနေပါတယ် ။

 

 

ဖရန်ကီ ဒီယွန် ကို အရ ခေါ်ဖို့ ကြန့်ကြာနေတဲ့ ယူနိုက်တက် ဟာ ဒီယွန် ရဲ့ နယ်သာလန် အသင်းဖော် ဒီလစ် ကို ယူဗင်တပ် ကနေ ခေါ်ဖို့ စိတ်ကူး နေတယ်လို့လည်း ကောလဟာလ ထွက်ပေါ်လာခဲ့ ပါတယ် ။

 

 

ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟတ် ခေါ်ယူလိုခဲ့ပေမယ့် အိုင်ယက်စ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ နယ်သာလန် နောက်ခံလူ တင်းဘား ရဲ့ အေးဂျင့် ဟာ မနေ့က မန်ချက်စတာ ကို အလုပ်လုပ်ဖို့ ရောက်လာ ခဲ့တယ်လို့ ဆိုရှယ်မီဒီယာထက်မှာ ပိုစ့် တင်ခဲ့တာဟာ ယူနိုက်တက် ပရိသတ်တွေကို မေးခွန်းတွေ ဖြစ်သွား စေခဲ့ ပါတယ် ။

 

 

အဲဗာတန် က စပါး ကွင်းလယ်လူ ဟယ်ရီဝင့် ကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေး နေတာဟာလည်း ရှေ့ဆက် မတိုး သေးဘဲ ရပ်တန့် နေတယ်လို့ ကြားသိရ ပါတယ် ။

အဲဗာတန် ဟာ ရစ်ချလီဆင် သေချာပေါက် ထွက်ခွာမှာကို တွက်ဆ ထားပြီး ဘရာဇီးသားကို ရောင်းချပြီးမှသာ လူသစ်တွေ ခေါ်ယူရေး ကို အရှိန်မြှင့်သွားဖွယ် ရှိနေပါတယ် ။

 

 

နိုက်စ် အသင်းဟာ ချဲလ်ဆီး ကနေ အငှားနဲ့ ခေါ်ယူမယ့် ဂိုးသမား ကီပါ အရစ်ဇာဘလာဟာ ရဲ့ လုပ်ခ တပတ် ပေါင် ၁ သိန်းခွဲ ကို ပေးချေ နိုင်မှာ မဟုတ်တာကြောင့် လုပ်ခ လျော့ယူပေးဖို့ ( သို့ ) ချဲလ်ဆီး ဘက်က ကူညီ ပေးချေဖို့ ညှိနှိုင်း နေတယ်လို့ သိရပါတယ် ။

 

 

အိုင်ယက်စ် တိုက်စစ်မှူး ဆီဘတ်စတီယန် ဟေလာ ကတော့ ဂျာမနီ ကို ထွက်ခွာ လာပြီး ဒေါ့မွန် ကို ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှု ပြုလုပ် တော့မယ်လို့ သိရပါတယ် ။

 

 

ဒေါ့မွန် ကနေ အက်သလက်တီကို မက်ဒရစ် ကို ပြောင်းရွှေ့မယ့် ဘယ်လ်ဂျီယံ ကွင်းလယ်လူ အဲလစ် ဝှစ်ဆယ် ဟာလည်း စပိန် ကလပ် နဲ့ စာရွက် စာတမ်း ကိစ္စတွေ စတင် လုပ်ဆောင် နေကာ ၂၀၂၃ ခုနှစ် အထိ စာချုပ် ချုပ်ဆို သွားမယ်လို့ သိရှိရ ပါတယ် ။

 

 

ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက် အရ ဒီကနေ့ မှာ နစ်ပုပ် ရဲ့ နယူးကာဆယ် အသင်းဆီ ပြောင်းရွှေ့မှု နဲ့ ခရစ္စတယ် ပဲလေ့စ် က ဒါဘီ လူငယ် မယ်ကွန် အီဘိုင်ယိုဝီ ကို ခေါ်ယူ နိုင်မှုတွေ ကို တရားဝင် ကြေညာ သွားဖို့ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

 

 

 

စီးရီးအေ ကလပ် ဖီအိုရင်တီးနား ဟာ ရှက်တာဒိုးနက် မှာ ကစားနေတဲ့ ဘရာဇီး ညာနောက်ခံလူ ဒိုဒို ကို ခေါ်ယူဖို့ ဆွေးနွေး နေပြီး ယူရို ၄ သန်း ဝန်းကျင် ကုန်ကျ နိုင်တယ်လို့ သတင်း ရရှိပါတယ် ။

 

 

ဘင်ဖီကာ နဲ့ ရေးဗား ပလိတ် အသင်းတို့ကတော့ အာဂျင်တီးနား ကစားသမား အန်ဇို ဖာနန်ဒက်စ် အတွက် ယူရို ၁၈ သန်း ဝန်းကျင် နဲ့ အပြီးသတ် သဘောတူညီမှု ရရှိ ထားပြီး စာရွက် စာတမ်း ကိစ္စတွေ ပြုလုပ် နေကြပြီလို့ သိရပါတယ် ။

 

 

ပြင်သစ် ကလပ် မာဆေး အသင်းဟာ ရိုးမား မှာ ကစားနေတဲ့ နယ်သာလန် တောင်ပံ ကစားသမားလေး ဂျပ်စတင် ကလွိုက်ဗက် ကို ခေါ်ယူဖို့ ရိုးမား တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆွေးနွေး နေကြတယ်လို့ သိရှိရ ပါတယ် ။

 

 

ယူဗင်တပ် ဟာ PSG ကွင်းလယ်လူ လီယန်ဒရို ပါရီဒက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး အသင်းရဲ့ တိုက်စစ်မှူး မွိုက်စ်ကင်း ကို ထည့်သွင်း ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

 

အပြောင်းအရွှေ့ မဟုတ်တဲ့ သတင်းတွေ မှာတော့ နယူးကာဆယ် ပိုင်ရှင်ဟောင်း မိုက် အက်ရှ်လေ ဟာ ဒါဘီ ကောင်တီ ကို ဝယ်ယူဖို့ အတွက် စပေါ်ငွေ အဖြစ် ပေါင် သန်း ၅၀ နဲ့ စတင် လိုက်ပြီလို့ ကြားသိရ ပါတယ် ။

 

 

ချန်ပီယံရှစ် ရဲ့ လာမယ့် ရာသီသစ် အတွက် ပွဲစဉ်တွေ ကို ထုတ်ပြန် သွားခဲ့ရာမှာ နည်းပြသစ် ဗင်းဆင့် ကွန်ပနီ ရဲ့ ဘန်လေ အသင်းဟာ အဖွင့်ပွဲနေ့မှာ ဟတ်ဒါဖီးလ်တောင်း အသင်းနဲ့ ရင်ဆိုင် ကစားသွားရမယ်လို့ သိရှိရ ပါတယ် ။

 

 

ရီးရဲ ဝါရင့် နောက်ခံလူ ဒါနီ ကာဗာရယ် က အသင်းဖော် အီဒင် ဟာဇက် ဟာ လာမယ့် ရာသီမှာ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာနိုင်ပြီး အခုချိန်ထိ ရီးရဲ မှာ မပျော်မရွှင် ဖြစ်နေတာကို လုံး၀ မမြင်တွေ့ဖူး သေးဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

 

ဒီကနေ့မှာ အသက် ၅၀ ပြည့်မြောက် သွားခဲ့တဲ့ ပြင်သစ် နဲ့ ရီးရဲမက်ဒရစ် ဂန္ထဝင်ကြီး ဇီနဒင် ဇီဒန်း ကတော့ ကာရင် ဘန်ဇီးမား ဟာ ဒီနှစ် ရွှေဘောလုံးဆု အတွက် ထိုက်တန်တာ ထက်ကို ပိုနေပြီး တကမ္ဘာလုံးက သူ့ကို ရွှေဘောလုံး ဆုရှင် အဖြစ် သတ်မှတ် ထားပြီးပြီလို့ ယုံကြည်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

 

SPORTS MYANMAR