ကွင်းလယ်လူကောင်းတယောက်လောက် လီဗာပူး မလိုအပ်ဘူးလား ?

 

လီဗာပူးမှာ ဂျာဂင် ကလော့ ထိလိုက်တဲ့ အရာတိုင်းနီးပါး ရွှေဖြစ်ခဲ့ ပါတယ် ။ သူတို့ အတွက် အမှတ်ပေး ဖလား ယူပေးတယ် ၊ ဥရောပ ချန်ပီယံ သရဖူ ဆောင်းစေခဲ့တယ် ။ ပြည်တွင်းမှာ ပြိုင်ဘက်တွေထက် အင်အား သာလွန်ပြီး ရလဒ်တွေ အရမ်းတည်ငြိမ်ကောင်းမွန်တဲ့ ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး ကို တရာသီပြီး တရာသီ ဖိအားပေး နိုင်ခဲ့တယ် ၊ မနှစ်က ဆိုရင်လည်း ဖလား ၄ လုံး အိပ်မက်ကို နောက်ဆုံး အချိန် ၊ နောက်ဆုံး ပွဲစဉ် အထိ မျှော်လင့်နိုင်အောင် စွမ်းဆောင်ပေး ခဲ့ပါတယ် ။

 

 

အခု နွေရာသီမှာလည်း ကလော့ ရဲ့ လီဗာပူး က ဈေးကွက်ထဲမှာ သွက်သွက် လှုပ်ရှား နေပါတယ် ။ ကြိုတင် သဘောတူညီမှု ရထားတဲ့ ဖာဘီယို ကာဗယ်ဟို ကို ဖူလ်ဟမ် ကနေ ခေါ်တယ် ၊ ဘင်ဖီကာ က ဒါဝင် နူညက်ဇ် ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း နဲ့ ခေါ်တယ် ၊ အခု နောက်ဆုံး နောက်ခံလူ ကယ်လ်ဗင် ရမ်ဆေး ကို အဘာဒင်း ကနေ ခေါ်ယူခဲ့ ပါတယ် ။

 

 

အလားအလာ ရှိတဲ့ လူငယ် ၂ ယောက်နဲ့ ဥရောပ ရဲ့ အလိုအရှိဆုံး တိုက်စစ်မှူး စာရင်းဝင် ဂိုးသွင်းစက် တခုကို အပြောင်းအရွှေ့ စတင်ပြီး မကြာခင်မှာ ခေါ်ယူ ထားနိုင်ခဲ့တာဟာ ပရိသတ်တွေ အတွက် တကယ့်ကို ကျေနပ်စရာ ပါပဲ ။

 

နူနက်ဇ် ကို ခေါ်ယူ နိုင်ခဲ့တာဟာ ဆာဒီယို မာနေး အသင်းက ထွက်ခွာသွားမှု ကို ပြန်လည် ဖာထေးနိုင်ခဲ့တယ် လို့ပဲ ဆိုရမှာပါ ။

 

 

လတ်တလော မှာတော့ လီဗာပူး ရဲ့ အပြောင်းအရွှေ့ သတင်းတွေက ငြိမ်သက် သွားပါပြီ ။ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ထက် အသင်းက လူတွေကို ဆက်ထိန်းထားဖို့ကို ပြန်ဦးစားပေး လိုက်သလိုပါပဲ ။

 

ကလော့ အတွက်တော့ ၂၀၂၂-၂၀၂၃ ရာသီ အတွက် လူစာရင်း ရသွားခဲ့ပြီလို့ ဆိုရမှာပါ ။

 

ဒါပေမယ့် ပရိသတ်တွေ စိတ်ထဲမှာ မေးခွန်းထုတ်ချင်နေတဲ့ အရာတခု ရှိနေပါတယ် ။

 

ကွင်းလယ်လူကောင်း တယောက်လောက် မခေါ်တော့ဘူးလား ဆိုပြီးတော့ပေါ့ ။

 

 

 

အရေအတွက် အားဖြင့်တော့ လီဗာပူးရဲ့ ကွင်းလယ်ဟာ အသင်း ၂ သင်းစာ ရှိနေပါတယ် ။

 

သီယာဂို အယ်ကန်ထရာ ၊ ဂျိမ်းစ် မေနာ ၊ ဟန်ဒါဆင် ၊ ဖာဘင်ဟို ၊ ဟာဗေး အီးလီးယော့ ၊ နာဘီ ကီတာ ၊ ကာတစ်ဂျုးစ် တို့ဟာ မနှစ်က အသင်းရဲ့ ကွင်းလယ်လူတွေ အဖြစ် ကစားခဲ့ကြတာပါ ။

အသက်အပိုင်းအခြား အရဆိုရင်တော့ ၃၀ ကျော် ၂ ယောက် ၊ ၃၅ နှစ်ကျော် တယောက် ၊ ၂၁ အောက် ၂ ယောက် နဲ့ အရွယ်ကောင်း ( ၂၅ မှ ၃၀ ကြား ) ကစားသမား ၂ ယောက် ပါဝင်ပါတယ် ။

 

တက်ကြွတဲ့ လူငယ်တွေ နဲ့ အတွေ့အကြုံရင့်တဲ့ သူတွေကို ပေါင်းစပ်ထားတဲ့ ကွင်းလယ်ပါပဲ ။

 

 

 

ဒါပေမယ့် အရည်အသွေးပိုင်းမှာတော့ ပြောစရာ ရှိနေပါတယ် ။ သီယာဂို အယ်ကန်ထရာ နဲ့ ဖာဘင်ဟို တို့ ၂ ယောက်သာ ထိပ်တန်း အဆင့်မှာ ရှိနေပြီး ဟန်ဒါဆင် နဲ့ ကီတာ က အလယ်အလတ် နဲ့ ခြေစွမ်းကောင်းတယ် ဆိုတဲ့ နေရာ ၂ ခုမှာ တက်လိုက်ကျလိုက် ဖြစ်နေတတ်ပါတယ် ။

ဂျိမ်းစ် မေလ်နာ က အသက်အရမ်းကြီးနေပါပြီ ။ လီဗာပူး က သူ့ကို သက်တမ်းတိုးခဲ့တာဟာ ကွင်းထဲမှာ ထည့်ကစားဖို့ ဆိုတာထက် လူငယ်တွေ ကို ထိန်းကျောင်း တည့်မတ်ပေးဖို့ က ပိုပြီး ဖြစ်နိုင်မှာပါ ။

 

 

လူငယ်တွေထဲမှာ ဟာဗေး အီးလီးယော့ က တော့ တက်လမ်းတွေ ရှိပါတယ် ။ ဒါပေမယ့် မနှစ်တုန်းက ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရပြီး အကြာကြီး နားလိုက်ရတဲ့ နောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်လာဦးမလဲ ဆိုတာ စောင့်ကြည့် ရဦးမှာပါ ။

ကာတစ် ဂျုံးစ် က အတွေ့အကြုံယူဖို့ လိုပါသေးတယ် ။

အသစ်ရောက်လာတဲ့ ဖာဘီယို ကာဗယ်လ်ဟို က ကွင်းလယ်မှာ ကစားဖူးတယ် ဆိုပေမယ့် တောင်ပံ ကို ပိုအားပြုမယ့် ကလော့ ရဲ့ ကစားကွက်မှာ ကွင်းလယ်ဗဟိုလူ အဖြစ် ကစားရဖို့ အလားအလာ နည်းပါးနေပါတယ် ။

 

 

မနှစ်တုန်းက မိုဟာမက် ဆာလာ ဟာ ပရီးမီးယားလိဂ် ရဲ့ ဖန်တီးမှု အများဆုံး ကစားသမားပါ ။ ရွှေဖိနပ်ဆု ကိုပါ ရခဲ့တဲ့ အီဂျစ်သားဟာ ၁၃ ဂိုး ဖန်တီးပေးခဲ့ပါတယ် ။ သူ့ရဲ့ နောက်မှာတော့ အလက်ဇန်းဒါး အာနိုးလ် က ၁၂ ကြိမ် ၊ အန်ဒီရောဘတ်ဆန် က ၁၀ ကြိမ် နဲ့ ရှိနေကြပါတယ် ။

 

လီဗာပူး ကွင်းလယ် ကတော့ ( ရှိသမျှ ကွင်းလယ်လူ အားလုံးပေါင်း ) တရာသီလုံးကိုမှ ၁၃ ကြိမ်သာ ဖန်တီးမှု ပြုလုပ် နိုင်ခဲ့တာပါ ။

 

 

 

သွင်းဂိုးအပိုင်းမှာလည်း အားနည်းပါတယ် ။ ဟန်ဒါဆင် က လီဗာပူး ကွင်းလယ်လူတွေ ထဲမှာ သွင်းဂိုး အများဆုံး ရခဲ့သူပါ ၊ ဒါပေမယ့် သူတောင် ၅ ဂိုးတည်းရယ်ပါ ။ ကျန်တဲ့ သူ အတော်များများက ၁ ဂိုးစီသာ ရခဲ့ပြီး အယ်ကန်ထရာ က ၄ ဂိုးသွင်းခဲ့ပါတယ် ။

 

ချန်ပီယံ အသင်းတသင်းရဲ့ ကွင်းလယ် စွမ်းဆောင်ရည်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် တကယ်ကို နည်းတဲ့ အရေအတွက်လို့ ဆိုရမှာပါပဲ ။

 

 

 

လီဗာပူး တို့ အခုလောက်ထိ ဂိုးတွေသွင်းနိုင် ၊ ဂိုးတွေ ဖန်တီး နေနိုင်တာဟာ ကမ္ဘာ့ အဆင့် နောက်ခံ အစွန်လူတွေ ၊ မိုဆာလာ နဲ့ မာနေး တို့လို အကောင်းဆုံး တိုက်စစ်သမားတွေ ရှိနေလို့ပါ ။

 

လီဗာပူး တိုက်စစ်ရဲ့ လားရာဟာ တောင်ပံတွေကို အဓိက ထားပြီး ကစားတာဆိုပေမယ့်လည်း ကွင်းလယ်ရဲ့ ပံ့ပိုးကူညီမှု ကိုတော့ လိုအပ်တာ အမှန်ပါပဲ ။

 

အထူးသဖြင့် ထိပ်တန်း အသင်းကြီးချင်း ရင်ဆိုင် ကစားရပြီဆိုရင် နေရာတိုင်း ၊ ကဏ္ဍ တိုင်းမှာ အကောင်းဆုံး ဖြစ်နေဖို့ ၊ အကောင်းဆုံးတွေ ရှိနေဖို့က တကယ်ကို အရေးပါလာမှာပါ ။

 

 

 

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူး တို့ ကွင်းလယ် အားနည်းမှုရဲ့ အကျိုးကို ကောင်းကောင်း ခံစားခဲ့ရ ပါတယ် ။

 

ဒဏ်ရာကနေ နလန်ထစ အယ်ကန်ထရာ ၊ ကမ္ဘာ့အဆင့် မဟုတ်တဲ့ ဟန်ဒါဆင် တို့ဟာ လူကာမိုဒရစ် ၊ တိုနီကရူးစ် နဲ့ ကက်စမဲရိုး တို့ရဲ့ ကွင်းလယ်ကို မယှဉ်နိုင်ခဲ့ပါဘူး ။ ဖာဘင်ဟို ကလည်း ၃ ယောက် ၁ ယောက် ယှဉ်ကစားလို့ ရလောက်တဲ့ အထိ မစွမ်းပါဘူး ။

 

ဒါဟာ တကယ့်ကို နောင်တရစရာ သင်ခန်းစာတခုပါပဲ ။

 

 

 

ဂျိမ်းစ် မေလ်နာ က သိပ်မကစားတော့ဘူး ၊ နာဘီကီတာ က လာမယ့် ရာသီကုန်ရင် စာချုပ်ပြည့်ပါပြီ ။ ဟန်ဒါဆင် – အယ်ကန်ထရာ – ဖာဘင်ဟို ကွင်းလယ်က ပွဲတိုင်း ကစားနိုင်ပါ့မလား ။

လူငယ်လေးတွေ ကရော စီနီယာကြီးတွေရဲ့ ခြေရာကို လိုက်နင်းနိုင်တဲ့အထိ တိုးတက်လာနိုင်မှာလား . . .

 

အထူးသဖြင့် အရေးပါတဲ့ ပွဲမတိုင်ခင် စီနီယာကြီးတွေ ဒဏ်ရာ ရခဲ့ရင် ၊ မနှစ်ကလို ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ အမှားမခံတဲ့ ပွဲတွေကို အပတ်တိုင်း ကစားလာခဲ့ရမယ်ဆိုရင် . . . . .

 

 

 

လီဗာပူးတို့ ကွင်းလယ်လူကောင်း တယောက်လောက် ဖြည့်လိုက်ရင်တော့ ပိုကောင်းသွားမှာ အမှန်ပါပဲ . . . . . ။

 

 

 

SPORTS MYANMAR