‘ ကျွန်တော်သာဆို လူကာကူကို ပြန်မခေါ်ပါဘူး ‘ – ကာဆာနို

ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ချဲလ်ဆီး အသင်းသို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာတာ တနှစ်ပင် မပြည့်သေးပေမယ့် ၊ ကိုယ်တိုင် စခဲ့တဲ့ ပြဿနာတွေကြောင့် ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ တဝက်လုံး အဆင်မပြေ ဖြစ်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အလယ်လောက်မှာ ထွက်ခဲ့တဲ့ Sky Italia သတင်းဌာနနဲ့ စိတ်ပျက်ဖွယ် အင်တာဗျူး အပြီးမှာ လူကာကူနဲ့ ချဲလ်ဆီး အသင်း ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်နဲ့ ကစားသမား အချို့ ၊ ပရိသတ်တွေ အကြား ဆက်ဆံရေး ဟာ ရာသီကုန်တဲ့အထိ လုံးဝနီးပါး အစပ်မတည့်တော့တာကို မြင်တွေ့ခဲ့ရပါတယ် ။

ဒါ့အပြင် လူကာကူ ဟာ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ နည်းစနစ်မှာ ဘယ်လိုမှ အံမဝင်တော့ပုံ ပေါ်နေပြီး ၊ တူချယ်ကိုယ်တိုင်ကလည်း ၄င်းကို ပြီးခဲ့တဲ့ ရာသီဝက် တလျှောက် ရံဖန်ရံခါသာ အသုံးပြုခဲ့တာ တွေ့ရပါတယ် ။ ကစားခွင့် ရခဲ့တဲ့ ပွဲတွေမှာလည်း လူကာကူရဲ့ ခြေစွမ်းဟာ များသောအားဖြင့် နုံချာခဲ့ပါတယ် ။

အထူးသဖြင့် တူချယ် ဟာ teamwork ကို ဦးစားပေးတဲ့ နည်းပြ ဖြစ်တာကြောင့် ၊ တိုက်စစ်မှူးကို တည်ကစားဖို့ထက် ၊ တိုက်စစ်မှူးကိုပါ ကစားကွက်ထဲမှာ လိုက်ပါ စီးမျောစေတဲ့ နည်းစနစ်မျိုးကို အားသန်တာကြောင့် ၊ လူကာကူလို target man တိုက်စစ်မှူး အဖို့ ကြာလေ အံမဝင်လေ ဖြစ်လာခဲ့ပါတယ် ။

အခုအခါမှာ အသင်းဟောင်း အင်တာမီလန် က လူကာကူကို အငှား ပြန်ခေါ်ဖို့ အလိုရှိသလို ၊ လူကာကူ ကိုယ်တိုင်ကလည်း အီတလီသို့ ပြန်ချင်နေပေမယ့် ၊ တကယ်တမ်း အပြောင်းအရွှေ့ ဖြစ်လာဖို့ ဆိုတာ ထင်ထားတာထက် အများကြီး ပိုမို ရှုပ်ထွေးဖို့ပဲ ရှိပါတယ် ။

နောက်ဆုံး ထွက်ပေါ်လာတဲ့ အီတလီက သတင်းအချို့ အရ အင်တာ ဟာ ပေါ်လို ဒီဘားလားကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ရင် ၊ လူကာကူကို လက်လျှော့သွားနိုင်ကြောင်း သိရပါတယ် ။ အင်တာ တိုက်စစ်မှူးဟောင်း တဦး ဖြစ်တဲ့ ကာဆာနိုကတော့ အသင်းကို သစ္စာဖောက်သွားခဲ့တဲ့ လူကာကူကို သူသာဆို ပြန်ခေါ်မှာ မဟုတ်ဘူးလို့ ခပ်ပြတ်ပြတ်ပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

Bobo TV Stream နဲ့ တွေ့ဆုံခဲ့ရာမှာ ကာဆာနို က ” ကျွန်တော်ကတော့ သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး ။ သူဟာ အိပ်မက် အသင်းကို သွားတော့မယ်လို့ ပြောခဲ့တာပါ ။ အခုဆို သူဟာ တနှစ်ကို ယူရို ၁၅သန်း ဝင်ငွေ ရှိနေပါပြီ ။ ဒါပေမယ့် သူဟာ လန်ဒန်မှာ ဘောလုံးတောင် ကောင်းကောင်း မကစားရပဲနဲ့ အီတလီကို ပြန်လာချင်နေပါတယ် ။ ”

” အင်တာက ပြဿနာ ဖြစ်နေပါတယ် ။ ဒီဘာလားသာ အင်တာကို ရောက်လာပြီ ဆိုပါစို့ ။ အကယ်၍ သူတို့ဟာ လူကာကူကို ပြန်ခေါ်နိုင်ခဲ့ရင် ၊ လော်တရိုကို ရောင်းချရမှာပါ ။ ထပ်ပြောရရင် ကျွန်တော်သာဆို လူကာကို လုံးဝ ပြန်မခေါ်ပါဘူး ။ ”

” ပထမဆုံး အနေနဲ့ ခင်ဗျားဟာ သူ့အတွက် ကြီးမားတဲ့ လစာ ပေးရမှာပါ ။ အဲဒီနောက် ပရိသတ်တွေဆီက တုန့်ပြန်မှုကိုလည်း ခင်ဗျား အနေနဲ့ ထပ်ပြီး စောင့်ကြည့်ရပါမယ် ။ အကယ်၍ သူက တပွဲ ၂ဂိုးနှုန်း သွင်းပေးနေရင်တော့ အဆင်ပြန်ပြေကောင်း ပြေပါလိမ့်မယ် ။ ”

” ဒီလိုမှ မဟုတ်ရင်တော့ အခြေအနေက ပိုပြီး ခက်ခဲလာနိုင်ပါတယ် ။ လူကာကူဖက်ကလည်း ဒါကို ပြန်စဉ်းစားရပါမယ် ။ အခုအခြေအနေ အရတော့ သူ့အနေနဲ့ ချဲလ်ဆီးမှာပဲ ဆက်နေသင့်တယ်လို့ ကျွန်တော် ပြောချင်ပါတယ် ။ ” လို့ ဖွင့်ဟခဲ့ပါတယ် ။

SPORTS MYANMAR