Aurelien Tchouameni ကို ခေါ်ယူဖို့ တရားဝင် ဆက်သွယ်မှုတွေ ပြုလုပ်နေပြီ ဖြစ်တဲ့ ရီးရဲ မက်ဒရစ်

  1. ရီးရဲ မက်ဒရစ် ဟာ အမ်ဘာပေ ကို ခေါ်ယူမယ့် အိပ်မက်တွေ ပျက်ပြယ်သွားပြီး နောက်ပိုင်း ၊ သူ့ရဲ့ ကွင်းလယ် ကို အားဖြည့်ဖို့ ပြင်ဆင်ဖို့ အားထုတ်လာနေပါတယ်။

အစောပိုင်းတုန်းက ဘာနေဗျူး တာဝန်ရှိသူတွေ အကြားမှာ အမ်ဘာပေ ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်တွေ မြင့်မားခဲ့တာကြောင့် ၊ သူတို့ ရဲ့ ဒုတိယ ဦးစားပေး ပစ်မှတ် ဟာလန်း ကို ဖိဖိစီးစီး နဲ့ ခေါ်ယူဖို့ ကြိုးစားခြင်း မရှိပဲ မန်စီးတီးထံ လက်လွှတ် ဆုံးရှုံးခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း အထိ မက်ဒရစ် အခြေစိုက် သတင်းစာတွေ အားလုံးက အမ်ဘာပေ ဟာ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့လာတော့မှာ ဖြစ်ကြောင်း ၊ ကြားထဲမှာတောင် ဘာနေဗျူးကို တိတ်တဆိတ် လည်ပတ်သွားတဲ့ အကြောင်း အခိုင်အမာ ရေးသားခဲ့ကြပါတယ်။

သို့သော် နောက်ဆုံးမှာတော့ ပီအက်စ်ဂျီ အသင်းရဲ့ ဆွဲဆောင်မှု ကို လွန်ဆန်ခြင်း မရှိပဲ 2025 ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆိုသွားခဲ့ ပါတယ်။ ဒါကြောင့် ရီးရဲ မက်ဒရစ် ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေဟာ အလှည့်အပြောင်းတွေ ဖြစ်သွားခဲ့ပြီး ၊ လက်ရှိမှာ အသက်အရွယ် ရလာတဲ့ ကွင်းလယ်က သက်ကြီး ကစားသမားတွေ ရဲ့ နေရာကို အစားထိုးဖို့ အတွက် မိုနာကို က ချာတိတ် Aurelien Tchouameni ကို ပစ်မှတ်ထားလာခဲ့တာပါ။

အသက် 22 နှစ် အရွယ် ကွင်းလယ် ကစားသမားလေး ကို ပရီးမီးယားလိဂ် ကလပ် လီဗာပူး ကလဲ ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ အန်ဖီးလ် တာဝန်ရှိသူတွေ နဲ့ ကစားသမား ရဲ့ ကိုယ်စားလှယ်တွေ အကြား တိုက်ရိုတ်ဆက်သွယ်မှုတွေ ရှိနေတယ်လို့ နားလည်ရပြီး ၊ ရီးရဲ မက်ဒရစ် ကတော့ အမ်ဘာပေ ကို ခေါ်ယူနိုင်ခြင်း မရှိလို့ Aurelien Tchouameni ကို အရ ခေါ်ယူမယ်လို့ ပြင်ဆင်ထားပုံ ရပါတယ်။

ဒီညနေပိုင်းမှာပဲ တရားဝင် ဆက်သွယ်မှုတွေ စတင်လိုက်သလို ၊ အပြောင်းအရွှေ့ ဆိုင်ရာ အချက်လက်တွေကို နားထောင် သုံးသပ်နေတယ်လို့ နားလည်ရပါတယ်။

ချာတိတ်လေး ရဲ့ လက်ရှိ စာချုပ်ဟာ 2025 ခုနှစ် ရောက်မှ ကုန်ဆုံးမှာပါ။ မိုနာကို ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း 70 လောက် အထိ လိုချင်နေပုံ ရပါတယ်။

ချဲဆီး နဲ့ အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ဆက် ဖာဘရီဂတ် ကတော့ သူ့ရဲ့ ကစားဖော်လေး ကို လီဗာပူး မှာ ကစားတာ မြင်ချင်တဲ့ အကြောင်း မကြာခင်က ထုတ်ဖော် ပြောဆိုထားပါတယ်။

Aurelien Tchouameni ဟာ ပြင်သစ် လီဂူး ရဲ့ အထွန်းတောက်ဆုံး ချာတိတ်တွေ ထဲက တစ်ယောက် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ၊ ကွင်းလယ်ကို တာဝန်ယူ ကစားတဲ့ နေရာမှာလဲ အရွယ်နဲ့ မလိုက်အောင် တိုးတက် ကောင်းမွန်သူ အဖြစ် ရှုမြင်ခံထားရပါတယ်။

လီဗာပူး ကတော့ ဒီရာသီ အကုန်မှာ မေလ်နာ နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်သလို ၊ ဝိုင်နယ်ဒမ် ထွက်ခွာသွားချိန် ကတည်းက ကွင်းလယ် အဖျက်နေရာကို အစားထိုးခြင်း မရှိတာကြောင့် ၊ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အဖျက်အားသန်တဲ့ ကစားသမား တစ်ယောက်လောက် ဦးစားပေး ရှာဖွေမယ့်ပုံ ရှိနေပါတယ်။

သို့သော် မိုနာကို ဘက်က လိုချင်တဲ့ ဈေးမျိုးအထိတော့ ပေးချင်တဲ့ ဆန္ဒမျိုး မတွေ့ရပါဘူး။ ရီးရဲ မက်ဒရစ် ကတော့ ဘဏ္ဍာရေးပိုင်း အရ တောင့်တင်းတဲ့ အသင်းမျိုး ဖြစ်သလို ၊ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ကတည်းက အမ်ဘာပေ ကို ခေါ်ယူနိုင်မယ် အထင်နဲ့ ပြောင်းရွှေ့ကြေးတွေ ဆက်တိုက် ခြွေတာခဲ့တာကြောင့် Aurelien Tchouameni ကသာ ပြောင်းရွှေ့ ကစားဖို့ မီးစိမ်းပြခဲ့ရင် ၊ အမိအရ ခေါ်ယူသွားဖွယ် ရှိတယ်လို့ မျှော်လင့်ရပါတယ်။

SM