၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ၂၀ ယောက်

၂၀၂၁-၂၂ ဘောလုံး ရာသီ ကတော့ ပြီးဆုံးလို့ သွားခဲ့ ပါပြီ ။ ဇူလိုင်လမှာ ပြန်လည် စတင်မယ့် ရာသီကြို ပြင်ဆင်မှု မတိုင်ခင်မှာတော့ ကလပ် အသင်းတွေဟာ သူတို့ရဲ့ ကစားသမားတွေကို နားရက်တွေ ပေးထား လိုက်ကြပါပြီ ။ နေးရှင်းလိဂ် ကစားရဦးမယ့် လက်ရွေးစင် တွေကတော့ နောက်ထပ် ၁၀ ရက်ကျော်လောက် ကစား ကြရဦးမှာပါ ။

ကလပ် အသင်းက အမှုဆောင်တွေ ၊ ဒါရိုက်တာတွေ နဲ့ ဘောလုံး လေးဂျင့်တွေ ကတော့ ဒီကာလဟာ အလုပ် အများဆုံး အချိန် ဖြစ်နေမှာပါ ။

မန်စီးတီး ၊ ရီးရဲမက်ဒရစ် ၊ ဘိုင်ယန်မြုးနစ် ၊ PSG ၊ အေစီမီလန် တို့ဟာ သက်ဆိုင်ရာ ပြည်တွင်းလိဂ်တွေ ရဲ့ အမှတ်ပေး ချန်ပီယံတွေ ဖြစ်ခဲ့ကြပါတယ် ။ ရီးရဲမက်ဒရစ် ကတော့ ချန်ပီယံလိဂ် မှာပါ ဗိုလ်စွဲ ခဲ့ပြီး ဂျာမန် ကလပ် ဖရန့်ဖွတ် က ယူရိုပါလိဂ် ၊ အီတလီ ကလပ် ရိုးမား က ယူရိုပါ ကွန်းဖရန့် လိဂ်တွေမှာ ချန်ပီယံ ဖြစ်ခဲ့ ပါတယ် ။

ဥရောပဘောလုံး လောက ရဲ့ ရွှေဖိနပ်ဆု ကိုတော့ ဂျာမန် ဘွန်ဒစ်လီဂါ မှာ ၃၅ ဂိုးအထိ သွင်းယူခဲ့တဲ့ ဘိုင်ယန် တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး က ဆွတ်ခူး သွားခဲ့ ပါတယ် ။

ဘောလုံးရာသီ တခုပြီးတိုင်း သက်ဆိုင်ရာလိဂ် အလိုက် ၊ ပြိုင်ပွဲ အလိုက် အကောင်းဆုံး ကစားသမားဆုတွေကို အမြဲတမ်း ထုတ်ပြန်ကြေညာ ချီးမြှင့်နေကြပါတယ် ။

ချန်ပီယံလိဂ် ဆိုရင်လည်း အကောင်းဆုံး အသင်းစာရင်း နဲ့ အကောင်းဆုံး ကစားသမား ( စီနီယာ နဲ့ လူငယ်ဆု ) ဆုတွေကို ထုတ်ပြန်ပြီးသွားခဲ့ပါပြီ ။ ဥရောပ ရဲ့ အကောင်းဆုံး ဆုတွေကိုတော့ ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးရဲ မက်ဒရစ် ကပဲ အများဆုံး သိမ်းပိုက် လွှမ်းမိုး နိုင်ခဲ့ ပါတယ် ။

လက်ရှိမှာတော့ ဘောလုံး ပရိသတ်တွေရဲ့ အာရုံဟာ လာမယ့် အောက်တိုဘာ လထဲမှာ ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံး ( Ballon D’or ) ဆုဆီကို ရောက်ရှိ နေကြပါပြီ ။

ယခင်က ဒီဇင်ဘာ လမှသာ ပေးအပ်ချီးမြှင့်တဲ့ ရွှေဘောလုံးဆုဟာ ဒီနှစ်က စပြီး ၂ လ ရှေ့တိုး လိုက်သလို ဆုအတွက် မဲပေးဖို့ စဉ်းစားထည့်သွင်း ရမယ့် အချက်တွေကိုပါ ပြောင်းလဲ ပြင်ဆင် ထားခဲ့ ပါတယ် ။

ရွှေဘောလုံးဆုကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပေးအပ်မှာ ဖြစ်ပြီး မဲပေးမယ့် ကစားသမား တယောက်ရဲ့ စွမ်းဆောင်ရည် ကို အကဲဖြတ်ရာမှာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီ တခုတည်းက စွမ်းဆောင်ရည် ( ၂၀၂၁ ဇွန်လ မှ ၂၀၂၂ မေလ အတွင်း ) ကိုသာ ထည့်သွင်း စဉ်းစားဖို့ ဆုချီးမြှင့်မယ့် L’Equipe က ထုတ်ပြန် အသိပေး ထားပြီး ဖြစ်ပါတယ် ။

ဒီနှစ်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နိုဝင်ဘာ – ဒီဇင်ဘာ အတွင်း ကျင်းပမှာ ဖြစ်တာကြောင့် ဒီပြိုင်ပွဲ ဟာ လာမယ့် ၂၀၂၃ ရွှေဘောလုံး အတွက်သာ သက်ရောက်မှု ရှိတော့မှာ ဖြစ်ပြီး အောက်တိုဘာ မှာ ပေးအပ်မယ့် ရွှေဘောလုံး ကတော့ ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်ရည် သီးသန့် အတွက်သာ ဖြစ်လာတော့မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီကို ပြန်ကြည့်မယ် ဆိုရင်တော့ ရီးရဲမက်ဒရစ် တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ဟာ တဦးချင်း စွမ်းဆောင်မှု အပိုင်းမှာရော အသင်းနဲ့ အောင်မြင်မှု အပိုင်းတွေမှာပါ ဒီဆုနဲ့ အထိုက်တန်ဆုံးသူ ဖြစ်နေခဲ့ ပါတယ် ။

တိုက်စစ်မှူးကြီး ဟာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ဥရောပ နေးရှင်းလိဂ် ကို ရယူနိုင်ခဲ့သလို ကလပ် အသင်း ရီးရဲ မက်ဒရစ် နဲ့လည်း လာလီဂါ ၊ ချန်ပီယံလိဂ် တို့ကို ရခဲ့ ပါတယ် ။ လာလီဂါ မှာ ဂိုးသွင်း ဘုရင် ဖြစ်ခဲ့သလို ချန်ပီယံလိဂ် မှာလည်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါတယ် ။

ဘောလုံး ရာသီလည်း ပြီးသွားခဲ့ပြီမို့ ဘန်ဇီးမား ရဲ့ စွမ်းဆောင်မှု နဲ့ ရယူထားမှုတွေကို အသာရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ။

ဘန်ဇီးမား က ရွှေဘောလုံးဆု မှာ ထိပ်ဆုံးက ပြေးနေသလို သူ့ရဲ့ နောက်မှာ တန်းစီလိုက်နေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ် ။ သူတို့ဟာ ဘန်ဇီးမား လောက် စွမ်းဆောင်မှု + အောင်မြင်မှု မရှိခဲ့ကြ ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီမှာ တကယ်ပြောင်မြောက်တဲ့ အရည်အသွေး နဲ့ စွမ်းဆောင်မှုတွေကို ပြသ နိုင်ခဲ့ကြသူတွေပါ ။

တနည်း ပြောရရင်တော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ရဲ့ အကောင်းဆုံး ကစားသမားတွေပါပဲ ။

သူတို့တွေက ဘယ်သူတွေလဲဆိုတာ ကြည့်ုလိုက်ကြရအောင်ဗျာ . . .

၂၀ ။ ရာဖေး လီယို ( အေစီမီလန် )

အေစီမီလန် ကို အမှတ်ပေး ချန်ပီယံ ဖြစ်အောင် အဓိက ကူညီခဲ့သူ ၊ ၁၄ ဂိုး သွင်း ၁၄ ဂိုး ဖန်တီးပြီး စီးရီးအေ တနှစ်တာ အကောင်းဆုံးဆု ကိုလည်း ရခဲ့သူ ။

၁၉ ။ မာရက်ဇ် ( မန်စီးတီး )

တရာသီလုံး ၂၄ ဂိုး သွင်းပြီး မန်စီးတီး ရဲ့ အမှတ်ပေး ဖလား အောင်ပွဲမှာ အထောက်အကူ ဖြစ်စေခဲ့သူ ။

၁၈ ။ ရိုဒရီ ( မန်စီးတီး )

မန်စီးတီး ရဲ့ ကွင်းလယ် ခံစစ်မှာ မရှိမဖြစ် အရေးပါခဲ့သူ ။

၁၇ ။ ဆွန်ဟောင်မင် ( တော့တင်ဟမ် ဟော့စပါး )

သွင်းဂိုး ၂၄ ဂိုး နဲ့ အာရှသားတွေ အနက်က ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို ပထမဆုံး ရယူ နိုင်ခဲ့သူ ( မိုဆာလာ နှင့် ပူးတွဲ )

၁၆ ။ ဗာဂျယ် ဗန်ဒိုက် ( လီဗာပူး )

၂၀၂၀-၂၁ ရာသီ တခုလုံးနီးပါးကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ ပေမယ့် ကမ္ဘာ့ အဆင့် စွမ်းရည်တွေကို ဆက်လက် ပြသနိုင်ခဲ့သူ ။

၁၅ ။ သီယာဂို အယ်ကန်ထရာ ( လီဗာပူး )

ဒဏ်ရာကြောင့် ပွဲအချို့ နားနေ ခဲ့ရပေမယ့် လီဗာပူး ကွင်းလယ်ရဲ့ အရေးအပါဆုံး အသက်သွေးကြော အဖြစ် ခြေစွမ်းပြနိုင်ခဲ့သူ ။

၁၄ ။ လူးဝစ် ဒီယာ့ဇ် ( လီဗာပူး )

ရာသီ တဝက် ကို ပေါ်တို ၊ ရာသီ တဝက် ကို လီဗာပူးတို့မှာ ကစားပြီး ၂ သင်း စလုံးမှာ ခြေပေါ်ခဲ့သူ ။ လီဗာပူး အသင်းရဲ့ ပွဲထွက် စာရင်းမှာ အလျှင်အမြန် နေရာရအောင် စွမ်းဆောင် နိုင်ခဲ့သူ ။

၁၃ ။ ခရစ္စတိုဖာ အန်ကွန်ကူ ( လိုက်ပ်ဇစ် )

စူပါ စတားတွေကို ကျော်လွန်ပြီး ဘွန်ဒစ်လီဂါ ရဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူ ၊ တရာသီလုံး ၅၅ ဂိုး ( ၃၅ ဂိုးသွင်း ၊ ဂိုး ၂၀ ဖန်တီး ) ပါဝင် ပတ်သက်ခဲ့သူ ။

၁၂ ။ ဘာနာဒို ဆေးလ်ဗား ( မန်စီးတီး )

ပရီးမီးယားလိဂ် ရဲ့ စွမ်းဆောင်မှု အကောင်းဆုံး ( Power Ranking ) ရဲ့ ထိပ်ဆုံး စာရင်း ဝင်ခဲ့သူ ၊ စီးတီး ရဲ့ အမှတ်ပေး ချန်ပီယံ ဖြစ်ရေးမှာ အရေးပါခဲ့သူ ။

၁၁ ။ အလန်ဇန်းဒါး အာနိုး ( လီဗာပူး )

ဂိုး ဖန်တီးမှု ၂၂ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့တဲ့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ညာနောက်ခံလူ စာရင်းပေါက်သူ ။
၁၀ ။ ဖီးလ် ဖိုဒန် ( မန်စီးတီး )

ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမား ဆုရှင် ၊ မန်စီးတီး ရဲ့ အမှတ်ပေး ဖလား ကို သွင်းဂိုး ၊ ဖန်တီးမှုတွေ နဲ့ ကူညီပေးခဲ့သူ ။

၉ ။ သီဘောက် ကော့တွာ ( ရီးရဲမက်ဒရစ် )

ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုရှင် ၊ ရီးရဲ ကို အမှတ်ပေး ဖလား နဲ့ ဥရောပ ဖလား ရရှိအောင် လက်စွမ်းပြ ကာကွယ် ကူညီပေးခဲ့သူ ။

၈ ။ ကယ်ဗင် ဒီဘရိုင်းနား ( မန်စီးတီး )

ဒဏ်ရာ ပြဿနာ အချို့ ရှိခဲ့ပေမယ့် ဂိုး ၂၀ သွင်း ၊ ၁၈ ဂိုး ဖန်တီးပြီး ရာသီပိတ်သိမ်း နိုင်ခဲ့သူ ၊ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမား ဆုကို နောက်တကြိမ် ရယူ နိုင်ခဲ့သူ ။

၇ ။ လူကာမိုဒရစ် ( ရီးရဲမက်ဒရစ် )

အသက် ၃၇ နှစ် အရွယ်နဲ့ မလိုက်အောင် အကောင်းဆုံး ပုံစံကို ပြသ နိုင်ခဲ့သူ ၊ ရီးရဲ ရဲ့ ချန်ပီယံလိဂ် အောင်ပွဲမှာ အခရာကျတဲ့ ဖန်တီးမှုတွေ ၊ ကစားကွက် ပုံဖော်မှုတွေ ပြုလုပ် နိုင်ခဲ့သူ ။

၆ ။ ဗီနီဆီယပ် ဂျူနီယာ ( ရီးရဲမက်ဒရစ် )

ချန်ပီယံလိဂ် ရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဆုရှင် ၊ ဘန်ဇီးမား နဲ့ အကောင်းဆုံး တွဲဖက်ပြီး ရီးရဲ ကို များစွာ ကူညီ နိုင်ခဲ့သူ ၊ ချန်ပီယံလိဂ် ဖိုင်နယ် ရဲ့ တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ။

 

၅ ။ ခီလီယံ အမ်ဘာပေ ( PSG )

ဥရောပ အောင်မြင်မှု မရှိခဲ့ပေမယ့် တရာသီ အတွင်း ၇၉ ဂိုး အထိ ပါဝင် ပတ်သက် နိုင်ခဲ့သူ ( ၄၈ ဂိုးသွင်း ၃၁ ဂိုး ဖန်တီး ) ။

၄ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ဘိုင်ယန်မြုးနစ် )

၂၀၂၁-၂၂ ရာသီမှာ ၅၆ ဂိုး အထိ သွင်းနိုင်ခဲ့သူ ၊ ဥရောပ ရွှေဖိနပ်ဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့သူ ။

၃ ။ မိုဟာမက် ဆာလာ ( လီဗာပူး )

၂၀၂၁-၂၂ ရာသီ ရဲ့ အကောင်းဆုံး အရှုံးသမား ၊ ပြိုင်ပွဲတိုင်းမှာ ခြေပေါ်ပြီး ( ခါရာဘောင် နဲ့ FA Cup က လွဲရင် ) ဒုတိယ ဆုတွေနဲ့သာ ကျေနပ် ခဲ့ရသူ ၊ လှပတဲ့ ဂိုးတွေကို သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ ရွှေဖိနပ်ကို ( ပူးတွဲ ) ရယူနိုင်ခဲ့သူ ။

၂ ။ ဆာဒီယို မာနေး ( လီဗာပူး )

ဘန်ဇီးမား သာ မရှိခဲ့ဘူး ဆိုရင် ၂၀၂၂ ရွှေဘောလုံး အတွက် အချက်အလက် အရ အကောင်းဆုံး အနေအထားမှာ ရှိခဲ့သူ ၊ အာဖရိက ဖလား ချန်ပီယံဆု အပါအဝင် လီဗာပူး နဲ့ ဖလား ၂ လုံး ထပ်ရခဲ့သူ ၊ ၂၉ ဂိုး သွင်းပြီး ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့သူ ။

၁ ။ ကာရင်ဘန်ဇီးမား ( ရီးရဲမက်ဒရစ် )

ဘန်ဇီးမား ရဲ့ စွမ်းဆောင်ရည်တွေကိုတော့ အပေါ်မှာ ပြောခဲ့ပြီးပါပြီ ။ ရွှေဘောလုံးသာ ရခဲ့မယ် ဆိုရင်တော့ ပြင်သစ်သားတွေဟာ ကစားသမား အရေအတွက် ( ဘန်ဇီးမား အပါအဝင် ၅ ဦး ) မှာရော ဆုရှင် အရေအတွက် ( ဘန်ဇီးမား အပါအဝင် ၇ ကြိမ် ) မှာပါ အအောင်မြင်ဆုံး မှတ်တမ်းထဲကို ဂျာမနီ နဲ့ အတူ ပူးတွဲ ပါဝင် သွားတော့မှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR