၂၀၁၈ ခုနှစ်တုန်းက လီဗာပူး ထက် ခုလီဗာပူး က ပိုကောင်းကြောင်း ပြောကြားရင်း ပြိုင်ဘက် ကွင်းလယ်လူကို ချီးကျူးလိုက်တဲ့ တိုနီခရူးစ်

ရီးယဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ တိုနီခရူးစ် က ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မှီ ၂၀၁၈ ခုနှစ်တုန်းက တွေ့ဆုံခဲ့ရတဲ့ လီဗာပူး ထက် ခုလီဗာပူး အသင်းက ပိုကောင်းကြောင်း ချီးကျူး စကားဆိုလိုက်ပါတယ် ။

ဒါ့အပြင် ခရူးစ်က ပြိုင်ဘက် လီဗာပူး ကွင်းလယ်လူ အယ်ကန်တာရာ ကိုလည်း ချီးကျူး သွားခဲ့ပါတယ် ။ လီဗာပူး နဲ့ ရီးယဲလ် မက်ဒရစ် အသင်းတို့ဟာ ဒီနေ့ည(မြန်မာစံတော်ချိန် မနက်ဖြန်နံနက် ၁:၃၀) မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် ပဲရစ်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့လေးနှစ်တုန်းကလည်း လီဗာပူး နဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် ရင်ဆိုင် ခဲ့ကြဖူးပြီး စပိန် ကလပ် အသင်းက အင်္ဂလန် ကလပ် အသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်စွဲ သွားခဲ့ပါတယ် ။

လီဗာပူး အသင်းဟာ ရီးယဲလ် မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ နှစ်နောက်ပိုင်း နှစ်တွေမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုရော ချန်ပီယံလိဂ် ချန်ပီယံဆုတွေပါ ရယူ နိုင်ခဲ့ပါတယ် ။ ဒီရာသီမှာလည်း လီဗာပူး အသင်းဟာ ဖလား နှစ်လုံး ရယူထားပြီး ဖြစ်တာကြောင့် ချန်ပီယံလိဂ်ဖလားသာ ထပ်ရရင် တစ်ရာသီတည်း ဖလား ၃ လုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်နိုင်မှာပါ။

ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ် ကတော့ ဗိုလ်လုပွဲ မတိုင်မှီ အင်တာဗျူးမှာ ” အရိုးသားဆုံးပြောရရင် လီဗာပူး အသင်းက ၂၀၁၈ ခုနှစ်တုန်းကထက် ပိုကောင်းတဲ့ အသင်း ဖြစ်နေပါပြီ ။ သူတို့ အသင်းက အကောင်းဆုံး ကစားသမားတွေကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သလို ကစားသမားသစ် အချို့လည်း ခေါ်နိုင်ခဲ့ပါတယ် ။ ”

” တီယာဂို ကလည်း လီဗာပူး ကွင်းလယ် အဆင့်အတန်း တစ်ခုရှိနေအောင် လုပ်ဆောင် ပေးထားပါတယ်။ သူတို့ ရဲ့ နောက်တန်းကလည်း အခုချိန်ထိ တောင့်တင်း ကောင်းမွန်နေဆဲပါ ၊ ခြေစွမ်းပိုင်း တည်ငြိမ်မှု နဲ့ ပတ်သက်ပြီး ပြောရရင် ဒီရာသီမှာ လီဗာပူးက ဥရောပ ရဲ့ အကောင်းဆုံး အသင်းပါပဲ ။ ”

” ဒါပေမယ့် အခုက တစ်ပွဲပဲ ကစားရမှာပါ ၊ ကျွန်တော်တို့ မနှစ်က ကွာတားဖိုင်နယ်မှာ သူတို့ကို အနိုင်ယူ ကျော်ဖြတ်ခဲ့တာကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ် ၊ ပြောရရင် နှစ်သင်းစလုံးမှာ ၅၀% စီ အခွင့်အရေး ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လီဗာပူး ပရိသတ်တွေ အတွက် သတင်းကောင်းတစ်ခုကတော့ ဝုလ်ဗာဟမ်တန် နဲ့ ပွဲမှာ ဒဏ်ရာရခဲ့တဲ့ တီယာဂို အယ်ကန်တာရာ ဟာ အခု အခါမှာ ကြံ့ခိုင်မှု ပြည့်ဝ နေပြီ ဖြစ်ပြီး ရီးယဲလ်မက်ဒရစ် နဲ့ ပွဲမှာ ပါဝင် ကစားဖို့ အဆင်သင့် ဖြစ်နေတာ ဖြစ်ပါတယ် ။

SM