အွန်နရီ ၊ ခရစ္စတီယာနို ၊ ဗီဒစ် တို့ရဲ့ မှတ်တမ်းကို ဘယ်သူ လိုက်မီနိုင်မလဲဆိုတာ သုံးသပ်ခန့်မှန်းပေးလိုက်တဲ့ ပေါလ်မာဆင်

 

 

ပရီးမီးယားလိဂ်ရဲ့ ၂၀၂၁ – ၂၀၂၂ ဘောလုံးရာသီ အတွက် တနှစ်တာ အကောင်းဆုံး ကစားသမားဆု ( Player of the Year Award ) စကာတင် စာရင်းကို သောကြာနေ့က ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ် ။ လီဗာပူး နဲ့ မန်ချက်စတာ စီးတီး တို့ဟာ စကာတင် စာရင်းမှာ ကစားသမား ၂ ယောက်စီ နဲ့ အများဆုံး ပါဝင် ခဲ့ကြပြီး ဆောက်သမ်တန် ၊ ဝက်စ်ဟမ်း ၊ အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့စပါး တို့က တယောက်စီ ပါဝင် ခဲ့ကြ ပါတယ် ။

အားလုံးအထဲမှာတော့ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာ နဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား တို့က ရေပန်းအစားဆုံးတွေ အဖြစ် ရှိလာခဲ့ ပါတယ် ။

 

 

 

သူတို့ ၂ ဦး ဟာ သက်ဆိုင်ရာ အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြပြီး ရာသီကုန်ခါနီး အထိ အကျိတ်အနယ် ယှဉ်ပြိုင် နေတဲ့ ပရီးမီးယားလိဂ် ဖလား လုပွဲမှာလည်း ကိုယ်စီ အစွမ်းပြထား ကြပါတယ် ။

ဆာလာ ကတော့ ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်လို့ နေပါတယ် ။

 

 

 

ပေါလ်မာဆင် ကတော့ ကယ်ဗင် ဒီဘရိုင်းနား ရဲ့ ရာသီကုန်ခါနီး အစွမ်းပြျမှုတွေဟာ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆု အားပြိုင်မှုမှာ မိုဟာမက် ဆာလာ ထက် မဲပိုရသွား စေနိုင်တယ်လို့ သုံးသပ် သွားခဲ့ ပါတယ် ။

ဒါပေမယ့် မာဆင် က မိုဟာမက် ဆာလာ ဟာ ဒီဆုနဲ့ အထိုက်တန်ဆုံး ကစားသမား ဖြစ်တယ်ဆိုတာ ကိုတော့ ထည့်သွင်းပြောဆို သွားခဲ့ ပါတယ် ။

 

 

“ကယ်ဗင် ဒီဘရိုင်းနား က ဒီဆု ကို နောက်ကနေ လိုက်ပြီး ကျော်တက်သွားမယ့် ပုံပါပဲ ။ ဒါပေမယ့် ကျွန်တော့ အမြင်မှာတော့ မိုဟာမက် ဆာလာ ဟာ ထိုက်တန်တဲ့ ဆုရှင်ပါ ။ တခါတလေ ကျတော့လည်း ရာသီကုန်တဲ့ အထိ စောင့်ပြီးမှ မဲပေးကြတာက ပိုကောင်းမယ်လို့ ကျွန်တော် တွေးမိပါတယ်”

 

 

 

“အခု ဒီဘရိုင်းနား ရဲ့ ခြေကျင်းဝတ် ( ဒဏ်ရာ ) က ပြန်ကောင်းနေပါပြီ ၊ သူ အရင်လို ပြန်ကြံ့ခိုင်နေပြီး အရင်လိုပဲ ပျံသန်းနေပါတယ် ။ အခြား ကစားသမားတွေ အတွက် သူက တခြားဂြိုဟ်က လာတဲ့သူ တယောက်လို ဖြစ်နေမှာပါ ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သူက တကယ့်ကို ကောင်းမွန် ခဲ့ပါတယ်” လို့ မာဆင် က ပြောဆို သုံးသပ်ခဲ့ ပါတယ် ။

 

 

မိုဟာမက် ဆာလာ ဟာ ဒီရာသီမှာ လီဗာပူး နဲ့ ပရီးမီးယားလိဂ် မှာ ၂၂ ဂိုး သွင်းယူထားပြီး ၁၂ ဂိုး ဖန်တီးပေး ထားခဲ့ ပါတယ် ။

 

ဒီဘရိုင်းနား ကတော့ ရာသီအစောပိုင်းမှာ ဒဏ်ရာကြောင့် နားနေခဲ့ရပြီး ၂၈ ပွဲ ( အမှတ်ပေး ) သာ ကစားခွင့် ရရှိခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ ၂၈ ပွဲမှာ ဘယ်လ်ဂျီယံသား ဟာ ၁၅ ဂိုး သွင်းယူပြီး အသင်းဖော်တွေအတွက် ၇ ကြိမ် ဖန်တီးမှု ပြုလုပ် ပေးထားခဲ့ ပါတယ် ။

 

အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း ဂါဘရီရယ် အဘွန်လဟော် ကတော့ အပြောင်းအလဲကို မြင်တွေ့ လိုပြီး စပါး တောင်ပံ ကစားသမား ဆွန်ဟောင်မင် သာ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

 

ဆွန် ဟာ စပါး ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ပုံဖော်ရာမှာ အဓိက ကျသူ အဖြစ် ပါဝင်နေပြီး လက်ရှိမှာ ၂၁ ဂိုး နဲ့ မိုဟာမက် ဆာလာ ရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ခြိမ်းခြောက်နေသူလည်း ဖြစ်ပါတယ် ။

 

 

“အငြင်းပွားစရာတွေ ရှိတယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် ကျွန်တော့ အတွက်တော့ ဆွန် ပါပဲ ။ သူက ဒီရာသီမှာ ဂိုး ၂၀ ကျော်ကို ပင်နယ်တီ လုံး၀ မပါဘဲ သွင်းထားတာပါ ။ ဘယ်ခြေ ၊ ညာခြေ အစုံရ ပါတယ် ။ တကယ်လို့ ကျွန်တော်သာ မဲပေးခွင့် ရမယ်ဆိုရင် ၁၀၀% ဆွန် ပဲ ဖြစ်မှာပါ” လို့ အဘွန်လဟော် က ပြောဆို သွားခဲ့ ပါတယ် ။

 

 

 

ဒီဘရိုင်းနား ရော ဆာလာ ပါ ပရီးမီးယားလိဂ် ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို တကြိမ်စီ ဆွတ်ခူး ရရှိဖူးကြ ပါတယ် ။ ဆုပေးပွဲ သမိုင်းတလျောက်မှာ သီယာရီ အွန်နရီ ၊ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ နီမန်ဂျာ ဗီဒစ် တို့ ၃ ယောက်သာ အဆိုပါ ဆုကို ၂ ကြိမ်စီ ရယူထားနိုင်ကြပါတယ် ။

 

အကယ်၍ ဒီဘရိုင်း နဲ့ ဆာလာ တို့အနက်က တဦးဦး ရခဲ့မယ် ဆိုရင်တော့ ၂ ကြိမ် ရယူနိုင်တဲ့ စတုတ္ထမြောက် ကစားသမား ဖြစ်လာမှာ ဖြစ်ပြီး ဆွန်ဟောင်မင် ရသွားခဲ့မယ် ဆိုရင်တော့ အာရှ ကစားသမားတွေထဲက ပထမဆုံး ရယူနိုင်သူ ဖြစ်လာမှာပဲ ဖြစ်ပါတယ် ။

 

 

 

SPORTS MYANMAR